အေအေ ဖမ်းထားတဲ့ ပလက်ဝက ရွာသားတွေကို ပြန်လွှတ်

ဓာတ်ပုံ ရင်းမြစ်, AA
ရခိုင်လက်နက်ကိုင် ရက္ခိုင့်တပ်မတော်(အေအေ)က ဖမ်းဆီးထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက ကင်းတလင်း ရွာသားတွေကို ပြန်လွှတ်ပေးလိုက်ပြီး သက်ဆိုင်ရာ အရပ်လူကြီးတွေရဲ့ လက်ထဲကို ပြန်အပ်ပေးလိုက်ပြီလို့ အေအေက ထုတ်ပြန်ပါတယ်။
ပလက်ဝမြို့နယ်ထဲက ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ နီးတဲ့ အုန်းသီးဝ ကျေးရွာက ရပ်မိရပ်ဖတွေဆီကို ဇူလိုင် ၃၁ရက်နေ့ မနက်ပိုင်းက အပ်နှံခဲ့တယ်လို့လည်း အေအေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေအတွင်း ဖမ်းမိထားတဲ့ စစ်ဘက်နဲ့ မသက်ဆိုင်တဲ့သူတွေ ကိုလည်း လုံခြုံ စိတ်ချရတဲ့ အခြေအနေတခုအောက်မှာ ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။
ရွာသား ဘယ်နှဦးကို ပြန်လည် အပ်နှံခဲ့သလဲဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။ မိုးတွင်းကာလမှာ နေရေးထိုင်ရေး အခက်အခဲရှိလို့ ပြန်အပ်နှံပေးလိုက်တာလို့လည်း ဆိုပါတယ်။
အေအေက ကင်းတလင်းရွာသားတွေကို မနက်ပိုင်းက ပြန်လွှတ်ပေးလိုက်တဲ့ သတင်းတွေကို ကြားပေမယ့် ရွာသားတွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ ချင်းလူ့အခွင့်အရေး အဖွဲ့က ဆလိုင်းတာရကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA
လွှတ်ပေးလိုက်တဲ့ ကင်းတလင်းရွာသားတွေရှိနေတဲ့ အုန်းသီးဝ ကျေးရွာက ဝေးလံ ခေါင်သီပြီး သူတို့တွေဟာ ကင်းတလင်းရွာသားတွေ ခိုလှုံနေတဲ့ မီးဇာကျေးရွာကို အရင်သွားမှာ ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။
အုန်းသီးဝရွာကနေ မီးဇာရွာကို အနည်းဆုံး ၁ ရက်ကျော် ခြေလျင်ခရီးနဲ့သွားရမှာ ဖြစ်ပြီး လွှတ်ပေးတယ်ဆိုတာ မှန်ရင် နောက် ၂ ရက် လောက်မှ မီးဇာကို ရောက်လာနိုင်တယ်လို့ မီးဇာရွာ အုပ်ချုပ်ရေးမှူး ဦးကွေ့လောက်က ပြောပါတယ်။
ကင်းတလင်းရွာသားတွေ ပြန်လွှတ်တယ်ဆိုတဲ့ သတင်းကို ကြားနေပေမယ့် အတည်မပြုနိုင်သေးဘူးလို့ လည်း သူက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ကင်းတလင်း ရွာသားတွေဟာ ၆ လနီးပါး အေအေအဖွဲ့ရဲ့ လက်ထဲမှာ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့က ကင်းတလင်း ရွာသား ၅၄ဦးကို အေအေအဖွဲ့က ခေါ်ဆောင် သွားပါတယ်။ ဒီအထဲက ၂ဦးက လမ်းတဝက်ကနေ အေအေရဲ့လက်ထဲကနေ ထွက်ပြေးလွတ်မြောက်လာပါတယ်။
ဒီနောက် နောက်ထပ် ၁၂ ဦး ထပ်မံ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တဦးမှာ ဖမ်းဆီးထားစဉ် ကွယ်လွန် သွားတဲ့အတွက် ၃၉ဦး ကျန်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
ခေါ်ဆောင်သွားတဲ့သူတွေကို အေအေက အစာရေစာ ဝဝလင်လင် မကျွေးသလို အလုပ်ခိုင်းတာတွလည်း ရှိတယ်လို့ လွှတ်မြောက်လာတဲ့ ၁၂ ဦးက စွပ်စွဲ ပြောဆိုထားပါတယ်။ အေအေအနေနဲ့ ဖမ်းဆီးထားတဲ့ ကင်းတလင်း ရွာသားတွေကို လွှတ်ပေးဖို့ ချင်းအရပ်ဖက် အဖွဲ့အစည်းတွေကလည်း အစဉ်တစိုက်တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ အေအေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၃၅ဝဝ နီးပါး တိုက်ပွဲရှောင်နေ ရတယ်လို့ ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက ဇူလိုင် ၃ဝ ရက်နေ့က ထုတ်ပြန်ထားပါတယ်။








