H1N1 ကြောင့် နေ့စဉ်လူသေဆုံးနေပြီး ၂ ပတ် ကျော်ကာလအတွင်း သေဆုံးသူ ၂၆ ဦးထိရှိခဲ့

H1N1 ဗိုင်းရပ်စ်ကြောင့် နေ့စဉ်လူသေဆုံးမှုများရှိ

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN AFP/Getty

ဓာတ်ပုံ ပုံစာ, H1N1 ဗိုင်းရပ်စ်ကြောင့် နေ့စဉ်လူသေဆုံးမှုများရှိ

ရာသီတုပ်ကွေး H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုကြောင့် သေဆုံးမှုဟာ တိုးလာနေပြီး ဇွန်လ ၁၄ ရက်နေ့ကနေ စလို့ နှစ်ပတ်ကျော် ကာလအတွင်းမှာပဲ သေဆုံးသူ ၂၆ ဦး ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဘီဘီစီကို ပြောပါတယ်။

ရာသီတုပ်ကွေး H1N1 ဗိုင်းရပ်စ်ပိုးကြောင့် ရန်ကုန်တိုင်းထဲမှာတင် သေဆုံးသူ ၂၂ ဦးရှိနေပြီး မန္တလေးမှာ ၂ယောက် ၊ ဧရာဝတီတိုင်းမှာ ၂ယောက်နဲ့ စုစုပေါင်း သေဆုံးသူဦးရေဟာ ၂၆ ဦးရှိသွားပြီဖြစ်ပါတယ်။

ရောဂါပိုးကူးစက်ခံရမှုကြောင့် ဇွန်လ ၁၄ ရက်မှာ အခုနှစ်အတွင်း ပထမဆုံးသေဆုံးသူလူနာရှိခဲ့ပြီး ၂ ပတ်ကျော်ကာလအတွင်း သေဆုံးသူဦးရေ မြင့်တက်လာခဲ့တာပါ။

ရန်ကုန်ဆေးရုံကြီးမှာ H1N1 ကြောင့် နေ့စဉ်သေဆုံးလူနာရှိနေပြီး အများစုဟာ နာတာရှည်ရောဂါ ခံစားနေရသူတွေ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

H1N1 ကြောင့်သေဆုံးသူကို မီးသဂြိုလ်

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN AFP/Getty

ဓာတ်ပုံ ပုံစာ, H1N1 ကြောင့်သေဆုံးသူကို မီးသဂြိုလ်

အခု နိုင်ငံတွင်းမှာ ကူးစက်နေတဲ့ ရာသီတုပ်ကွေးဟာ H1N1 ဗိုင်းရပ်စ် အေ အမျိုးအစားဖြစ်ပြီး ၂၀၁၀ ခုနှစ်ကစလို့ မိုးရာသီကာလမှာ နိုင်ငံတွင်း ကူးစက်မှုတွေ ရှိခဲ့ပါတယ်။

နှစ်စဉ်ကူးစက်မှု တချို့ရှိခဲ့ပေမယ့် လူသေဆုံးမှုကတော့ ၂၀၁၇ မှာ အများဆုံးဖြစ်ခဲ့ပြီး ရောဂါပိုးတွေ့ခဲ့သူ ၄ ရာကျော်မှာ သေဆုံးလူနာ ၃၈ ဦးအထိရှိခဲ့ပါတယ်။

၂၀၁၈ခုနှစ်မှာ ရောဂါ ဖြစ်ပွားသူ ၁၀၀ ကျော်ရှိခဲ့ပေမဲ့ လူသေဆုံးမှု မရှိခဲ့ဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အခုနှစ်မှာတော့ သေဆုံးမှုတွေရှိလာတဲ့အတွက် လူတွေကြားမှာ စိုးရိမ်မှုတွေရှိနေတာပါ။

ကျန်းမာရေးဌာနဘက်ကတော့ ဒါဟာ သာမန်ရာသီတုပ်ကွေးမျိုးပဲ ဖြစ်ပြီး အထူးစိုးရိမ်ဖို့ မလိုဘူးလို့ ပြောပါတယ်။

ဇွန်လ ၁၉ ရက်နေ့ က သေဆုံးသူ အမျိုးသားနှစ်ဦးသဂြိုဟ်ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, FFSS FB

ဓာတ်ပုံ ပုံစာ, ဇွန်လ ၁၉ ရက်နေ့ က သေဆုံးသူ အမျိုးသားနှစ်ဦးသဂြိုဟ်ခဲ့ပါတယ်

"လက်ရှိမှာ H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်တွေ စတဲ့ မြို့တွေမှာ ရှိနေပြီး ရောဂါပိုး တွေ့ခဲ့သူလူနာ ၁၁၄ ဦးထဲမှာ တချို့ဟာ ဆေးရုံတွေပေါ်မှာ အရေးပေါ်လူနာတွေအဖြစ် ကုသမှုခံယူနေဆဲဖြစ်တယ်" လို့ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်

ကျန်းမာရေးဌာနဘက်ကတော့ ရောဂါပိုးနဲ့ ပတ်သက်တဲ့ ကာကွယ်ဆေးတွေကို လူနာတွေနဲ့ ထိတွေ့ရတဲ့ အစိုးရဆေးရုံဝန်ထမ်းတိုင်းကို ထိုးပေးထားပြီး အသက်အရွယ်ကြီးသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် ဆေးဝါးအလုံအလောက်ရဖို့ ပြင်ဆင်နေတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောပါတယ်။