ကိုရိုနာဗိုင်းရပ်စ်-အသက်ရှူစက်တွေ ထုတ်ဖို့ ကားကုမ္ပဏီတွေကို သမ္မတ ထရမ့် အမိန့်ပေး

ဓာတ်ပုံ ရင်းမြစ်, Reuters
ကိုရိုနာဗိုင်းရပ်စ် လူနာတွေအတွက် အသက်ရှူစက်တွေထုတ်ဖို့ General Mortor နဲ့ ဖို့ဒ်ကားကုမ္ပဏီတွေကို သမ္မတ ထရမ့် က အမိန့်ပေးထားပါတယ်။
နိုင်ငံတော်ကာကွယ်ရေးအတွက် ထုတ်ကုန်တွေထုတ်ဖို့ ကုမ္ပဏီတွေကို ညွှန်ကြားစေခိုင်းနိုင်တဲ့ ဥပဒေအရ သူက အခုလို ညွန်ကြားတာဖြစ်ပါတယ်။
ဒါပေမဲ့ GM ကုမ္ပဏီဟာ အစောပိုင်းတုန်းက အသက်ရှူစက် လေးသောင်းကျော်ထုတ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အခုတော့ ခြောက်ထောင်လောက်ပဲ ပေးနိုင်တယ်လို့ပြောလာတဲ့အပြင် ဈေးတွေလည်း ပိုတင်လာတယ်လို့ ထရမ့်က သူ့ရဲ့ တွစ်တာအကောင့်မှာရေးသားထားပါတယ်။
GM ဘက်ကတော့ ဧပြီလတစ်လစာအတွက် အသက်ရှူစက်အနည်းဆုံး အလုံးရေ တစ်သောင်း ထုတ်လုပ်ပေးနိုင်မယ်လို့ မတ် ၂၇ ရက်က တုံ့ပြန်ပြောကြားထားပါတယ်။
ပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်၁၉ ဟာ ကူးစက်ခံရသူရဲ့အဆုတ်ကိုအပြင်းအထန် တိုက်ခိုက်တဲ့အတွက် လူနာတွေမှာ အသက်ရှူစက်ဟာ အသက်တမျှ အရေးကြီးနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်တည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အမေရိကန်ဟာ ဗိုင်းရပ်စ်ကူးစက်ရာ နောက်ထပ် ဗဟိုချက်တစ်ခုဖြစ်လာမယ်လို့ သတိပေးခဲ့ပါတယ်။
အဲဒီကတည်းက နယူးယောက်မှာ အသက်ရှူစက်အပါအဝင် ရောဂါကာကွယ်ကုသရေးပစ္စည်းကိရိယာတွေမလုံလောက်ဘူးလို့ အာဏာပိုင်တွေကပြောထားပါတယ်။
ကျန်းမာရေးသုတေသနအဖွဲ့တစ်ခုရဲ့ တွက်ချက်အရ အမေရိကန်မှာ ဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်နေချိန် အထူးကြပ်မတ်ကုသမှုပေးရမယ့် လူနာ တစ်သိန်းနီးပါးဟာ အသက်ရှူစက်တွေလိုအပ်လာလိမ့်မယ်လို့ ဆိုပါတယ်။
နယူးယောက်ပြည်နယ်က အသက်ရှူစက် အလုံးရေ ၃၀,၀၀၀ လိုအပ်နေတယ်လို့ တောင်းဆိုထားပေမယ့် သမ္မတထရမ့်က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာတော့ ဒါက အတော်လေးများပြားတဲ့ တွက်ချက်တောင်းဆိုမှုတစ်ခုလိုပဲ ပြောခဲ့ပါတယ်။
နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ဒါက အချက်အလက်တွေပေါ်မှာ အခြေခံပြီး တွက်ချက်တောင်းဆိုတာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
လူဝီစီးယားနားပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း လာမယ့် ဧပြီ ၂ ရက်လောက်မှာဆို အသက်ရှူစက်တွေလုံးဝပြတ်လပ်သွားနိုင်တယ်လို့ ပြောပါတယ်။
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း တစ်သိန်းလေးထောင်ကျော်ရှိလာပြီး ဒါဟာ ကမ္ဘာပေါ်မှာ ကူးစက်ခံရသူအများဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။
နယူးယောက်ပြည်နယ်တစ်ခုတည်းမှာတင် ဗိုင်းရပ်စ် ကူးစက်ခံရသူ လေးသောင်းခွဲကျော်၊ သေဆုံးသူ ၅၁၉ ဦးနဲ့ နယူးယောက်ဟာ ဗိုင်းရပ်စ်ကူးစက်ရာ ဗဟိုချက်ဖြစ်လာနေပါတယ်။
တစ်နိုင်ငံလုံးမှာဆို စုစုပေါင်း သေဆုံးသူ ၁၇၀၀ ကျော် ရှိပါတယ်။
ရုရှမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာတယ်ဆိုတဲ့ကိန်းဂဏန်းတွေမတွေ့ရပေမယ့် သမ္မတပူတင်က ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ကန့်သတ်ပိတ်ပင်မှုတွေ လုပ်လိုက်ပြီဖြစ်ပါတယ်။

