တွမ်ဟန့်တို့ ဇနီးမောင်နှံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ - ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းများ

"ပင်ပန်းနေတယ်၊ ချမ်းစိမ့်ပြီးတော့၊ ခန္ဓာကိုယ်က ယားတယ်၊ ရီတာလည်း ချမ်းစိမ့်စိမ့် ခံစားနေရပြီး၊ ဖျားချင်နေပြီ"

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, "ပင်ပန်းနေတယ်၊ ချမ်းစိမ့်ပြီးတော့၊ ခန္ဓာကိုယ်က ယားတယ်၊ ရီတာလည်း ချမ်းစိမ့်စိမ့် ခံစားနေရပြီး ဖျားချင်နေပြီ"

အမေရိကန် မင်းသားကြီး တွမ်ဟန့်တို့ ဇနီးမောင်နှံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

သြစတေးလျရောက်နေတဲ့ ကမ္ဘာကျော် အမေရိကန်မင်းသားကြီး တွမ်ဟန့်နဲ့ သူ့ဇနီး ရီတာဝစ်ဆမ်တို့ ကိုရိုနာဗိုင်းရစ် ကူးစက်ခံခဲ့ရပြီလို့ သိရပါတယ်။

သြစတေးလျနိုင်ငံ ကွင်းစလန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရရတဲ့ လက္ခဏာတွေကိုခံစားရပြီးနောက် တွမ်ဟန့်တို့ဇနီးမောင်နှံ က ကျန်းမာရေးဆိုင်ရာ အကြံပေးချက်တွေကို ရှာဖွေလုပ်ဆောင်နေရပါတယ်။

အခုတော့ သီးခြားခွဲထုတ်နေထိုင်ဖို့အတွက် သူတို့ လုပ်နေပါတယ်လို့ ပြောပါတယ်။

မင်းသားကြီး တွမ်ဟန့် ပါဝင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်အများအပြားကို မြန်မာပရိတ်သတ်တွေကလည်း အားပေးနှစ်ခြိုက်ခဲ့ကြပါတယ်။ ကပ္ပတိန်ဖိလစ်လို ရုပ်ရှင်ဇတ်ကားတွေလည်း အပါအဝင်ဖြစ်ပါတယ်။

"ပင်ပန်းနေတယ်၊ ချမ်းစိမ့်ပြီးတော့၊ ခန္ဓာကိုယ်က ယားတယ်၊ ရီတာလည်း ချမ်းစိမ့်စိမ့် ခံစားနေရပြီး ဖျားချင်နေပြီ" လို့ တွမ်ဟန့်က သူ့အင်စရာဂရမ်မှာတင်ခဲ့ပါတယ်။

ကမ္ဘာကြီးက လုပ်သင့်တာတွေကို အမြန်လုပ်ဖို့လိုပါပြီ။ ကျွန်တော်တို့လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပါပြီလို့ လည်းရေးသားပါတယ်။

ဗီဒီယို ပုံစာ, တောင်ကိုရီးယားနဲ့ အီရန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာ

ကိုးရီးယားရောက်မြန်မာနဲ့ အခြားနိုင်ငံသားများ ဗိုင်းရပ်စ် မရှိမှ မြန်မာနိုင်ငံကို အဝင်ခံမည်

ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေသာမက အခြားနိုင်ငံသားတွေအားလုံး ကိုရိုနာဗိုင်းရပ်စ် ကင်းစင်မှသာ ပြည်ဝင်ခွင့်ပေးမယ်လို့ ကိုရီးယားနိုင်ငံ မြန်မာသံရုံးကနေ မတ်လ ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီသတ်မှတ်ချက်က ဒီကနေ့ မတ်လ ၁၂ နေ့မှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကို ဝင်လိုတဲ့နိုင်ငံခြားသားတွေသာမက၊ မြန်မာနိုင်ငံသားတွေအားလုံးက နီးစပ်ရာ၊ ဆေးခန်း၊ ဆေးရုံတွေမှာ ကြိုတင်စစ်ဆေးမှုတွေကို လုပ်ဆောင်ကာ၊ အဲဒီကထောက်ခံတဲ့ ဗိုင်းရပ်စ်ကင်းရှင်းတဲ့ ထောက်ခံစာ တင်ပြ နိုင်မှသာ ပြည်ဝင်ခွင့်ပြုမှာလို့ သံရုံးကထုတ်ပြန်ထားပါတယ်။

ဗီဒီယို ပုံစာ, တောင်ကိုရီးယားက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု

လက်ရှိအချိန်အထိ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်က ၇၇၀၀ ကျော်အထိ ရှိနေပါတယ်။ တရုတ်၊ အီတလီနဲ့ အီရန်နိုင်ငံတွေပြီးရင် ကူးစက်မှု အများဆုံးနိုင်ငံတွေလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်ဟာ ကမ္ဘာတလွှားဖြစ်ပွားနေပြီ ဖြစ်တဲ့ ကူးစက်ကပ်ရောဂါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ သတ်မှတ်လိုက်ပါတယ်။

အမေရိကန်မှာဆိုရင်တော့ လူပေါင်း ၁၁၃၅ ယောက် ကူးစက်ခံနေရပြီး၊ သေဆုံးသူကလည်း ၃၈ ယောက် အထိရှိနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်မှာဆိုရင်တော့ လူပေါင်း ၁၁၃၅ ယောက် ကူးစက်ခံနေရပြီး၊ သေဆုံးသူကလည်း ၃၈ ယောက် အထိရှိနေ

ကိုရိုနာကြောင့် ဥရောပနိုင်ငံတွေက ခရီးသည်တွေကို အမေရိကန် စတင်ပိတ်ပင်

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေရှိနေတဲ့ ဥရောပနိုင်ငံတွေက ခရီးစဉ်တွေ၊ ခရီးသည်တွေ အကုန်လုံးကို သမ္မတ ဒေါ်နယ်ထရမ့်က တားမြစ်ပိတ်ပင်လိုက်ပါတယ်။

