တိုက်ပွဲတွေကြောင့် ရန်ကုန်ရခိုင်သင်္ကြန် မကျင်းပဖြစ်

ရန်ကုန်မြို့ မှာ ၁၅နှစ်နီးပါး ဆက်တိုက် ကျင်းပခဲ့တဲ့ ရခိုင်ရိုးရာရေပက်ပွဲကို ရခိုင် ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခုနှစ် မကျင်းပဖို့ ဧပြီလ ၃ရက်နေ့က ဆုံးဖြတ်လိုက်တယ်လို့ ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် (ရန်ကုန်) ကျင်းပရေးဗဟိုကော်မတီက ပြောပါတယ်။
ရခိုင်ရိုးရာ သင်္ကြန်ရဲ့ အပိုင်းတစ်ခုဖြစ်တဲ့ နံ့သာသွေးပွဲနှင့် ဘုရား ရေသပ္ပာယ်ပွဲကိုတော့ ရိုးရာမပျက်ဘဲ စည်စည်ကားကား ကျင်းပသွား မှာဖြစ်ပြီး ပျော်ပွဲရွှင်ပွဲဖြစ်တဲ့ လောင်းလှေရေပက်ပွဲကို မကျင်းပတော့ဘူးလို့ ဒေါ်စောခင်တင့် ကပြောပါတယ်
လုံခြုံရေးအပြင် မလိုလားအပ်တဲ့ လူမျိုးရေးပြဿနာ ဖြစ်လာနိုင်တာတွေ ရှောင်လွှဲဖို့ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့လည်း အဲဒီကော်မတီရဲ့ နာယကလည်းဖြစ်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်စောခင်တင့်က ပြောပါတယ်။

နေပြည်တော်အပါဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့အတော်များများမှာလည်း ရခိုင် သင်္ကြန်ကျင်းပဖို့ မသေချာဘူးလို့လည်း ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော် နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ကြား တိုက်ပွဲတွေ ပြင်းထန် နေပြီး အရပ်သား ထိခိုက်သေဆုံးမှု တွေရှိပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တချို့မှာ သင်္ကြန်ပွဲတော် မကျင်းပတော့ဘူးလို့ ကြေညာထားတယ်လို့လည်းဒေသခံတွေဆီက သိရပါတယ်။




