အေအေ အဖွဲ့ ဖမ်းစဉ် သေဆုံးသူ အိန္ဒိယနိုင်ငံသားရဲ့ ရုပ်အလောင်း အိန္ဒိယကို ပြန်သယ် ဖို့ စီစဉ်နေ

စစ်တွေဆေးရုံ
ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံသားရုပ်အလောင်း စစ်တွေဆေးရုံ ကိုရောက်နေ

ပလက်ဝ နဲ့ ကျောက်တော်ကြား မှာ နိုဝင်ဘာလ ၃ ရက်နေ့က အေအေအဖွဲ့ရဲ့ ဖမ်းဆီးခံရသူ တွေထဲက သေဆုံးခဲ့သူ အသက် ၆၀ အရွယ် အိန္ဒိယနိုင်ငံသားရဲ့ ရုပ်အလောင်းဟာ ကျောက်တော် မြို့ကနေ စစ်တွေမြိုကိုရောက်လာပြီးတော့ စစ်တွေမြိုက တစ်ဆင့် အိန္ဒိယကို ပြန်သယ်ဖို့ ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ် ။

ဒါအပြင် သေဆုံးသူနဲ့ အတူ ပြန်လွတ်လာသူတွေ ဟာလည်း ကျောက်တော်မြိုကနေ စစ်တွေကို ရောက်လာပြီဖြစ်တယ်လို့ သူကပြောပါတယ် ။

အေအေအဖွဲ့ ဖမ်းထားတဲ့သူတွေထဲက အိန္ဒိယနိုင်ငံသား ၅ ထဲမှာ တစ်ဦးက သေဆုံးခဲ့ပြီး ကျန်လေးဦး၊ စကားပြန်နှစ်ဦးနဲ့ စပိဘုတ်မောင်းသူ နှစ်ဦးတို့ကို အေအေက နိဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုးထက်က ဘီဘီစီကို ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ အိန္ဒိယနိုင်ငံသားတွေဟာ လက်ရှိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းမှာ အိန္ဒိယအစိုးရက လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအတွက် လာရောက်ခဲ့ကြတာဖြစ်ပြီး ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာအနီး ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် က ကုလားတန်စီမံကိန်း
ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်က ကုလားတန်စီမံကိန်း

ဖမ်းဆီးခံရတဲ့အထဲမှာ ပါဝင်တဲ့ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ ပြန်လည်လွှတ်ပေးခဲ့ခြင်းမရှိဘဲ မေးမြန်းစရာတွေ ရှိနေတဲ့အတွက် ဆက်လက် ဖမ်းဆီးထားတယ်လို့ လွတ်လာသူတွေရဲ့ ပြောဆိုချက်အရ သိရကြောင်း ဦးစိုးထက်ကပြောပါတယ်။

"မနေ့က ခေါ်သွားတုန်းကတော့ အိန္ဒိယနိုင်ငံသား ၅ ယောက်၊ ဘာသာပြန် စစ်တွေက နှစ်ယောက်၊ နောက် ပလက်ဝက စပိဘုတ်မောင်းတဲ့နှစ်ယောက် ၉ ယောက်၊ ဦးဝှေ့တင်းအပါအဝင် ၁၀ ယောက်ပေါ့ခင်ဗျား။ ၉ ယောက်ကို လွှတ်ပေးပြီး တော့ ဦးဝှေ့တင်းကိုတော့ သူတို့မေးစရာရှိလို့ ဆိုပြီးတော့ ခေါ်ထားလိုက်တယ်။ တစ်ဦးကတော့ ခေါ်သွားတဲ့အချိန်မှာ အမောဖောက်လို့ သေဆုံးသွားတာလို့ သိရပါတယ်"လို့ ဦးစိုးထက်ကပြောပါတယ်။

အေအေ အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခ ကတော့ ကုလားတန်မြစ်ထဲ မှာ လုံခြုံရေးဆောင်ရွက်စဉ် စပိဘုတ် နှစ်စီးကို ရပ်ပီးစစ်ဆေးခဲ့ကြောင်းနဲ့ ကမ်းကပ်စစ်ဆေးစဉ် မှာ အိန္ဒိယနိုင်ငံသားတစ်ယောက်က နှလုံးရောဂါဖောက်ပြီး သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါအပြင် လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ စစ်တပ်နဲ့ပူးပေါင်းပြီး အေအေ အဖွဲ့ရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့ ခမီးလူငယ်တွေကို စုဖွဲ့ထားတာရယ်၊ ခမီးနဲ့ ရခိုင်ကြား ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်လာအောင် ပလက်ဝ မြို့နယ်ထဲမှာ ဆောင်ရွက်နေလို့ မေးမြန်းစရာတွေရှိတဲ့ အတွက် ဖမ်းထားတာဖြစ်တယ်လို့လည်း ခိုင်သုခကပြောပါတယ်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ ဆက်ခေါ်ထားတုန်းလို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ ဆက်ခေါ်ထားတုန်းလို့ သူကပြောပါတယ်။

