စစ်ရေးလိုအပ်ချက်အရဆိုပြီး အေအေက ဆုထူးစံဝန်ထမ်းတွေကို ဆက်ဖမ်းထား

ဆုထူးစံ

ဓာတ်ပုံ ရင်းမြစ်, www.cincds.gov.mm

ဓာတ်ပုံ ပုံစာ, တပ်မတော်က ထုတ်ပြန်တဲ့ အခင်းဖြစ်ရာပြ မြေပုံ

ဆုထူးစံကုမ္ပဏီက ဝန်ထမ်းတွေကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာဟာ စစ်ရေး လိုအပ်ချက်အရဖြစ်ပြီး၊ အစိုးရစစ်တပ်နဲ့ အဆက်အစပ်မရှိတာ စစ်ဆေးတွေ့ရှိရင် ပြန်လွှတ်ပေးမယ်လို့ ရခိုင်လက်နက်ကိုင် အေအေအဖွဲ့က ပြောပါတယ်။

ပလက်ဝမြို့နယ် ကတ်ကူဝရွာနား လမ်းဖောက်နေတဲ့ ကုမ္ပဏီက ဝန်ထမ်း ၁၃ ယောက်ကို အေအေက မတ်လ ၃ဝ ရက်နေ့က ဖမ်းဆီး ချုပ်နှောင်ခဲ့တာ ဖြစ်ပါတယ်။

ဧပြီ ၁ ရက်နေ့မှာတော့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ပြန်လွတ်လာပြီး အေအေရဲ့လက်ထဲ ၈ ယောက် ဆက်လက် ရှိနေပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ဒေသမှာ ဒေသခံ မဟုတ်သူတွေကို တွေ့ရတဲ့ အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နိုင်ဖို့ ဖမ်းဆီးခဲ့ရတာ ဖြစ်တယ်ဆိုပြီး အေအေပြောခွင့်ရ ဦးခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

အေအေအင်အားရာချီရောက်လာခဲ့

အခင်းဖြစ်ရာနေရာဟာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်သွယ်မယ့် ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွား ကားလမ်းကို ဆုထူးစံ ကုမ္ပဏီက တာဝန်ယူ ဖောက်လုပ်နေတဲ့ နေရာ ဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပါတယ်။

အဲဒီနေရာကို အေအေအင်အား ၁ဝဝ ကျော် ရောက်လာခဲ့ပြီး မော်တော်ကား၊ မြေကော်စက်နဲ့ ဆိုင်ကယ်တွေကို မီးရှို့ပြီး လူတွေကိုလည်း ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ပြန်လွတ်လာတဲ့ သူတွေ ထွက်ဆိုချက်အရ သိရတယ်ဆိုပြီးတပ်မတော် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန် ထားပါတယ်။

ပလက်ဝ-မီဇိုရမ် ကားလမ်းပေါ်မှာ ပလက်ဝတံတား စီမံကိန်းလည်း ရှိနေပြီး အဲဒီ စီမံကိန်းမှာ သုံးမယ့် ပစ္စည်းတွေ တင်လာတဲ့ သင်္ဘောလည်း မတ်လ ၁၆ ရက်နေ့တုန်းက အေအေလက်နက်ကိုင်တွေရဲ့ မီးရှို့တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော

အေအေဘက်ကတော့ သူတို့အဖွဲ့နဲ့ အစိုးရတပ်ကြား တိုက်ပွဲဖြစ်နေတဲ့ ဒေသမှာ စစ်ထောက်လှမ်းရေးတွေ၊ စစ်တပ်နဲ့ ပတ်သက်သူတွေ ရှိနေသလားဆိုတာ စိစစ်ထိန်းချုပ်နိုင်ဖို့ အတွက် ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်တပ်နဲ့ အဆက်အစပ် ရှိနေကြောင်း တွေ့ရရင် ဆက်လက် ဖမ်းထားဦးမှာ ဖြစ်တယ်လို့လည်း အေအေပြောခွင့်ရ ဦးခိုင်သုခက ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲ တိုက်ပွဲတွေ မပေါ်ပေါက်ခင်ကတည်းက ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲ အေအေနဲ့ အစိုးရတပ် တိုက်ပွဲတွေ ရှိနေခဲ့တာ ဖြစ်ပြီး အေအေက ရခိုင်ပြည်နယ် အတွင်းပိုင်းထိ အခြေချနိုင်ဖို့ ထိုးဖောက် ဝင်ရောက် လာခဲ့တဲ့နောက် လက်နက်ကိုင်ပဋိပက္ခပိုပြီး ကြီးထွားလာတာ ဖြစ်ပါတယ်။

ကုလားတန်စီမံကိန်း
ဓာတ်ပုံ ပုံစာ, စစ်တွေဆိပ်ကမ်းအပါအဝင် အိန္ဒိယရဲ့ ကုလားတန်စီမံကိန်း

အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှု ကုလားတန်စီမံကိန်း

ပလက်ဝ-မီဇိုရမ် ကားလမ်းဆိုတာ အိန္ဒိယရဲ့ ရခိုင်ပြည်နယ်တွင်း ဗျုဟာမြောက် ရင်းနှီးမြှုပ်နှံမှု ဖြစ်တဲ့ ကုလားတန် စီမံကိန်းရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

အဲဒီ စီမံကိန်းထဲ စစ်တွေ ရေနက်ဆိပ်ကမ်း အပါအဝင် ရေလမ်း၊ ကုန်းလမ်း ကုန်သွယ်ရေးနဲ့ ပို့ဆောင်ရေး လမ်းကြောင်းတွေ ဖော်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။

ရခိုင်ပြည်နယ်ထဲ တရုတ်ရဲ့ ဗျုဟာမြောက် ကျောက်ဖြူ စီမံကိန်းနဲ့ အပြိုင် အိန္ဒိယကလည်း ကုလားတန် စီမံကိန်း ဆိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားတာ ဖြစ်ပြီး အဲဒီ စီမံကိန်းထဲ ပါဝင်တဲ့ လမ်း၊ တံတားတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေက အပိုင်းလိုက် တာဝန်ယူ ဖောက်လုပ် နေပါတယ်။

ဦးခိုင်သုခကတော့ အေအေအနေနဲ့ ကုလားတန် စီမံကိန်းကို ဆန့်ကျင်တာ၊ လမ်းဖောက်တာကို ဆန့်ကျင်တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

အစိုးရတပ်ကတော့ အေအေဟာ ဒေသဖွံ့ဖြိုးရေး ပျက်ပြားအောင် ပြုလုပ်နေပြီး အရပ်ဘက် ပစ်မှတ်တွေကို ခြိမ်းခြောက်နေတယ်လို့ သူတို့ သတင်း ထုတ်ပြန်ချက်ထဲ ပြစ်တင် ရှုတ်ချထားပါတယ်။

ဗီဒီယို ပုံစာ, ရက္ခိတလမ်းစဉ်ဆိုတာ ဘာလဲ - အေအေ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ မေးမြန်းခန်း အပိုင်း ၁