မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်တန့်ဖို့ နည်းမျိုးစုံနဲ့ ကန့်ကွက်မယ်

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း
ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်မယ့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း အပြီးတိုင် ရပ်တန့်ဖို့ နည်းမျိုးစုံနဲ့ ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံအနှံ့က မြို့ကြီးတွေမှာ လုပ်ဆောင်ဖို့ အရပ်ဘက်ကွန်ရက် အဖွဲ့တွေက တွေ့ဆုံ ဆွေနွေးဖို့ ရှိနေပါတယ်။
ကွန်ရက်အဖွဲ့ ၁၀၀ လောက်ဟာ မြစ်ဆုံအရေးနဲ့ ပတ်သက်လို့ လာမယ့်ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေနွေးကြမှာပါ။
ကန့်ကွက်လှုပ်ရှားမှုတွေကို ရန်ကုန်၊ မန္တလေး၊ ပြည်၊ ပခုက္ကူ၊ ပုဂံ၊ ညောင်ဦး၊ စတဲ့ မြို့တွေမှာ ဆက်လက် လုပ်ဆောင်ဖို့ အဓိကထား ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်း မြစ်ဆုံအရေး ကန့်ကွက်လှုပ်ရှားမှုတွေကို ဘယ်လိုပုံစံနဲ့ ဖော်ဆောင်မယ် ဆိုတာကို တက်ရောက်လာတဲ့ အရပ်ဘက်ကွန်ရက် အဖွဲ့တွေ ဆုံးဖြတ်ချက်နဲ့ ဆွေးနွေးသဘောတူကြမှာ ဖြစ်တယ်လို့ ဦးဆောင်လှုပ်ရှားနေတဲ့ ကွန်ရက်အဖွဲ့ဖြစ်တဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဦးအောင်စိုးက ပြောပါတယ်။
" ဘယ်သူပဲ လုပ်လုပ် ဘယ်အစိုးရပဲလုပ်လုပ် လုံး၀ လက်ခံမှာ မဟုတ်ဘူး၊ လူထု လှုပ်ရှားမှုတွေ လုပ်မယ်။ ဒေသခံတွေကိုလည်း ဆာဗေး(စစ်တမ်း)ဆင်း မေးမြန်းပြီးပြီ။ သူတို့တွေကလည်း လုံးဝကန့်ကွက်တယ်။ နည်းမျိုးစုံနဲ့ကို ကန့်ကွက်မယ်" လို့ ဦးအောင်စိုးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း
ဒီသီတင်းပတ် အစောပိုင်းတုန်းကလည်း မြစ်ဆုံအရေး ကန့်ကွက်ဆန္ဒပြပွဲတွေကို အရပ်ဘက်ကွန်ရက် အဖွဲ့ဝင်တချို့နဲ့ တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး ရန်ကုန်၊ ပုသိမ်နဲ့ ချောက်မြို့တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရဘက်က တိကျတဲ့ မှတ်ချက်ပြုတာမျိုး မရှိပေမယ့် ရင်းနှီးမြုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ရင်းနှီးမြုပ်နှံမှု ဖိုရမ်မှာ မြစ်ဆုံနဲ့ ပတ်သက်တဲ့ အဖြေက ဘာဖြစ်မလဲ မသိပေမယ့် ဆည်ရဲ့ အရွယ်အစားကို သေးလိုက်တာ၊ ဒါမှမဟုတ် တခြားနေရာကို ပြောင်းရွှေ့တာမျိုးတွေက ဖြစ်နိုင်ချေရှိတဲ့ အဖြေတွေ ဖြစ်နိုင်တယ်လို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။
အစိုးရကတော့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရအရာရှိကြီးတွေ ပါသင်တဲ့ ကော်မရှင်တရပ် ဖွဲ့ထားပေမယ့် ဒီကော်မရှင်က ဘာတွေ တွေ့ရှိထားလဲ ဆိုတာကိုလည်း အခုထိ မထုတ်ပြန်သေးပါဘူး။
ကချင်ပြည်နယ် အစိုးရအဖွဲ့ကတော့ မြစ်ဆုံနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရကပဲ ဆောင်ရွက်နေပြီး ပြည်နယ်အစိုးရကို အသိပေးပြောတာမျိုး မရှိဘူးလို့ ပြောပါတယ်။
ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကလည်း မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တယ်၊ ဒါဟာ တနိုင်ငံလုံးနဲ့ သက်ဆိုင်တယ်လို့ ပြောပါတယ်။
" ကန့်ကွက်သလားဆိုတော့ ကန့်ကွက်တယ်။ အတိုက်အခံ ဘဝတုန်းကလည်း ကန့်ကွက်ခဲ့တယ်။ ဒါဟာ တနိုင်ငံလုံးနဲ့ ဆိုင်တယ်။ နိုင်ငံသူနိုင်ငံသား နဲ့ အားလုံးနဲ့ သက်ဆိုင်ပါတယ်" လို့ ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။
လောလောဆယ်မှာလည်း အရပ်ဘက်ကွန်ရက် အဖွဲ့တချို့က ဦးဆောင်ပြီး မြစ်ဆုံစီမံကိန်း ကန့်ကွက်လှုပ်ရှားမှုတွေ လုပ်နေကြပြီ ဖြစ်ပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၃ ရက် ရန်ကုန်မှာလုပ်မယ့် မြစ်ဆုံအရေး ကန့်ကွက်ကြမယ့် ဆွေးနွေးပွဲကို ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပုသိမ် စတဲ့ မြို့တွေက ပြည်သူ့အကျိုးဆောင်ကွန်ရက် အဖွဲ့တွေ၊ တိုင်းရင်းသား ကွန်ရက် အဖွဲ့တွေနဲ့ ကျောင်းသားသမဂ္ဂတွေ ပူးပေါင်းပါဝင်ကြဖို့ ရှိနေပါတယ်။









