ကယားသမိုင်း သိအောင်လုပ်ပြီးမှ ဗိုလ်ချုပ်ရုပ်တုကို လက်ခံချင်

ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်တုကို စိုက်ထူပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ ဖွင့်ပွဲမှာ ပြည်နယ် ဝန်ကြီးချုပ်လည်း တက်ရောက်ခဲ့ပါတယ်။
ဒီရုပ်တု ဖွင့်ပွဲနဲ့ အတူ ဗိုလ်ချုပ် ရုပ်ထု စိုက်ထူတာကို ထောက်ခံတယ်ဆိုပြီး ဒေသခံတချို့လည်း စီတန်း လှည့်လည် ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်ရုပ်တုကို စိုက်ထူဖို့ စလုပ်တဲ့အချိန်ကတည်းက လူငယ်တချို့က ကန့်ကွက်ခဲ့ပြီး ရုပ်တု စိုက်ထူမယ့် ပန်းခြံရှေ့မှာ ထိုင်သပိတ်ပြုလုပ်ပြီး ဆန့်ကျင်ခဲ့ကြပါတယ်။ ဒီလို ကန့်ကွက်တဲ့ လူငယ် ၂၀ ဦးလည်း ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်း ဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရပါတယ်။
ဗိုလ်ချုပ် ရုပ်တု စိုက်ထူခဲ့ပြီးတဲ့နောက်မှာ လူငယ်တွေက လွိုင်ကော်ကိုရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟို အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။ တချို့လူငယ်တွေဆိုရင် လွိုင်ကော် အန်အယ်လ်ဒီ ရုံးရှေ့မှာ ညအိပ်စောင့်ဆိုင်း ခဲ့ပါတယ်။ ဒါပေမဲ့ လူငယ်တွေနဲ့ အန်အယ်လ်ဒီ ဗဟိုတို့ တွေ့ဆုံခွင့်မရရှိခဲ့ပါဘူး။

ဒါကြောင့် ဒီရုပ်တု စိုက်ထူတာဟာ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ ဒီလို ကန့်ကွက်မှုတွေ ရှိနေတဲ့ ကြားက ဗိုလ်ချုပ် ရုပ်တုကို စိုက်ထူလိုက်တာက အန်အယ်လ်ဒီအစိုးရအပေါ် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေမလား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။
ဗိုလ်ချုပ် ရုပ်တု စိုက်ထူဖို့ ဘယ်က စ
တကယ်တော့ ကယားပြည်နယ်မှာ ရှိတဲ့ ဒေသခံ လူငယ်တွေက ဗိုလ်ချုပ် ရုပ်တု စိုက်ထူဖို့ စတင် စီစဉ်ကတည်းက ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အတင်းအကျပ် စိုက်ထူဖို့ ဆက်လုပ်ဆောင်တာကြောင့် လူငယ်တွေက ထိုင်သပိတ် စခန်းဖွင့် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီအစိုးရ အာဏာရလာပြီးတဲ့နောက် မြန်မာနိုင်ငံတဝန်းမှာ ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူတာ ပိုများလာပါတယ်။
ဒီအထဲမှာ ကယားပြည်နယ်မှာ ဗိုလ်ချုပ်ရုပ်တုကို စိုက်ထူဖို့ ကိုတော့ ၂ဝ၁၇ ခုနှစ်ကနေ စတင် လုပ်ဆောင် ခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒါပေမဲ့ ဗိုလ်ချုပ် ရုပ်တုကို ဘယ်သူ စိုက်ထူတာလဲဆိုတာကလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ရုပ်တုကို ပန်းခြံအတွင်းမှာ စိုက်ထူတာဟာ ပြည်နယ်အစိုးရရဲ့ အစီအစဉ်မဟုတ်ဘဲ လူမှုရေး အသင်းအဖွဲ့ရဲ့ အစီအစဉ်နဲ့ စိုက်ထူတာလို့ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ဘီဘီစီကို ပြောပါတယ်။