အိန္ဒိယနိုင်ငံသား ၅ ဦးတို့မှာ RPP ကုမ္ပဏီရဲ့ ပိုင်ရှင် R.J.Sharma နဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အင်ဂျင်နီယာ Vinoo Gobal၊ RPO ကုမ္ပဏီက Agy Gothiyam နဲ့ အိန္ဒိယအစိုးရရဲ့ နိုင်ငံပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ EPIM ကုမ္ပဏီက အင်ဂျင်နီယာတစ်ဦးဖြစ်သူ N.Shyam တို့ဖြစ်ကြပြီး စကားပြန်နှစ်ဦးကတော့ စစ်တွေမြို့က ဟိန္ဒူလူမျိုးတွေဖြစ်ကြပါတယ်။

"သေဆုံးသွားတဲ့သူက RPP ကုမ္ပဏီရဲ့ ဒါရိုက်တာ အဖွဲ့ဝင် အင်ဂျင်နီယာ Vinoo Gobal ဖြစ်ပါတယ်။ သူက နှလုံးရောဂါရှိတယ်။ နှလုံးဖောက်ပြီးတော့ ဆုံးသွားတာပါ။ တောင်ပေါ်ကိုအတက်မှာ သေဆုံးသွားတာပါ။"လို့ သူတို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ အိန္ဒိယနိုင်ငံသား ၅ ဦးမှာ အိန္ဒိယ-မြန်မာ အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်နေတဲ့ ကုလားတန်ဘက်စုံ စီမံကိန်းရဲ့ ပလက်ဝ-မြိတ်ဝ လမ်းပိုင်းကို တာဝန်ယူဖောက်လုပ်မယ့် ကုမ္ပဏီတွေရဲ့ တာဝန်ရှိသူတွေဖြစ်ပြီး အဲ့ဒီလမ်းဖောက်လုပ်မယ့်ကိစ္စနဲ့ ပတ်သက်လို့ လာရောက်ခဲ့ကြတာလို့ သိရပါတယ်။

အဲ့ဒီလမ်းကို ဖောက်လုပ်ဖို့အတွက် ပြီးခဲ့တဲ့နှစ်က တင်ဒါအောင်မြင်ခဲ့တဲ့ CNC Myanmar Road Construction (India) Co.Ltd ဟာ ဒေဝါလီခံလိုက်ရတာကြောင့် RPP နဲ့ RPO ကုမ္ပဏီတို့က တာဝန်ယူဖောက်လုပ်နိုင်ရေး လုပ်ငန်းလွှဲပြောင်းမှုတွေ ပြုလုပ်ဖို့အတွက် တာဝန်ရှိသူတွေ လာရောက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တွေဆေးရုံ
ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံသားရုပ်အလောင်းကို စစ်တွေဆေးရုံ ကနေ အိန္ဒိယ ကိုသယ်မယ်

အိန္ဒိယနိုင်ငံသား ၅ ဦးတို့ဟာ နိုဝင်ဘာ ၂ ရက်နေ့က စစ်တွေမြို့ကို လေယာဉ်နဲ့ ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး လုပ်ငန်းလွှဲပြောင်းရေးကိစ္စတွေကို ဆောင်ရွက်ပြီးစီးလို့ရှိရင် နိုဝင်ဘာ ၃ ရက်နေ့ညနေပိုင်းမှာ ပြန်မှာဖြစ်ပေမယ့် ပလက်ဝမြိုနယ်က အပြန်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

လက်ရှိမှာ အဲဒီစီမံကိန်းအတွင်း စစ်တွေရေနက်ဆိပ်ကမ်းနဲ့ ပလက်ဝရေနက်ဆိပ်ကမ်းတွေကို ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ပေမယ့် ပလက်ဝကနေ အိန္ဒိယနယ်စပ် မြိတ်ဝအထိ ၁၀၉ ဒသမ ၂ ကီလိုမီတာအရှည် လမ်းကို ဖောက်လုပ်ဖို့ ကျန်ရှိနေပါတယ်။

သေဆုံးသူ အသက် ၆၀ ကျော် အရွယ် အိန္ဒိယနိုင်ငံသားရုပ်အလောင်းကို စစ်တွေဆေးရုံက တဆင့် ရန်ကုန်မြို့ကို သယ်ဆောင်ပြီး အဲဒီကမှ အိန္ဒိယကို ပြန်လည် ပို့ဆောင်မယ်လို့ သိရပါတယ်။