ပဲခူးတိုင်းဝန်ကြီးချုပ် ပါတီက အရေးယူခံရနိုင်လား

ပဲခူးတိုင်း ဝန်ကြီးချုပ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor office

ဓာတ်ပုံ ပုံစာ, ဆရာမြဲစေဖို့အတွက် ဒေသခံလူငယ်တွေက ဆရာမတွေကို ရည်းစားစကားလိုက်ပြောကြဖို့ ပြောခဲ့တာဖြစ်

ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းရဲ့ ပြောဆိုမှု ဟာ ပါတီ ပုံရိပ်ကို ထိခိုက်စေတဲ့ အပြုအမူ အပြောအဆိုတွေရှိလို့ ပါတီက စစ်ဆေးမှာ ဖြစ်ပြီး ထင်ရှားတယ်ဆိုရင် အရေးယူ သွားမယ်လို့ NLD ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်က ဘီဘီစီကို ပြောပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ အောက်တိုဘာလ ၅ ရက်နေ့က နတ်တလင်းက လူထုတွေ့ဆုံပွဲတစ်ခုမှာ ဆရာ၊ ဆရာမတွေရဲ့ နေထိုင်ရေးနဲ့ ပတ်သက်လို့ ကျေးရွာသားတွေရဲ့ တင်ပြချက်အပေါ် ပြန်လည်ဖြေကြားရာမှာ ဝန်ထမ်းအိမ်ရာ မလိုဘဲ ဆရာမြဲစေဖို့အတွက် ဒေသခံလူငယ်တွေက ဆရာမတွေကို ရည်းစားစကားလိုက်ပြောကြဖို့ ပြောခဲ့တာဖြစ်ပါတယ်။

ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကတော့ ရပ်ဝေးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတွေဟာ ရည်ရွယ်ချက်ရှိရှိ အတင်းအဓမ္မလက်ထပ်ယူတာတွေနဲ့ မုဒိမ်းပြုကျင့်ခံရတဲ့ အဖြစ်မျိုးတွေ ရှိနေပြီး ဒီလိုပြောကြားချက်ကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖိတ်ခေါ်ရာရောက်နေတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ကတော့ သူစကားနဲ့ ပတ်သက်လို့ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းမီဒီယာ အချို့ကနေ တဆင့် ပြန်တောင်းပန်ခဲ့ပါတယ်။

ပဲခူးတိုင်း ဝန်ကြီးချုပ်

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor Office

ဓာတ်ပုံ ပုံစာ, အမြန်ဆုံးစစ်ပေးပါမယ် လို့ NLDပါတီကပြော

ပဲခူးတိုင်းဝန်ကြီးချုပ် ဟာ ဒီအဖြစ်ပျက်မတိုင်ခင်ကလည်း စဉ့်လုပ်ငန်းရှင်တွေကို နယူးကလီးယားဓာတ်ပေါင်းဖို့ထုတ်လုပ်နိုင်ရန် ကြိုးစားကြပါလယ်သမားတွေကို လယ်ပေးလည်းပြန်ရောင်းမှာပဲ ။ စတဲ့ လူတွေဝေဖန်ခံရတဲ့ စကားတွေပြောခဲ့ဘူးတာရှိတယ်လို့ ပဲခူးတိုင်း ဒေသခံ သတင်းထောက်တစ်ဦး ကဘီဘီစီ ကို ပြောပါတယ်။

အခြေခံပညာကျောင်းတွေက ဆရာမတွေနဲ့ ပတ်သက်လို့ ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ပြောဆိုချက်အပေါ် အရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ တိုင်ကြားချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လက်ခံရရှိ အပြီးမှာ စစ်ဆေးမှုတွေ လုပ်တော့မယ်လို့ပြောတာ ဖြစ်ပါတယ်။

"အမြန်ဆုံးစစ်ပေးပါမယ်၊ သူ့ရဲ့ရည်ရွယ်ချက်တို့ဘာတို့ပေါ့ ၊သူ့ရဲ့ခုခံပိုင်ခွင့်ကိုလည်းပေးရဦးမယ်၊ အားလုံးခြုံပြီးမှ ဆုံးဖြတ်မှာပါ။" လို့လည်း NLD ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်က ဘီဘီစီကို ပြောပါတယ် ။

ပဲခူးတိုင်းဝန်ကြီးချုပ်ပြောကြားချက်ဟာ ဆရာမတွေရဲ့ ဂုဏ်သိက္ခာပိုင်းကို ထိခိုက်စေလို့ အရေးယူပေးဖို့နဲ့ ဆရာ ဆရာမများအဖွဲ့ချုပ်က သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ NLD ပါတီကို တိုင်ကြားထားတာဖြစ်ပါတယ်။

ဆရာမအရေအတွက်ဟာ ဆရာထက်များနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆရာမအရေအတွက်ဟာ ဆရာထက်များနေပြီး ရပ်ဝေးဒေသတွေမှာ နေရေးစားရေး အခက်ခဲတွေ ကြုံ

ပန်းတနော်မြို့နယ် အောက်ဒေါင့်ကြီးကျေးရွာမှာ မူလတန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ ဒေါ်ပန်းအိအိကို ကလည်း လက်ရှိကျေးရွာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတချို့ရဲ့ဘဝက မလုံခြုံဘူးလို့ ပြောပါတယ်။

လက်ရှိအခြေခံပညာကျောင်းတွေမှာ ဆရာမအရေအတွက်ဟာ ဆရာထက်များနေပြီး ရပ်ဝေးဒေသတွေမှာ တာဝန်ထမ်းဆောင်တဲ့အခါ နေရေးစားရေး အခက်အခဲတွေ ကြုံနေရတာဖြစ်ပါတယ်။

NLD ပါတီ ဘက်ကတော့ ဆရာမတွေနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းရဲ့ ပြောဆိုချက်ဟာ ပါတီ ပုံရိပ်ကို ထိခိုက်စေတဲ့ အပြုအမူ အပြောအဆိုတွေ ထင်ရှားတယ်ဆိုရင် အရေးယူမှုတွေ လုပ်မှာဖြစ်တယ်လို့ လည်း ပြောပါတယ်။

ဘယ်တော့စတင်စစ်ဆေးမယ် ၊ဘယ်သူတွေက စစ်မယ် ဆိုတာနဲ့ပတ်သက်လို့တော့ ပါတီဘက်ကထုတ်မပြောသေးပါဘူး။

တနင်္သာရီတိုင်း NLD ပါတီ က ဘဏ္ဍာရေးမှူး စည်းကမ်းထိန်းသိမ်းရေး ခေါင်းဆောင်နဲ့ ပြန်ကြားရေးတာဝန်ခံ တာဝန်ယူထားသူ ထိပ်ပိုင်း ခေါင်းဆောင် ၃ ဦးကို ပါတီက ပြီးခဲ့တဲ့သြဂုတ်လ က အရေးယူခဲ့ပါတယ် ။