တခါ အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကလည်း ရုပ်တုကို စိုက်ထူဖို့ ပါတီက တိုက်တွန်းတာ ညွန်ကြားတာ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
ကန့်ကွက်နေတဲ့လူငယ်တွေဘက်ကလည်း ရုပ်တုကို ဘယ်သူစိုက်တာလဲလို့ အစိုးရကို မေးတဲ့ အခါ အသင်းအဖွဲ့က လုပ်တယ်လို့ပြောပေမယ့် အသင်းအဖွဲ့နာမည်တော့ မထုတ်ဖော်ရဲဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ ဒီလို လုပ်ဆောင်နေတဲ့ အထဲမှာ အန်အယ်လ်ဒီ ပါတီဝင်တွေ ပါနေတာကြောင့် ပါတီက လုပ်တာ မဟုတ်ဘူးလားလို့ မေးတဲ့ အခါ ပရဟိတ အဖွဲ့က လုပ်တာလို့ ပြန်ပြောတာကြောင့် ဒီကိစ္စကို ဘယ်သူလုပ်လဲဆိုတာ လူငယ်တွေ ဘက်ကလည်း ရှင်းရှင်းလင်းလင်း သိချင်နေတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ် ရုပ်တု စိုက်ထူဖို့ စတင်ကတည်းက ကရင်နီလက်နက်ကိုင်အဖွဲ့၊ ကရင်နီပါတီ၊ စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့တွေ အပါအဝင် ကရင်နီ လူငယ်အရပ်ဘက် အဖွဲ့အစည်း ၂ဝ လောက်က ကန့်ကွက်ခဲ့ကြပါတယ်။
ဒီကိစ္စကို ပြေလည်ဖို့ ကယားပြည်နယ် ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်တွေနဲ့ ကန့်ကွက်နေတဲ့ လူငယ်တွေ ၄ ကြိမ်လောက် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, KNIC
ဗိုလ်ချုပ်နဲ့ ကယားပြည်နယ် ဘယ်လို ဆက်စပ်လဲ
သမိုင်းအချက်အလက်တွေအရ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကယားပြည်နယ် ဆက်စပ်မှုက နည်းပါးတာကို တွေ့ရပါတယ်။ ဒါကလည်း ကယားပြည်နယ်ရဲ့ တခြားပြည်နယ်နဲ့ မတူတဲ့ နောက်ခံ သမိုင်းကြောင်းကြောင့် ဖြစ်ပါတယ်။
၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် ည ၇ နာရီမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီအချိန်က ကရင်နီဒေသ လွိုင်ကော်မြို့ကို လာရောက်ခဲ့ဖူးပါတယ်။ ဒီဇင်ဘာ ၂၄ ရက်မှာ လွိုင်ကော်မြို့ ဓမ္မာရုံကြီးမှာ ဗိုလ်ချုပ်က လူထု ၅၀ဝ ခန့်ကို စကားပြော ဆိုခဲ့ပါတယ်။

ဒီလို ပြောဆိုရာမှာ ကရင်နီနဲ့ မြန်မာ ချစ်ကြည် ရင်းနှီးသွေးစည်းလိုတဲ့ အနေနဲ့ လာခဲ့ကြောင်း၊ တွင်းထွက်တွေ ပေါပေမယ့် တိုင်းရင်းသားတွေက ဆင်းရဲတွင်းနက်နေပြီး ကရင်နီနယ်ရဲ့ လွတ်လပ်ရေး ကလည်း စက္ကူပေါ်မှာ သာရှိတဲ့ကြောင်း၊ တိုင်းတပါးသားတွေကို မောင်းထုတ်ပြီး မြန်မာနဲ့ အစားထိုးမှာ မဟုတ်တဲ့အကြောင်း၊ ကရင်နီ အုပ်ချုပ်ရေး အတိုင်းအုပ်ချုပ်ဖို့နဲ့ ဘာမှ ဝင်စွက်မှာ မဟုတ်ဘူး ဆိုတဲ့အကြောင်းတွေ သူက ပြောဆိုခဲ့တယ်လို့ သမိုင်းအထောက်အထား တွေမှာ ရေးသားပါတယ်။
