ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့ ပင်လယ်ပြင်မှာ ငါးတွေနည်းလာပြီး နေရာအချို့မှာ စွန့်ပစ် ပလတ်စတစ် ပါဝင်မှုတွေ များလာနေ
မြန်မာနိုင်ငံရဲ့ အဏ္ဏဝါရေပြင် ဂေဟစနစ်နဲ့ ငါးသယံဇာတ အခြေအနေကို သုတေသန လေ့လာမှု နောက်ဆုံး ရလဒ်တွေအရ ငါးသယံဇာတ အခြေအနေဟာ လျော့နည်းနေဆဲ ဖြစ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီ ဒေသက ငါးတွေမှာ စွန့်ပစ် ပလတ်စတစ် ပါဝင်မှုတွေ များလာတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က ဘီဘီစီကို ပြောပါတယ်။
နော်ဝေနိုင်ငံ က သုတေသန ရေယာဉ်နဲ့ မြန်မာ့ ကမ်းရိုးတန်းမှာ ၂၀၁၈ ခုနှစ်တွင်းက လေ့လာခဲ့အပြီး တွေ့ရှိချက်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်နေ့က မြန်မာအစိုးရကို လွှဲပြောင်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
နှစ်ပေါင်း ၃၀ အတွင်း မြန်မာ့ ငါးသယံဇာတ အခြေအနေဟာ သိသိသာသာ လျော့နည်းလာနေသလို ၂၀၁၅ ခုနှစ်ထက် နှိုင်းယှဉ်ရင်လည်း ၂၀၁၈ ခုနှစ်အတွင်း မြန်မာ့ ငါးသယံဇာတ ဆက်လက် လျော့နည်းနေတယ်လို့လည်း ပြောပါတယ် ။
နော်ဝေအစိုးရ အကူအညီနဲ့ မြန်မာ့ ငါးသယံဇာတတွေကို လေ့လာခဲ့ရာမှာ ၂၀၁၈ ခုနှစ် အတွင်း မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက် လေ့လာခဲ့ပြီး ငါးတွေမှာ စွန့်ပစ် ပလတ်စတစ် ပါဝင်မှုတွေ ကိုလည်း အထူးပြု လေ့လာခဲ့တယ်လို့ ဦးဝင်းကြိုင်က ပြောပါတယ်။
နော်ဝေ သုတေသန ရလဒ်အရ မြန်မာ့ ပင်လယ်ပြင်က ငါးတွေမှာ စွန့်ပစ် ပလတ်စတစ် ပါဝင်မှုတွေကို ကြည့်ရင် ရခိုင်ပြည်နယ်နဲ့ တနင်္သာရီ ဒေသက ငါးတွေမှာ စွန့်ပစ် ပလတ်စတစ် ပါဝင်မှုတွေ ပိုများလာပေမယ့် မြစ်ဝကျွန်းပေါ်ဒေသက ငါးတွေမှာတော့ စွန့်ပစ် ပလတ်စတစ် ပါဝင်တာ တွေ့ရှိမှု နည်းတယ်လို့ ဦးဝင်းကြိုင်က ပြောပါတယ် ။
တစ်နိုင်ငံလုံး အနေနဲ့ ပြောရရင် မြန်မာ့ ပင်လယ်ပြင် ငါးတွေမှာ စွန့်ပစ် ပလတ်စတစ် ပါဝင်မှုတွေဟာ စိုးရိမ်ရတဲ့ အနေအထား မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် မြန်မာ့ ငါးသယံဇာတ အခြေအနေကတော့ ၂၀၁၅ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် ဆက်လက် ကျဆင်းနေတယ်လို့ နော်ဝေ နိုင်ငံရဲ့ သုတေသန ရလဒ်မှာ ဖော်ပြထားပါတယ်။
နော်ဝေနိုင်ငံအစိုးရက Dr. Fridtjof Nansen က သုတေသန ရေယာဉ် နဲ့၂၀၁၈ ခုနှစ် အတွင်း ဆောင်ရွက်ခဲ့တဲ့ မြန်မာ့အဏ္ဏဝါရေပြင် ဂေဟစနစ်နဲ့ ငါးသယံဇာတ အခြေအနေ လေ့လာတွေ့ရှိချက်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ မြန်မာနိုင်ငံ အစိုးရကို အခမ်းအနားနဲ့ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့ ရေပိုင်နက်အတွင်း ငါးသယံဇာတ တည်ရှိမှုနဲ့ အဏ္ဏဝါဇီဝ မျိုးကွဲပြားမှု သုတေသနလုပ်ငန်းတွေ ဆောင်ရွက်တာ ဒါဟာ ငါးကြိမ်မြောက် ဖြစ်ပါတယ်။
ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ FAO နဲ့ ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်နဲ့ ရောက်ရှိလာခဲ့တဲ့ နော်ဝေ သုတေသန ရေယာဉ်ဟာ ၂၀၁၈ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ ကနေ စက်တင်ဘာလ ၂၉ ရက်နေ့ အထိ မြန်မာ့ရေပိုင်နက်အတွင်း ငါးသယံဇာတ တည်ရှိမှုနဲ့ အဏ္ဏဝါဇီဝ မျိုးကွဲပြားမှု သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ တာပါ။
မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနက သုတေသန အရာထမ်း၊ အမှုထမ်း ၁၀ ဦး၊ ရန်ကုန်၊ ပုသိမ်၊ စစ်တွေ၊ မြိတ်တက္ကသိုလ်က ၆ဦး၊ WCS က ၂ဦး၊ တပ်မတော်ရေက ၁ ဦး၊ နော်ဝေနိုင်ငံက ပညာရှင် ၈ ဦးနဲ့ SEAFDEC က ၃ ဦး လိုက်ပါ သုတေသနပြု ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံက အရင်တုန်းက ပင်လယ်ပြင် ငါးဖမ်းခွင့်ကို ၂၀၁၄ ခုနှစ် အထိ နိုင်ငံခြား ငါးဖမ်းသင်္ဘောတွေကို ရှာဖွေခွင့် ပြုခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ နော်ဝေက မြန်မာ့ ငါးသယံဇာတ သုတေသန ရလဒ် ထုတ်ပြန်တုန်းက မြန်မာ့ ငါးသယံဇာတ အခြေအနေ အထူးလျော့နည်းသွားတယ်လို့ ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကမ်းဝေး ငါးဖမ်း လုပ်ကိုင်နိုင်တဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ သင်္ဘော အစီး သုံးထောင်ကျော် ရှိနေပြီး အခုအခါမှာ တနင်္သာရီတိုင်းဘက်က လွဲလို့ ငါးခိုးဖမ်းတဲ့ နိုင်ငံခြားသင်္ဘောတွေ နည်းသွားပြီလို့လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်က ပြောပါတယ် ။
ဒါပေမယ့် ပြီးခဲ့တဲ့ မိုးရာသီကာလမှာ ပင်လယ်ပြင် ငါးမဖမ်းရ ရာသီ သတ်မှတ်ပြီး သုံးလ ကန့်သတ်လိုက်တာကြောင့် အဲဒီအချိန်မှာတော့ ငါးခိုးဖမ်း နိုင်ငံခြားသင်္ဘောတွေ ဝင်လာနိုင်တာကို စိတ်ပူစရာ ရှိတယ်လို့ပြောပါတယ်။
အခုကတော့ မြန်မာ့ ကမ်းဝေးငါးဖမ်း သင်္ဘောတွေ ဗွီအမ်အက်စ် စနစ် တပ်ထားတော့ ငါးခိုးဖမ်းရင်လည်း အလွယ်တကူ သိလာနိုင်တယ်လို့ ဆိုပါတယ်။
နော်ဝေက နောက်ဆုံးထုတ်ပြန်တဲ့ သုတေသန ရလဒ်တွေ အရကတော့ အရင် စစ်အစိုးရ လက်ထက် ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားသင်္ဘော ငါးဖမ်းခွင့်ကို လုံးဝ ခွင့်မပြုသင့်တော့ဘူးလို့လည်း ဦးဝင်းကြိုင်ကပြောပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ငါးသယံဇာတ တွေကို ရေရှည်စ ဉ်ဆက်မပြတ် ဖမ်းဆီးထုတ်လုပ်နိုင်ဖို့ သက်ဆိုင်ရာ အစိုးရဌာန ၊စီးပွားရေး လုပ်ငန်းရှင်တွေ၊ အစိုးရ မဟုတ်တဲ့ ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းတွေ ၊ လူမှုအဖွဲ့အစည်းနဲ့ ဒေသခံတွေ ပေါင်းစည်း ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။
အခုလို နော်ဝေအစိုးရရဲ့ သုတေသန တွေ့ရှိချက်တွေကို အခြေပြုပြီး မြန်မာနိုင်ငံအနေနဲ့ ငါးသယံဇာတ ထိန်းဖို့၊ ခေတ်မှီ ငါးဖမ်းနည်းစနစ်တွေကို ပြောင်းလဲဖို့၊ ငါးတွေကို ပြုန်းတီးစေတဲ့ ငါးဖမ်းနည်းစနစ်တွေကို စွန့်လွှတ်ဖို့၊ လိုချင်တဲ့ ငါးကို ထိထိမိမိ ဖမ်းနိုင်တဲ့ စနစ်တွေကိုတပ်ဆင်ဖို့ လိုတယ်လို့ ဦးဝင်းကြိုင်က ပြောပါတယ်။
အခု ၂၀၁၉ ခုနှစ် ငါးဥပေါက် ရာသီမှာ ကမ်းဝေးငါးဖမ်းသင်္ဘောတွေကို တားသလို ကမ်းနီးငါးဖမ်း စနစ်ကိုလည်း တားဆီးနိုင်ဖို့ လိုတယ်လို့ ထင်မြင်ကြောင်း သူက ပြောပါတယ်။
"သယံဇာတ ထိမ်းတာက ကမ်းဝေးရော၊ ကမ်းနီးရော ထိန်းဖို့ လိုတယ်၊ အခုဟာက ကမ်းဝေးမှာ ပိုထိန်းနေပြီး ကမ်းနီးမှာ လက်လှမ်း မမှီသေးတဲ့ သဘော ရှိတယ်" လို့လည်း ဦးဝင်းကြိုင်က ပြောပါတယ်။