ခရီးသည် ၁၈၀ လိုက်ပါလာတဲ့ ယူကရိန်းလေယာဉ် အီရန်မှာ ပျက်ကျ

လေယာဉ်ပျက်ကျမှုမှာ တစ်ဦးတစ်ယောက်မှ အသက်ရှင်နိုင်ဖွယ် မရှိ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လေယာဉ်ပျက်ကျမှုမှာ တစ်ဦးတစ်ယောက်မှ အသက်ရှင်နိုင်ဖွယ် မရှိ

ခရီးသည် ၁၈၀ လိုက်ပါလာတဲ့ ယူကရိန်းက ဘိုးအင်း 737 လေယာဉ်ဟာ ဇန်နဝါရီ ၈ ရက်နေ့ မနက်အစောပိုင်းမှာ အီရန်နိုင်ငံတွင်း ပျက်ကျခဲ့တယ်လို့ ပြည်တွင်းမီဒီယာမှာ ဖော်ပြနေကြပါတယ်။

ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ အီရန်နိုင်ငံ တဟီရန်မြို့တော် အီမန်ခုမ်မီနီလေယာဉ်ကွင်းကနေ ပျံတက်ပြီးပြီးချင်းမှာပဲ ပျက်ကျခဲ့တာလို့ နိုင်ငံပိုင် Fars သတင်းဌာနက ပြောပါတယ်။

ဒီလေယာဉ်ဟာ ကနဦးကတော့ အီရန်နိုင်ငံကနေ ယူကရိန်းမြို့တော် ကီယက်ဗ်ကို ထွက်ခွာဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အီရန် ကြက်ခြေနီအဖွဲ့ခေါင်းဆောင်ကတော့ လေယာဉ်ပျက်ကျမှုမှာ တစ်ဦးတစ်ယောက်မှ အသက်ရှင်နိုင်ဖွယ် မရှိဘူး လို့ နိုင်ငံပိုင်မီဒီယာကို ပြောပါတယ်။

ယူကရိန်း သမ္မတ ဗလော်ဒီမာ ဇလန်းစကီး ကတော့ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းနဲ့ သေဆုံးသူအရေအတွက်ကို သိနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ခရီးသည်တွေနဲ့ လေယာဉ်ပေါ်က ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေကိုလည်း ဝမ်းနည်းစာနာမိတယ်ဆိုပြီးတော့လည်း သမ္မတရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လေယာဉ်ပျက်ကျမှုဟာ အီရန်နဲ့ အမေရိကန်အကြား စစ်ရေး တင်းမာမှုနဲ့ ဆက်စပ်သလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေယာဉ်ပျက်ကျမှုဟာ အီရန်နဲ့ အမေရိကန်အကြား စစ်ရေး တင်းမာမှုနဲ့ ဆက်စပ်သလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လေယာဉ်ပျက်ကျမှုဟာ အီရန်နဲ့ အမေရိကန်အကြား စစ်ရေး တင်းမာမှုနဲ့ ဆက်စပ်သလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အခုတော့ လေယာဉ်ပျက်ကျခဲ့တဲ့ လေဆိပ်နားကို ကူညီကယ်ဆယ်ရေး အဖွဲ့တွေ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

"ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်တော့ လေယာဉ်က မီးလောင်နေပါပြီ၊ ခရီးသည် တချို့ကိုတော့ ကျွန်တော်တို့ ကယ်တင်နိုင်ဖို့ မျှော်လင့်ပါတယ်" လို့ အီရန် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် Pirhossein Koulivand က နိုင်ငံပိုင်ရုပ်သံသတင်းဌာနကနေ တဆင့်ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။