ဒါ့ကြောင့် ကရင်နီပြည်ဟာ အဲဒီအချိန်က သီးခြားလွတ်လပ်တဲ့ ပြည်နယ်အဖြစ် တည်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာမှာ ကရင်နီပြည်က စဝ်ဝဏ္ဏနဲ့ စောသိန်းတို့ပါဝင်တဲ့ လေ့လာရေး ကိုယ်စားလှယ် အဖွဲ့တွေက သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNIC
ကယားပြည်နယ်လို့ ခေါ်တဲ့ ကရင်နီပြည်ရဲ့ သမိုင်းကြောင်း
သမိုင်းကို ပြန်ကြည့်ရင် ကယားပြည်နယ်လို့ ခေါ်တဲ့ ကရင်နီပြည်ဟာ တခြား ပြည်နယ်တွေနဲ့ မတူတာကို တွေ့ရမှာပါ။
၁၈၇၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ မြန်မာဘုရင်ရဲ့ ကိုယ်စားလှယ်အဖြစ် ကင်းဝန်မင်းကြီးနဲ့ အိန္ဒိယ ဘုရင်ခံချုပ်ရဲ့ ကိုယ်စားလှယ် ဆာဒေါက်ဂလပ်ဖောဆိုက်တို့ဟာ ကရင်နီပြည်ကို သီးခြား လွတ်လပ်တဲ့ ပြည်နယ်အဖြစ် လက်မှတ်ရေးထိုး အသိအမှတ်ပြုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNIC
သူတို့ ဘာကြောင့် ကန့်ကွက်ကြတာပါလဲ။
"ကယားပြည်နယ်ခေါ်တဲ့ ကရင်နီ ပြည်သူပြည်သားတွေ၊ အခုခေတ်ကျောင်းသားတွေကလည်း ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာနိုင်ငံ လွတ်လပ်ရေးယူပေးတဲ့ စိတ်ထားမှန်တဲ့ ဂုဏ်ပြုထိုက်တဲ့ ဂုဏ်ပုဒ်နဲ့ ရှိတဲ့ ပုဂ္ဂိုလ်ဆိုပြီး အားလုံးက ရိုသေတယ် လေးစားတယ်"လို့ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူက ပြောပါတယ်။ သူ့ဖခင်က ဗိုလ်ချုပ်နဲ့ တွေ့ဆုံခဲ့တဲ့ ကရင်နီက စောသိန်းပါ။
အခုဗိုလ်ချုပ် ရုပ်တုကို ကန့်ကွက်တဲ့လူငယ်တွေဟာ အရင် စစ်အစိုးရလက်အောက်မှာ ဗိုလ်ချုပ်မွေးနေ့၊ အာဇာနည်နေ့တွေဆိုရင် ဖိနှိပ်မှုတွေရှိနေတဲ့ကြားက ဒီအခမ်းအနားကို ဦးစီးကျင်းပခဲ့တဲ့ ဗိုလ်ချုပ်ကို လေးစားတဲ့ လူငယ်တွေဖြစ်ပြီး အခု ဗိုလ်ချုပ် ရုပ်တု လုပ်ရာမှာ ပါတဲ့သူတွေက အဲဒီတုန်းက ဒီလိုလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။
ကန့်ကွက်နေတဲ့ လူငယ်တွေ ဖြစ်ချင်တာက ပြည်နယ်သမိုင်းမှန်ကို အရင် အသိပေးပြီးမှ ဗိုလ်ချုပ် ရုပ်တုကို စိုက်ထူဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။
ဒီလိုမဟုတ်ရင် ပြည်နယ်ရဲ့ သမိုင်းမှန် ပျောက်သွား ပြီး ဗိုလ်ချုပ်က လွတ်လပ်ရေး ရယူပေးတယ် ဆိုတဲ့ သမိုင်းတွင်သွားမှာကို စိုးရိမ်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံလူငယ်တွေက ဘာကို တောင်းဆိုခဲ့ကြပါသလဲ
ဒါပေမဲ့ ဆွေးနွေးညှိနှိုင်းလို့ မရတဲ့နောက်မှာ ဒေသခံလူငယ်တွေရဲ့ တောင်းဆိုမှုတွေက ပိုမို ပြင်းထန်လာပါတယ်။
ဒေသခံလူငယ်တွေက ဗိုလ်ချုပ်ကြေးရုပ်တုနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရကို အချက် ၃ ချက်တောင်းဆို ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNIC
