လူ့အသိုင်းအဝိုင်း တခုလုံးကို ရာဇဝတ်မှုကျူးလွန်မှု မှာ တာဝန်ရှိတယ် လို့ စွပ်ခွဲခံရတဲ့ ဗိုလ်ချုပ်မှူးကြီးAI ကို တုံ့ပြန်ပြောဆိုစရာမရှိဟု ဆို

မြန်မာစစ်တပ်ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ICC တင်ဖို့အထိ တောင်းဆိုမှုတွေ ရှိနေ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ကို လူ့အသိုင်းအဝိုင်း တခုလုံးကို ရာဇဝတ်မှုကျူးလွန်မှု မှာ တာဝန်ရှိတယ် လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International ရဲ့ စွပ်စွဲထား ချက် တွေ ကို တုံ့ပြန်စရာမရှိဘူး လို့ ပြောကြားလိုက်ပါတယ်။

သူ အပါအဝင် မြန်မာ့တပ်မတော်က ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေ ပါဝင်တဲ့အဖွဲ့ က သတင်းမီဒီယာ ကောင်စီနဲ့ တွေ့ဆုံခဲ့စဉ် သတင်းသမားတွေ ရဲ့ အမေးကို ပြန်ဖြေကြားရာမှာ ဗိုလ်ချုပ်မှူးကြီးက AI ဟာ အဖွဲ့အစည်း တခုသာဖြစ်ပြီး အဲဒီ အဖွဲ့ရဲ့ ပြောဆိုချက်တွေကို ပြန်လည် တုံ့ပြန်စရာမရှိဘူး လို့ ပြောကြားခဲ့ကြောင်း အဲဒီ ဆွေးနွေးပွဲ ကို တက်ရောက်ခဲ့တဲ့ သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော် က ဘီဘီစီကို ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး က အာဏာသိမ်းဖို့ ခြိမ်းခြောက်တယ် ဆိုတဲ့ နိုင်ငံခြားသား သတင်းထောက် တယောက်ရဲ့ သတင်းနဲ့ ပတ်သက်လို့လည်း အဲဒီလို ပြောဆိုခဲ့တာ မရှိကြောင်း သူက ငြင်းဆိုတယ်လို့ အဲဒီ ဆွေးနွေးပွဲ ကို တက်ရောက်ခဲ့တဲ့ သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော် က ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ နဲ့ ပြီးခဲ့တဲ့ သီတင်းပတ် တွေ အတွင်း က တွေ့ဆုံခဲ့တဲ့ ပွဲမှာ ရခိုင်မြောက်ပိုင်း အရေး ကိစ္စတွေ နဲ့ပတ်သက်ပြီး အစိုးရ ဘက် က လုပ်ဆောင်တာတွေ၊ တပ်မတော်ဘက် က လုပ်ဆောင်တာတွေ ကို ဖလှယ်ဆွေးနွေးကြတာ သာ ဖြစ်ကြောင်း နဲ့ နှစ်ဘက်ကြား အဆင်ပြေတဲ့အကြောင်း သူ က ပြောဆိုတယ်လို့ သိရပါတယ်။

ကုလ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကုလအထူးကိုယ်စားလှယ် ရခိုင်မြောက်ပိုင်း ကို သွား

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက် ဖိနှိပ်မှုတွေ ကြောင့် လူပေါင်း ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ထွက်ပြေး ခိုလှုံခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ပြန် ထားပါတယ်။

ရခိုင်ပြည်နယ်မှာ လူ့အသိုင်းအဝိုင်း တခုလုံးအပေါ် ရာဇဝတ် ပြစ်မှုကြီး ကျူးလွန်ခဲ့မှုမှာ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက်နဲ့ ရဲဘက် ထိပ်တန်းခေါင်းဆောင် ၁၃ ဦးမှာ တာဝန်ရှိတယ် ဆိုတဲ့ အထောက်အထားတွေကို သူတို့ တွေ့ရှိထားကြောင်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

ပြစ်မှု ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူဖို့ကိုလည်း AI အစီရင်ခံစာထဲမှာ တောင်းဆိုထားပါတယ်။