အပစ်ရပ် ကြေညာအပြီး ရခိုင်တိုက်ပွဲပြင်းထန်၊ တပ်မတော်က ဒရုန်းတွေနဲ့ ညလုံးပေါက် တိုက်တယ်လို့ဆို

ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့မှာ တစ်ဖက်သတ် အပစ်ရပ်စဲတယ်လို့ တတိယအကြိမ် ကြေညာလိုက်ပြီး နောက်တစ်နေ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ ချင်းပြည်နယ် တောင်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲတွေက မင်းပြား၊ မြေပုံ၊ အမ်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ဖြစ်ခဲ့တာပါ။

မြေပုံမြို့နယ်က တိုက်ပွဲတွေမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် မောင်းသူမဲ့ ဒရုန်းတွေနဲ့ တစ်ညလုံးနီးပါး တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂ ရက် မနက်ပိုင်းမှာ မြေပုံမြို့နယ် စညှင်းကျေးရွာအနီး၊ ပလက်ဝမြို့နယ် ကွီသောင်ရွာအနီး ၊ နေ့လယ်ပိုင်းမှာ မင်းပြားမြို့နယ် ရာမောင်တံတားအနီး ဖားပျော်ကျေးရွာအရှေ့ဘက်၊ ညနေပိုင်းမှာ အမ်းမြို့နယ် ကဇူးကိုင်းနဲ့ ဒလချောင်းအတွင်းက နေရာတွေမှာ ဖြစ်ခဲ့တာပါ။

အပစ်ရပ် ကြေညာချက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ ဖြစ်တဲ့ ကိုးကန့် MNDAA၊ တအာင်း/TNLA၊ ရခိုင်/AA တို့ပါဝင်ပါတယ်။

"အရင်နှစ်ကြိမ်သက်တမ်းတိုးခဲ့တုန်းကတော့ မြန်မာစစ်တပ်ဖက်က ထိုးစစ်ရပ်ထားမယ်ဆိုတဲ့ဥစ္စာကို အခွင့်ကောင်းယူပြီး အင်အားအလွန်အကျွံသုံးပြီးတော့ ကျွန်တော်တို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာရှိတယ်။ အခုလည်းပဲ ထပ်ပြီးတော့ ထိုးစစ်ဆင်နေခဲ့တဲ့အတွက် ဇန်နဝါရီ ၃ ရက်နေ့အထိ တိုက်ပွဲတွေက မနားတမ်း ဆက်ဖြစ်နေတယ်"လို့ ရက္ခိုင့်တပ်တော်/အေအေက ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

တပ်မတော်ဘက်ကတော့ အပစ်ရပ်ကြေညာထားတဲ့ အဖွဲ့တွေ အပြောနဲ့အလုပ်ညီဖို့လိုတယ်ဆိုပြီး ပြောဆိုထားပါတယ်။

မြေပြင်တိုက်ခိုက်မှုမရှိတဲ့နေရာမှာ ဒရုန်းနဲ့တိုက်တယ်လို့ဆို

ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ဘက်တွေမှာလည်း မြေပြင်ထိုးစစ်တိုက်ခိုက်တာတွေ မရှိပေမယ့် မောင်းသူမဲ့ ဒရုန်းလေယာဉ်ငယ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း ရဟတ်ယာဉ်တွေ၊ ဂျက်လေယာဉ်တွေနဲ့ တပ်မတော်ဘက်က လာရောက်ပစ်ခတ်မှုတွေရှိခဲ့သလို လက်နက်ကြီးပစ်ကူတွေကိုလည်း တော်တော်များများလုပ်ခဲ့ကြောင်းနဲ့ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကနေ မြေပုံမြို့နယ်က အဲ့ဒီနယ်မြေအတွင်းမှာ လက်နက်ကြီးတွေပစ်ခတ်နေတဲ့အတွက် အနည်းဆုံး ကျေးရွာ ၅ ရွာလောက်က ဒေသခံတွေဟာ ကမ်းထောင်းကြီးဘက်ကို ထွက်ပြေးခဲ့ကြတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အရင်ကလည်း ဒီလိုတိုက်ပွဲတွေကို တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ခဲ့သလို တပ်မတော်ဘက်ကလည်း ထုတ်ပြန်ခဲ့တာတွေ ရှိပါတယ်။