ကြေးရုပ်တုကို အပြီးသတ် ဖျက်သိမ်းပေးဖို့၊ မဖြစ်မနေ ရုပ်တုတည်မယ်ဆိုရင် ဒေသခံ လူထုရဲ့ ဆန္ဒ သဘောထားကို ကောက်ယူပြီးမှ လုပ်ဆောင်ဖို့နဲ့ ပြည်နယ်အစိုးရ၊ အန်အယ်လ်ဒီ ပါတီဝင်၊ လူမှုရေး အသင်းအဖွဲ့တွေဖြစ်စေ ရုပ်တုကို မဖြစ်မနေ စိုက်ထူမယ်ဆိုရင် အများပြည်သူ အပန်းဖြေတဲ့ နေရာမှာ မလုပ်ဘဲ အစိုးရ၊ ပါတီတွေနဲ့ သက်ဆိုင်တဲ့နေရာမှာ ထားရှိဖို့ ဖြစ်ပါတယ်။
အခုတော့ ဒေသခံလူငယ်တွေနဲ့ ညှိနှိုင်းလို့မရဘဲ ပြည်နယ်အစိုးရက ကြေးရုပ်ကို စိုက်ထူပြီး ဖွင့်လှစ်လိုက်ပါတယ်။
ရုပ်တုကြောင့် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ထိခိုက်မလား
ဒေသခံလူငယ်တွေရဲ့ သဘောထားမပါဘဲ တဖက်သတ် လုပ်ဆောင်တဲ့လုပ်ရပ်က တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ထိခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုရှိနေပြီး အန်အယ်လ်ဒီအစိုးရရဲ့ တိုင်းရင်းသားတွေ အပေါ် ထားတဲ့ မူဝါဒကိုလည်း မေးခွန်းထုတ်တာတွေရှိလာပါတယ်။
တိုင်းရင်းသားတွေကလည်း သူတို့ရဲ့ အမျိုးသား အခွင့်အရေးတွေ ဆုံးရှုံးနစ်နာမှုဟာ ဗမာတွေရဲ့ လူမျိုးကြီး ဝါဒကြောင့်ဆိုပြီး တလျှောက်လုံး ခံစားမှုတွေ ရှိခဲ့ကြတယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ တွေက ထောက်ပြလေ့ ရှိပါတယ်။
တပြည်လုံးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားပေမယ့် တိုင်းရင်းသားတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ဘာမှန်းမသိတဲ့သူတွေ ရှိတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"ဗမာလူမျိုးတွေရဲ့ သူရဲကောင်းတွေရဲ့ ရုပ်တုတွေကို ပြည်နယ်တွေမှာသွားပြီးတော့ လူထု ဆန္ဒသဘောတူညီမှု မရှိဘဲနဲ့ အတင်း စိုက်ထူဖို့ ကြိုးစားတာက ပဋိပက္ခဖြစ်ဖို့ပဲ များတယ်၊ စိုက်ချင်ရင် ကိုယ့်တိုင်း ဒေသကြီးမှာပဲ စိုက်ပေါ့ဗျ၊ ဒီကြားထဲမှာ သက်ဆိုင်ရာ ဒေသက လုံခြုံရေး အဖွဲ့အစည်းတွေ အကိုင်အတွယ် မတတ်တဲ့အခါကျတော့ အပ်နဲ့ထွင်းရမယ့် ကိစ္စက ပေါက်ဆိန်နဲ့ ပေါက်ရမယ့် ကိစ္စ ဖြစ်ကုန် တာပေါ့"လို့ သူက သုံးသပ်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားတွေ လိုလားတဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ဖက်ဒရယ် ဒီမိုကရေစီ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ အန်အယ်လ်ဒီပါတီကိုလည်း ယုံကြည်မှု မျှော်လင့်မှု အားနည်း သွားတယ်လို့ သူက ပြောပါတယ်။
မွန်နဲ့ ကချင်မှာလည်း ဗိုလ်ချုပ် ရုပ်တုတွေကို ကန့်ကွက်နေတဲ့ ကြားက စိုက်ထူတာတွေ ရှိခဲ့တာကြောင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုအနေနဲ့ တိုင်းရင်းသားတွေ အန်အယ်လ်ဒီအစိုးရအပေါ် ရှိခဲ့တဲ့ ယုံကြည်မှုတွေ ထိခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။








