မကရင်မ သေဆုံးခဲ့မှုမှာ ကျန်ရစ်သူ မိသားစုကို ဥပဒေဆိုင်ရာ အကူအညီပေးမယ်

သေဆုံးသူ မကရင်မ အိမ်ကိုလာကြတဲ့ အုတ်ဖိုရွာသားတွေ

ဓာတ်ပုံ ရင်းမြစ်, DAW MOE MOE SU KYI FACEBOOK

ဓာတ်ပုံ ပုံစာ, သေဆုံးသူ မကရင်မ အိမ်ကိုလာကြတဲ့ အုတ်ဖိုရွာသားတွေ

လှည်းကူးမြို့နယ် အင်းတိုင်သံချပ်ကာ တပ်ရင်းအရာရှိ ရိပ်သာက ဗိုလ်မှူး တယောက်ရဲ့ အိမ်မှာ အိမ်အကူလုပ်ကိုင်ရင်း သေဆုံးခဲ့ရတဲ့ မကရင်မ ခေါ် မခင်သန္တာဦးရဲ့ အမှုနဲ့ ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုအတွက် လိုအပ်တဲ့ ဥပဒေဆိုင်ရာ အကူအညီတွေကို ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက် အကူပေးရေး အဖွဲ့က ပေးမယ်လို့ ကြေညာလာပါတယ်။

ဒီအဖွဲ့ဟာ နွမ်းပါးတဲ့သူတွေကို ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးနိုင်ဖို့ အစိုးရက ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဒီအဖွဲ့ကို ဦးဆောင်ပါတယ်။

မကရင်မ အမှုကိစ္စကို အကူအညီပေးဖို့ ဦးဉာဏ်ဝင်းထံ တောင်းခံခဲ့ရာမှာ သူက ဒီအဖွဲ့ရဲ့ အဖွဲ့ဝင် ဦးကျော်စိုးဗိုလ်ကို တာဝန်ပေးခဲ့သလို မကရင်မ အမှုကိစ္စဟာ ဒီအဖွဲ့က ပထမဆုံး ကူညီဆောင်ရွက်ပေးမယ့် အမှုလို့ ဦးကျော်စိုးဗိုလ်က ပြောပါတယ်။

အဖွဲ့အနေနဲ့ အမှုကိစ္စကို အကူအညီပေးရာမှာ တိုက်ရိုက် လိုက်ပါဆောင်ရွက်ပေးမှာ မဟုတ်ဘဲ ဒီအမှုအတွက် စီစဉ်ဆောင်ရွက်ပေးမှာလို့ သူက ပြောပါတယ်။

တရားရုံးမှာ အမှုမတင်ခင် ရှိနေတဲ့ အခက်အခဲတွေကို ကူညီပေးမှာ ဖြစ်သလို အဖွဲ့ထဲကနေ စေတနာနဲ့ တာဝန်ယူဆောင်ရွက်ပေးမယ့် ရှေ့နေတဦးနဲ့ ဆွေးနွေးနေတယ်လို့လည်း ဦးကျော်စိုးဗိုလ်က ပြောပါတယ်။

ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့အနေနဲ့ တခြားသူတွေကို ဥပဒေအရ အကူအညီပေးနိုင်ဖို့ အဖွဲ့ရဲ့ ဖွဲ့စည်းပုံကို အစိုးရအဖွဲ့ထံ တင်ပြထားဆဲ ဖြစ်ပြီး ပြန်ကြားခြင်း မရှိသေးတာကြောင့် အခြေခံ လူတန်းစားတွေကို ဥပဒေ အကူအညီတွေ ပေးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါတယ်။

ကျန်ရစ်တဲ့ကလေးတွေအတွက် ရပ်မိရပ်ဖတွေနဲ့ လွှတ်တော် အမတ်တွေကူညီနေ

ဓာတ်ပုံ ရင်းမြစ်, U KYAW ZIN OO FACEBOOK

ဓာတ်ပုံ ပုံစာ, ကျန်ရစ်တဲ့ကလေးတွေအတွက် ရပ်မိရပ်ဖတွေနဲ့ လွှတ်တော် အမတ်တွေကူညီနေ

မကရင်မကို ဖမ်းဆီးနှိပ်စက်တယ်လို့ စွပ်စွဲခံထားရသူကတော့ ဗိုလ်မှူးတဦးရဲ့ ဇနီးလည်းဖြစ် ဥပဒေအရာရှိလည်း ဖြစ်တဲ့ ဒေါ်သိင်္ဂီစုဆိုသူ ဖြစ်ပါ တယ်။

ဒေါ်သိင်္ဂီစု ဆွဲကြိုး ပျောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မကရင်မအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ပြုမှုခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေပါတယ်။

ဒေါ်သိင်္ဂီစုတို့ရဲ့ အိမ်ကနေ တွံ့တေးမြို့နယ်ထဲမှာရှိတဲ့ သူရွာကို ပြန်သွားအပြီး မကရင်မ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ စွပ်စွဲခံထားရတဲ့ ဒေါ်သိင်္ဂီစုကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ပြီး ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။