အစိုးရက လူတွေကို အိမ်ထဲမှာပဲနေကြဖို့ ပြောထားပါတယ်။
အာဏာပိုင်တွေ ပြောကြားချက်အရဆိုရင် ဒီညွှန်ကြားချက်ဟာ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဧပြီလ ၅ ရက်နောက်ပိုင်း ထပ်သက်တမ်းတိုး နိုင်တဲ့အလားအလာရှိနေပါတယ်။
ရုရှမှာ ကိုဗစ်၁၉ ကူးစက်ခံရသူပေါင်း ၁၀၀၀ ကျော်ရှိနေပြီး အများစုဟာ မြို့တော် မော်စကိုက ဖြစ်ပါတယ်။

အီတလီမှာမနေ့ကတစ်ရက်တည်း လူ ၉၀၀ ကျော်ဗိုင်းရပ်စ်နဲ့ သေဆုံးပြီး ဒါဟာ တစ်ရက်တည်းသေဆုံးတဲ့အရေအတွက်အမြင့်ဆုံးဖြစ်ပါတယ်။ ကူးစက်သူ ခြောက်ထောင်ခန့် ထပ်တွေ့ခဲ့ရပြီး စုစုပေါင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၆,၅၀၀ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အီတလီမှာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉,၁၃၄ ဦးရှိလာပြီး ကမ္ဘာပေါ်မှာ သေဆုံးမှုအများဆုံးရပ်တည်နေပါတယ်။
အီတလီဟာ ဗိုင်းရပ်စ်ကူးစက်မှုအဆိုးဆုံးအခြေအနေကို ရင်ဆိုင်နေရပြီး တစ်နိုင်ငံလုံး အဝင်အထွက်တွေအကုန်ပိတ်ဆို့ထားရသလို လူတွေထဲ အိမ်ထဲက အိမ်ပြင်မထွက်ဘဲနေနေရတာပါ။
မနေ့က အစောပိုင်းကတော့ အာဏာပိုင်တွေက အခုလို ကန့်သတ်ပိတ်ပင်မှုဟာ ဧပြီ ၃ ရက်နောက်ပိုင်း သက်တမ်းထပ်တိုးနိုင်ဖို့ အလားအလာရှိတယ်လို့ သတိပေးပါတယ်။
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်နဲ့သေဆုံးသူ ၂၇,၀၀၀ ကျော်ရှိလာပြီး ကူးစက်ခံရသူအရေအတွက်က ခြောက်သိန်းနား (၅၉၇,၀၀၀) ကပ်လာပါပြီ။
အီတလီက ၉၀၀၀ ကျော်နဲ့ သေနှုန်းအများဆုံးဖြစ်ပြီး သူ့နောက်မှာ စပိန်က ၅၀၀၀ ကျော်နဲ့ ဒုတိယ၊ တရုတ်က ၃၀၀၀ ကျော်နဲ့ အီရန်က ၂၀၀၀ ကျော် ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ဂျွန်စ်ဟော့ပ်စ်ကင်းတက္ကသိုလ်သုတေသနဖော်ပြချက်မှာ တွေ့ရှိရပါတယ်။