အခုလိုမျိုး တစ်ဖက်သတ် အပစ်အခတ် ရပ်စဲတယ်ဆိုတာတွေဟာ နောက်ထပ်လည်း ဖြစ်လာနိုင်တဲ့ အနေအထားမျိုး ရှိနေပြီး တိုက်ခိုက်မှုတွေ ဖြစ်ပွားနေကြတဲ့ နှစ်ဖက်တပ်တွေဟာ တွေ့ဆုံညှိနိုင်းပြီးတော့ သဘောတူရပ်စဲပြီးမှ စိတ်ချရမယ်လို့ ရှုမြင်ကြောင်း ဦးဖေသန်းက ပြောပါတယ်။

မနေ့ကတစ်ရက်တည်းမှာ မင်းပြားမြို့နယ်က ဖားပျော် (ရခိုင်) ကျေးရွာသားတွေဟာ နီးစပ်ရာကျေးရွာတွေကို ရောက်ရှိနေကြပြီး မြေပုံမြို့နယ်အတွင်းက စညှင်း၊ ဟင်ခရော်၊ ဆတ်ရ၊ အင်ကြင်းနဲ့ နောက်ထပ်ကျေးရွာတစ်ရွာက လူဦးရေ ၂၀၀၀ ကျော်တို့ဟာ ကမ်းထောင်းကြီး၊ စိတ္တရနဲ့ ညောင်ကန်စတဲ့ကျေးရွာတွေဘက်ကို ထွက်ပြေး ရောက်ရှိနေပါတယ်။

လောင်းချောင်းနယ်ခြားစောင့်ရဲကင်းစခန်းရုပ်သိမ်းပြီး စခန်းမီးလောင်

ဇန်နဝါရီ ၂ ရက်နေ့ည သန်းခေါင်ကျော်အချိန်လောက်မှာ ရသေ့တောင်မြို့နယ် မေယုကမ်းဘက်မှာရှိတဲ့ လောင်းချောင်း နယ်ခြားစောင့် ရဲကင်းစခန်းကို ရုပ်သိမ်းလိုက်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ စခန်းကထွက်လာခဲ့ချိန်မှာ စခန်းရဲ့ အဆောက်အအုံတချို့ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီစခန်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂၀ လောက် အထိုင်နေရာယူထားတဲ့ စခန်းဖြစ်ပါတယ်။ သူတို့ကို တပ်မတော် စစ်ကြောင်း တစ်ခုက နေ့လယ်ပိုင်းမှာ ခေါ်သွားပြီးနောက် ညအချိန်မှာ စခန်းမီးရှို့ခံရတာ ဖြစ်ပါတယ်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက ဘာကြောင့် စခန်းကို စွန့်ခွာသွားတယ်၊ ဘယ်သူတွေက မီးရှိုတယ်ဆိုတာကိုတော့ သေသေချာချာ မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို နယ်ခြားစောင့်စခန်း မီးလောင်မှု မဖြစ်ပွားခင် အဲဒီ ဒေသအတွင်းက စေတီပြင် နယ်ခြားစောင့်စခန်းကနေ လစာထုတ်ပြီး ဆိုင်ကယ်နဲ့ ပြန်တဲ့ သဇင်မြိုင် နယ်ခြားစောင့်စခန်းက ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ တိုက်ခိုက်ခံရပြီး အဲဒီအထဲက ၂ ဦးဟာ လစာတွေနဲ့အတူ ဖမ်ဆီးခေါ်ဆောင်ခံရကာ အခုအချိန်ထိ ပျောက်ဆုံးနေပါတယ်။

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေဟာ ၂၀၁၈ ခုနှစ်ကုန်ပိုင်းကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲဧရိယာကျယ်ပြန့်လာခဲ့သလို နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာ တစ်သိန်းကျော်ထိရှိလာနေပြီး အရပ်သားထိခိုက်မှုတွေလည်း များပြားလာနေပါတယ်။