ချင်းတို့ရိုးရာခွာဒိုပွဲ

ဓာတ်ပုံ ရင်းမြစ်, ဆွမ်ဇနန်
ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ဇိုမီးဘာသာနဲ့ ခွာဒိုလို့ ခေါ်တဲ့ ကောက်သစ်စားပွဲတော်ဟာ ချင်းလူမျိုး တွေရဲ့ ရိုးရာဓလေ့တခုပါပဲ။
ချင်းလူမျိုးတွေဟာ တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြတာကြောင့် တောင်ယာ ရိတ်သိမ်းတဲ့ ဒီရာသီ ရောက်ပြီ ဆိုရင်တော့ တောင်ယာနီးချင်း ဆွေမျိုးတွေနဲ့ စုပေါင်းစားသောက် ကြရင်း နောက်လာမယ့် ရာသီမှာ သီးနှံတွေ အောင်မြင်ဖို့ ရိုးရာနတ်ပူဇာ်ပသတာတွေ လုပ်လေ့ရှိပါတယ်။
ဒီပွဲတော်မှာ ချင်းလူမျိုးတွေရဲ့ ရှေးဘိုးဘေးတွေကို ပင့်ဖိတ်ကန်တော့တာတွေအပြင် ရွာတွင်းမှာ ရှိတဲ့ မကောင်းဆိုးဝါးတွေကို နှင်ထုတ်တာတွေလည်း လုပ်ကြပါတယ်။ ရိုးရာခွာဒိုပွဲဟာ နှစ်သစ်ကူးပွဲတော် တစ်မျိုးဖြစ်ပြီး အောက်တိုဘာလမှာ အများဆုံး လုပ်ကြပါတယ်။
တစ်ခါလုပ်ရင် သုံးရက်ကနေ ငါးရက်အထိ လုပ်လေ့ရှိပေမယ့် အခုနောက်ပိုင်းတော့ တချို့မြို့ကြီးတွေမှာ အချိန်နေရာ အရ တစ်ရက်ပဲ လုပ်ကြတာတွေရှိပါတယ်။
ဒီပွဲဟာ ရှေးဘိုးဘေးစဉ်ဆက်က လုပ်လာတဲ့ ပွဲတော်ဖြစ်တာကြောင့် ချင်းလူမျိုးတွေအတွက် သိပ်ကို အရေးပါတဲ့ ပွဲတော် ဖြစ်တယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့ ချင်းပြည်နယ် တီးတိန်မြို့ ကမ်းဟောက်ခန်းမ မှာလုပ်မယ့် ခွာဒိုပွဲတော် ဖြစ်မြောက်ရေး လုပ်ဆောင်နေသူ ဆွမ်ဇနန်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဆွမ်ဇနန်
ခွာဒိုပွဲမှာ ရိုးရာတူရိယာတွေဖြစ်တဲ့ ဗုံမောင်း၊ နွားနောက်ဦးချို၊ ပုလွေ စတာတွေနဲ့ တီးမှုတ်ခဲ့ကြသလို မကောင်းတဲ့ နတ်ဆိုးတွေ ရွာကနှင်ထုတ်တာအပြင် နောက်နှစ်အတွက် သီးနှံအထွက်တိုးမတိုးကို ကြည့်ရှု စစ်ဆေးတာတွေ လုပ်ကြပါတယ်။
ခွာဒိုပွဲမှာ မရှိမဖြစ် အရေးပါတာကတော့ ပျားအုံသယ်တာပါ ။ပျားအုံကို တောထဲကနေ မီးရှို့ပြီးတော့ပဲ သယ်လို့ရတယ် ပျားမကိုက်အောင်လို့ ။ ပျားအုံပေါ်က ပျား အကောင်ပေါက်ကလေးတွေကို ကြည့်ပြီး နောက်နှစ် စပါးအထွက်ကောင်းမကောင်း ကိုကြည့်ကြတာဖြစ်တယ်လို့ ဆွမ်ဇနန်က ရှင်းပြပါတယ်။
အရင်တုန်းက ပွဲတစ်ခုလုပ်မယ် ဆိုရင် ပွဲလုပ်ဖို့ စာတင်ရတာတွေ ခွင့်ပြုချက်ရမှ လုပ်ရတာဖြစ်ပြီး အခုနောက်ပိုင်းတော့ ပြည်နယ် အစိုးရအဆင့်ထိ တက်ရောက်တဲ့ပွဲဖြစ်လာပါတယ်။
ဒါပေမယ့် ညပိုင်းထိ ပွဲလုပ်ဖို့တော့ ရန်ကုန်လို မြို့ကြီးတွေမှာ ခက်ခဲတုန်းဖြစ်ပါတယ်။
ဒီလို ခွာဒိုပွဲလုပ်တဲ့အခါ အစိုးရရုံးပိတ်ရက်လို ဒါမှ မဟုတ် အများပြည်သူ အားလပ်နိုင်တဲ့ ရက်မျိုးကို တွက်ချက် လုပ်ရတာကြောင့် ပြည်နယ် အစိုးရ ရုံးပိတ်ရက် တစ်ရက်အဖြစ် သတ်မှတ်ပေးနိုင်ရင် အဆင်ပြေနိုင်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။








