ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လှည်းကူး မြို့ပြ စီမံကိန်း စာချုပ်ပြင်ဖို့ သုံးသပ်
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲမှာ ဆောက်မယ့် Eco Green City မြို့ပြ စီမံကိန်း နဲ့ပတ်သက်တဲ့စာချုပ်ကို ပြန်လည်ချုပ်ဆိုဖို့ သုံးသပ်နေပါတယ်။
ဒီစီမံကိန်းဟာ သမ္မတ ဦးသိန်းစိန်လက်ထက် ခွင့်ပြုပေး ခဲ့တဲ့ ကြီးမားတဲ့ အိမ်ရာစီမံကိန်းတခု ဖြစ်ပါတယ် ။
Eco Green City စီမံကိန်းကို ဦးသိန်းစိန်အစိုးရဆင်းဖို့ ငါးရက်အလို ၂ဝ၁၆ ခုနှစ် မတ်လ ၂၅ ရက်က ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ Alliance Star Company တို့ စာချုပ်ဆိုခဲ့တာပါ။
စီမံကိန်းတည်နေရာကတော့ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး သုံးမိုင် တဖာလုံ အကွာမှာရှိပါတယ်။
ခေတ်စနစ်နဲ့ အညီ ပွင့်လင်းမြင်သာဖို့ စာချုပ်ကို ပြင် ဆင်ဖို့ ပြန်သုံးသပ်နေပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောပါတယ်။
ဒီလို ကြီးမားတဲ့ စီမံကိန်းတွေ လုပ်ဆောင်မယ်ဆိုရင် ပွင့်လင်းမြင်သာ ရှိဖို့အတွက် လွှတ်တော်ကို တင်ပြပြီး လွှတ်တော်ရဲ့ အတည်ပြုချက်ရယူဖို့ လိုပါတယ်။
ပြီးခဲ့တဲ့ အစိုးရ အနေနဲ့ လွှတ်တော်ကိုမတင်ပြဘဲ ဆောင်ရွက်ခဲ့တဲ့ အတွက် ပွင့်လင်းမြင်သာမရှိဘူးလို့ ဝေဖန်နေကြတာဖြစ်ပါတယ်။
အိုးအိမ်ဦးစီးဌာနနဲ့ Alliance Star Company တို့ချုပ်ဆိုခဲ့တဲ့ စာမျက်နှာကိုးမျက်နှာပါတဲ့ စာချုပ်ထဲမှာတော့ ဒီစီမံကိန်းမြေဧရိယာဟာ ဧက ၂၀၀ ကျော် ရှိတယ်လို့လွှတ်တော်ကိုယ်စားလှယ်အချို့ကဆိုပါတယ်။
ဒီစီမံကိန်းပါ စာချုပ် အရ အစိုးရကို တိုက်ခန်းပေါင်း ၄ဝဝဝ နဲ့ဆေးရုံ စာသင်ကျောင်း စတာတွေကိုကုမ္ပဏီကဆောက်လုပ်ပေးရ မှာဖြစ်ပါတယ် ကုမပဏီအနေနဲ့တော့မြေငှါးရမ်းခပေးစရာမလိုပဲ ကျန်ရှိတဲ့မြေ တွေကို စီမံခန့်ခွဲခွင့် ရမှာ ဖြစ်ပါတယ်။
စာချုပ်ထဲမှာတော့ ဧက ၂ဝဝ လို့ ချုပ်ဆိုထားပေမယ့်လည်း မြေပြင်မှာ တကယ်တမ်း ဧက ၆ဝဝ ကျော် ဖြစ်နေတာနဲ့ လုပ်ပိုင်ခွင့်ရတဲ့ကုမ္ပဏီက ဒီစီမံကိန်းအတွက် အစိုးရကို ကျပ်ငွေဘီလျံ ၅ဝ တန်ဖိုးနည်း တန်ဖိုးလတ် တန်ဖိုးမြင့် တိုက်ခန်းတွေသာ ဆောက်ပေးရမယ် ဆိုတဲ့အချက်တွေက အစိုးရအတွက် နစ်နာတယ်လို့ ဒီစီမံကိန်းကို လေ့လာနေတဲ့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကဆိုပါတယ်။
NLD အစိုးရတက်လာပြီး စာချုပ်ကို မပြင်ဆင်ဘဲ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စတင်ဖို့ ပန္နက် ရိုက်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမဲ့လည်း လွှတ်တော်ကိုယ်စားလှယ်အချို့က ဒီစီမံကိန်းမှာ အစိုးရက နစ်နာတဲ့ အတွက် ပြန်လည်ပြင်ဆင်ပေးဖို့ တင်ပြခဲ့တာတွေရှိပါတယ်။
ဝန်ကြီးဌာန အနေနဲ့ စာချုပ် ပြင်ဆင်ပြီးတဲ့နောက်မှာတော့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး အတည်ပြုချက် ရယူ ရမှာဖြစ်ပါတယ်။
ပြည်ထောင်စု လွှတ်တော်ကအတည်ပြုပြီးမှသာ လုပ်ပိုင်ခွင့်ရရှိတဲ့ ကုမ္ပဏီအနေနဲ့ လုပ်ငန်း စတင်နိုင်မှာဖြစ်ပါတယ်။