ထိုင်းက မြန်မာဘက် ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ စလက်ခံ

ကွာရန်တင်း စင်တာတွေမှာ ၂၁ ရက် နေရမှာ ဖြစ်ပြီး အိမ်မှာ ၇ ရက်ဆက် ကွာရန်တင်း ဝင်ရမယ်

ဓာတ်ပုံ ရင်းမြစ်, စောကညောထူး

ဓာတ်ပုံ ပုံစာ, ကွာရန်တင်း စင်တာတွေမှာ ၂၁ ရက် နေရမှာ ဖြစ်ပြီး အိမ်မှာ ၇ ရက်ဆက် ကွာရန်တင်း ဝင်ရမယ်

ထိုင်းနိုင်ငံကနေ မြန်မာပြည်ပြန်လာဖို့ စာရင်းပေးထားတဲ့ သောင်းနဲ့ချီတဲ့ မြန်မာလုပ်သားတွေကို ထိုင်း-မြန်မာနယ်စပ် မြဝတီ အမှတ်၂ တံတားကနေ ဒီနေ့ မေ ၁ ရက်နေ့မှာ စတင်လက်ခံနေပါပြီ။

ပထမအသုတ်အနေနဲ့ ပြန်လာသူ ၅၁ ဦးထဲမှာ မဲဆောက်က အများဆုံး ဖြစ်ပြီး သူတို့တွေဟာ ထိုင်းမှာ စက်ရုံတချို့ ပိတ်လိုက်တာကြောင့်နဲ့ လုပ်ငန်းတွေ လျှော့ချလိုက်တာကြောင့် ပြန်လာကြတာ ဖြစ်ပါတယ်။

"အိုတီ(အချိန်ပိုကြေး)ရမယ့်ဟာ မရတော့ဘူးလေဗျာ။ အဲလိုတွေ ဖြစ်သွားတာ။ ကျန်တဲ့ကိစ္စတွေကတော့ ဆန်စျေး၊ ဆန်စျေး ခေါ်မှာပေါ့ အဲတာလေးတွေ နည်းနည်းလေး တက်လာတယ်။ အဲဒါတက်လာတော့ ရတဲ့လခနဲ့ ကိုယ်၀ယ်စားရတဲ့ဟာနဲ့ အပိုငွေ မရှိတော့ဘူး" လို့ မဲဆောက်မှာ အလုပ်လုပ်ခဲ့ပြီး အခုတော့ စစ်ကိုင်းဘက်က နေရပ်ကို ပြန်မယ့် ကိုဇော်နိုင်ဝင်း ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်တုန်းကလည်း ထိုင်းရောက် မြန်မာလုပ်သား ၄ သောင်းလောက် ပြန်လာခဲ့ကြပါသေးတယ်။

အဲ့ဒီတုန်းက ပြန်ဝင်လာကြသူတွေထဲ တစ်ဦးမှာ ကိုဗစ်-၁၉ ပိုး တွေ့ခဲ့ပြီးတဲ့နောက် အစိုးရက ဧပြီ ၃၀ နောက်ပိုင်းမှ ပြန်လာကြဖို့ ပန်ကြားခဲ့တာကြောင့် အခု မေလ ၁ ရက်နေ့ကျမှ ပြန်ပြီးလက်ခံနေတာ ဖြစ်ပါတယ်။

ဒီတခေါက်မှာတော့ လူပေါင်း ၁၆၀၀၀ ကျော် ပြန်လာဖို့ စာရင်းပေးထားတယ်လို့ မြဝတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

မြဝတီမှာ လူ ၂ ထောင်စာဆံ့တဲ့ ကွာရန်တင်းစင်တာ ၁၀ ခုကို အသင့်ပြင်ထားတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, စောကညောထူး

ဓာတ်ပုံ ပုံစာ, မြဝတီမှာ လူ ၂ ထောင်စာဆံ့တဲ့ ကွာရန်တင်းစင်တာ ၁၀ ခုကို အသင့်ပြင်ထားတယ်လို့ဆို

ပြန်ဝင်လာသူတွေကို ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေ ပေးနေတဲ့ မြဝတီခရိုင် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးအောင်နိုင်ဦးက "ထိုင်းနိုင်ငံကလည်း သူတို့ရဲ့ State Emergency အခြေအနေကို မေလ ၃၁ ရက်နေ့ အထိ ချမှတ်ထားတယ်လို့ ကြားတယ်။

တာ့ခ်ခရိုင် အတွင်းက မြန်မာနိုင်ငံသားတွေကတော့ ပြန်ဝင်ရောက်လာနိုင်တယ်လို့တော့ ကျွန်တော်တို့ ကြားပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ကိုယ့်နိုင်ငံသားတွေ ပြန်လာတဲ့အခါကျလို့ရှိရင် နွေးနွေးထွေးထွေး ကြိုဆိုဖို့ စောင့်နေတာပါ" လို့ ပြောပါတယ်။

ပြန်ဝင်လာကြမယ့်သူတွေဟာ ကိုဗစ်-၁၉ ပိုးရှိမရှိ စောင့်ကြပ်ကြည့်ရှုမယ့် ကွာရန်တင်းစင်တာတွေမှာ ၂၁ ရက် နေရမှာ ဖြစ်ပြီး ဒီနောက်တော့ ကိုယ့်နေအိမ်ကိုပြန်၊ အဲ့ဒီမှာ ၇ ရက်ကြာ ကွာရန်တင်းဝင်ရမယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ကရင်နဲ့ မွန်ပြည်နယ် စတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ နေရပ်ပြန်တွေအတွက် ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမယ့် ကွာရန်တင်းစင်တာတွေ အသင့်ပြင်ထားသလို မြဝတီမှာလည်း လူ ၂ ထောင်စာဆံ့တဲ့ ကွာရန်တင်းစင်တာ ၁၀ ခုကို အသင့်ပြင်ထားတယ်လို့ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "သိန်းဂဏန်းထိများနိုင်တဲ့ ပြည်တော်ပြန်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုအစီအစဥ်တွေ" ကို လုပ်ဆောင်ရမယ့် အကြောင်းသူ့ရဲ့ Aung San Suu Kyi Facebook စာမျက်နှာမှာ ဒီကနေ့ ရေးသားထားပါတယ်။