မြန်မာအပေါ် စွပ်စွဲချက် ကနဦး စစ်ဆေးမှုတွေ အိုင်စီစီ လုပ်မယ်

အိုင်စီစီက အမှုလိုက် အရာရှိ Fatou Bensouda

ဓာတ်ပုံ ရင်းမြစ်, AFP / Getty Images

ဓာတ်ပုံ ပုံစာ, အိုင်စီစီက အမှုလိုက် အရာရှိ Fatou Bensouda

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အတင်းအကြပ် ပြောင်းရွှေ့စေတာတွေ ကျူးလွန်တယ်လို့ စွပ်စွဲ ခံထားတဲ့ ကိစ္စရပ်တွေကို ကနဦး စစ်ဆေးမှုတွေ လုပ်မယ်လို့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ)က ထုတ်ပြန်ပါတယ်။

မြန်မာက အိုင်စီစီရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှု တွေ ကျူးလွန်တယ် ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် တရားရုံးက စီရင်ပိုင်ခွင့် ရှိတယ်လို့ အိုင်စီစီက ပြောဆိုခဲ့အပြီး သီတင်း နှစ်ပတ်အကြာမှာ အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အိုင်စီစီက အမှုလိုက် အရာရှိ Fatou Bensouda ရဲ့ ထုတ်ပြန် ချက်မှာ ၂၀၁၇ ခုနှစ်ကတည်းက သူရဲ့ ရုံးက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်
ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်

စစ်ဆေးမှုတွေကို တဆင့်တက်လုပ်ဆောင်ဖို့နဲ့ ကနဦး စိစစ်မှုတွေကို အပြည့်အဝ လုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ရေးပါတယ်။

ကနဦး စစ်ဆေးမှုဆိုတာ စုံစမ်းစစ်ဆေးမှု မဟုတ်သေးဘဲ ရရှိတဲ့ သတင်းအချက် အလက်တွေကို စိစစ်ဆုံးဖြတ်တဲ့ ဖြစ်စဉ်ပြီး ရောမသဘောတူ စာချုပ်ရဲ့ လုပ်ထုံး လုပ်နည်းတွေအရ စုံစမ်းစစ်ဆေးမှု လုပ်ဖို့ ခိုင်မာမှု ရှိမရှိ ဆုံးဖြတ်နိုင်ဖို့လို့ ဆိုပါတယ်။

ဒီကနဦး စစ်ဆေးမှုတွေကနေတဆင့် အိုင်စီစီအနေနဲ့ တရားဝင် စုံစမ်းစစ် ဆေးခွင့်တွေ ရရှိနိုင်သလို နောက်ထပ် တရားစွဲဆိုမှုတွေ ပြုလုပ်သွားနိုင်မယ်လို့ ဆိုပါတယ်။