ကချင်က နယ်စပ်ဂိတ်ကို အဆင့်မြှင့်ဖို့ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Kachin News Group
ကချင်ပြည်နယ် ကန်ပိုက်တီး နယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက် ဂိတ် အဖြစ် တိုးမြှင့် ပေးဖို့ ကချင် ပြည်နယ် ကုန်သည်များနဲ့ စက်မှု လုပ်ငန်းရှင်များ အသင်းက ဒုတိယ သမ္မတဆီကို တင်ပြခဲ့ ပါတယ်။
ကချင်ပြည်နယ် ထဲက ကန်ပိုက်တီး နယ်စပ်ဂိတ် ဟာ မြန်မာပြည်ထဲ ကနေ အိမ်နီးချင်း နိုင်ငံ တရုတ် နိုင်ငံ ကို နယ်စပ် ဖြတ်ကျော်ခွင့် ခုနှစ်ရက် သက်တမ်းနဲ့ ဖြတ်ကျော် သွားလာ နိုင်တဲ့ ဂိတ်ဖြစ်ပါတယ်။
ဒါကြောင့် ဒီကန်ပိုက်တီး နယ်စပ်ဂိတ်ကို နယ်စပ် ဖြတ်ကျော်ခွင့် ၊ ပတ်စ်ပို့၊ ဗီဇာ စတာတွေနဲ့ နိုင်ငံ တကာ ခရီးသွားတွေ ဝင်ရောက် သွားလာပြီး ကချင် ပြည်နယ်မှာ စီးပွားဖြစ် ခရီးသွား လုပ်ငန်းတွေကို အကောင် အထည် ဖော်နိုင်ဖို့ ရည်ရွယ်တယ်လို့ ကချင်ပြည်နယ် ကုန်သည်များနဲ့ စက်မှု လုပ်ငန်းရှင်များ အသင်းရဲ့ ဒုတိယ ဥက္ကဌ ဦးထွန်းညွန့် က ပြောပါတယ်။
ဒီအပြည်ပြည်ဆိုင်ရာ ဂိတ်ဟာ ကုန်းတွင်းဂိတ် အနေနဲ့ မရှိဖူးသေးဘဲ လေယာဉ်နဲ့ လာရတဲ့ ရန်ကုန် မင်္ဂလာဒုံ လေဆိပ် ပဲ ရှိသေးတဲ့ အတွက် ကချင်ပြည်နယ် အတွက် ဒီလို တောင်းဆိုတာ ဖြစ်တယ်လို့ ဦးထွန်းညွန့်က ဆိုပါ တယ်။
ကချင်ပြည်နယ်ဟာ နယ်လှည့် ခရီးသွားတွေ သွားလာ လည်ပတ်ဖို့ ကောင်းတဲ့ သဘာ၀ တောတောင်နဲ့ ရှုခင်း တွေ ရှိတဲ့ အတွက် အခု တောင်းဆိုခဲ့ရတာ ဖြစ်ပြီး တရုတ်နဲ့ ထိစပ်နေတဲ့ နယ်စပ် ထိန်ချုံးမြို့ကိုလာမယ့် ကမ္ဘာလှည့် ခရီးသည် တွေကို မြစ်ကြီးနား အထိ လာဖို့ ဖိတ်ခေါ် နိုင်မယ်လို့ ထင်ကြောင်း ဦးထွန်းညွန့်က ဆိုပါတယ်။
တိုက်ပွဲတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်မှာ ဒီလို လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေနဲ့ မလုံခြုံမှုကပဲ ခရီးသွား တွေကို ဆွဲဆောင် နိုင်တယ်လို့ သူက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် ဖြစ်မယ်ဆိုရင်တော့ မြစ်ကြီးနား နဲ့ ကန်ပိုက်တီး လမ်းပိုင်းကို လုံခြုံ စေချင် တယ်လို့ မြစ်ကြီးနားနဲ့ ကန်ပိုက်တီးကို ခရီးသည် ယာဉ် ဘတ်စကား ပြေးဆွဲ နေတဲ့ ကိုစိုင်းအောင်က ပြောပါတယ်။
ကချင်ပြည်နယ်နဲ့ ထိစပ် နေတဲ့ တရုတ်ပြည် ပေါင်ဆန်း ခရိုင် ထိန်ချုံးမြို့ဟာ မြစ်ကြီးနားမြို့နဲ့ ကီလို မီတာ ၂၀ဝ ပဲ ကွာပြီး သဘာ၀ အခြေခံ ခရီးသွားမြို့ ဖြစ်ပါတယ်။
နှစ်စဉ် ခရီးသွား ဧည့်သည် ၁ဝ သန်းခန့် ရှိပြီး ၂၀၁၈ ဇူလိုင် လမှာ ခရီးသည် ၁၄ သန်း လာရောက် လည်ပတ် ပါတယ်။