နောက်ထပ် ရက်ပေါင်း ၃၀အတွင်း ဥရောပရဲ့ ဘယ်နိုင်ငံတွေကခရီးသည်တွေ အမေရိကန်ကို လာတာပိတ်ပင် သွားမယ်လို့ ရုပ်မြင်သံကြားက တဆင့် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

အခုလိုပိတ်ပင်ဖို့က အသေအချာကိုလိုအပ်နေပါတယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ အဲဒီတားမြစ်ချက် ထဲမှာတော့ ဗြိတိန်မပါပါဘူး။ ဗြိတိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတာဆိုရင် ၄၆၀ လောက်ရှိနေပါပြီ။

အမေရိကန်မှာဆိုရင်တော့ လူပေါင်း ၁၁၃၅ ယောက် ကူးစက်ခံနေရပြီး၊ သေဆုံးသူကလည်း ၃၈ ယောက် အထိရှိနေပါပြီ။

"အမေရိကန်ကို နောက်ထပ်ကူးစက်မှုတွေထပ်ရှိလာနေမယ်ဆိုရင်တော့ ဥရောပနိုင်ငံအားလုံးကနေ အမေရိကန်ကို လာရောက်နေတာတွေကိုပါ ရက် ၃၀ ရပ်ဆိုင်းထားရပါမယ်" လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

အခုထုတ်လိုက်တဲ့ အမိန့်အသစ်က သောကြာနေ့ညပိုင်းမှာ စတင်အသက်ဝင်မယ်လို့လည်း သူကပြောပါတယ်။

လာမဖြေတဲ့ အရေအတွက် ၆ သောင်းကျော်ထဲမှာ ရန်ကုန်တိုင်းက လာမဖြေတဲ့ အရေအတွက်က အများဆုံးဖြစ်
ဓာတ်ပုံ ပုံစာ, လာမဖြေတဲ့ အရေအတွက် ၆ သောင်းကျော်ထဲမှာ ရန်ကုန်တိုင်းက လာမဖြေတဲ့ အရေအတွက်က အများဆုံးဖြစ်

တက္ကသိုလ်ဝင်စာမေးပွဲ လာမဖြေသူ ခြောက်သောင်းကျော်ရှိ

မတ်လ ၁၁ရက်နေ့ကစတင်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို လာရောက်ဖြေဆိုခြင်းမရှိသူ ခြောက်သောင်းကျော်ရှိတယ်လို့ နိုင်ငံပိုင်သတင်းစာမှာဖော်ပြပါတယ်။

အဲဒီလိုလာမဖြေတဲ့ အရေအတွက် ၆ သောင်းကျော်ထဲမှာ ရန်ကုန်တိုင်းက လာမဖြေတဲ့ အရေအတွက်က အများဆုံးဖြစ်ပြီး တသောင်းကျော်အထိရှိနေပါတယ်။

လက်ရှိ တပ်မတော်နဲ့ အေအေတို့အကြားတိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ လာရောက်မဖြေဆိုသူအရေအတွက်က လေးထောင်ကျော်ရှိပါတယ်။

လာရောက်မဖြေဆိုတဲ့ အရေအတွက် ဒုတိယအများဆုံးက ဧရာဝတီတိုင်းဖြစ်ပြီး ရှစ်ထောင်ကျော်ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စစ်ကိုင်းနဲ့ မန္တလေးတို့က အများဆုံးဖြစ်ကာ ဦးရေ ၆ ထောင်ကျော်အထိရှိနေပါတယ်။

စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ဦးရေမှာ ၉၇၁,၄၀၇ ဦး အထိရှိပြီး အမှန်တကယ်လာရောက်ဖြေဆိုသူမှာ ၉၁၀,၂၇၃ သာရှိတဲ့အတွက် လာရောက်မဖြေဆိုသူ ၆သောင်းကျော်အထိရှိ
ဓာတ်ပုံ ပုံစာ, စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ဦးရေမှာ ၉၇၁,၄၀၇ ဦး အထိရှိပြီး အမှန်တကယ်လာရောက်ဖြေဆိုသူမှာ ၉၁၀,၂၇၃ သာရှိတဲ့အတွက် လာရောက်မဖြေဆိုသူ ၆သောင်းကျော်အထိရှိ

၂၀၂ဝ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့အတွက် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ဦးရေမှာ ၉၇၁,၄၀၇ ဦး အထိရှိပြီး အမှန်တကယ်လာရောက်ဖြေဆိုသူမှာ ၉၁၀,၂၇၃ သာရှိတဲ့အတွက် လာရောက်မဖြေဆိုသူ ခြောက်သောင်းကျော် အထိရှိခဲ့ပါတယ်။

မတ်လ ၁၁ ရက်နေ့ကစပြီး မြန်မာတနိုင်ငံလုံးက စာစစ်ဌာန ၁၉၈၄ ခု၊ နိုင်ငံခြားစာစစ်ဌာန ၁၅ ခုတို့မှာ တက္ကသိုလ်ဝင်စာမေးပွဲတွေကို ကျင်းပနေပြီဖြစ်ပါတယ်။

ဖြေဆိုသူ ကျောင်းသူ၊ ကျောင်းသား ကိုးသိန်းကျော်ထဲမှာ အကျဉ်းထောင်အတွင်းက ဖြေဆိုသူ ၁၉၁ ဦး၊ မသန်စွမ်းကျောင်းသား၊ ကျောင်းသူ ဖြေဆိုသူ ၂၂၉ ဦးအထိပါဝင်ပါတယ်။