ကချင်စစ်ပွဲရပ်ဖို့ တောင်းဆိုသူ ၃ ဦးကို တပ်ကတရားစွဲ

protest
ဓာတ်ပုံ ပုံစာ, ကချင်စစ်ပွဲ ရပ်တန့်ရေး ရန်ကုန်တွင် ဆန္ဒပြ

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နှစ်ဘက်တပ်တွေကြားထဲမှာ ရောက်နေတဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ မြစ်ကြီးနားမှာ ဦးဆောင် ဟောပြောသူ ၃ ဦးကို အသရေဖျက်မှု ပုဒ်မ ၅ဝဝ နဲ့ တပ်မတော်က တရားစွဲဆို လိုက်ပါတယ်။

တိုက်ပွဲတွေအကြား ရောက်နေတဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ နိုင်ငံတဝန်းမှာ တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်သူ အများစုကို ငြိမ်းချမ်းစွာ စုဝေး စီတန်းခွင့် ဥပဒေပုဒ်မနဲ့ ဖမ်းဆီး တရားစွဲထားပေမယ့် မြစ်ကြီးနားက ဦးဆောင်သူ ၃ ဦးကို အသေရေဖျက်မှုနဲ့ တပ်မတော်ဘက်က တရားစွဲဆိုမှုက ထူးခြားမှု တခု ဖြစ်နေပါတယ်။

မြောက်ပိုင်းတိုင်းလက်အောက်ခံ တပ်တခုက ဒုတိယ ဗိုလ်မှူးကြီးတဦးက တရားလိုလုပ် စွဲဆိုလိုက်တာ ဖြစ်ပြီး မေလ ၁၆ ရက်မှာ တရားရုံးကို လာဖို့ ဆင့်ခေါ်ထားတယ်လို့ တရားစွဲခံရတဲ့ထဲမှာပါတဲ့ တိုက်ပွဲကြားက ပြည်သူလွတ်မြောက်ရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ဒေါ်နန်ပူက ပြောပါတယ်။

တရားရုံးဦးတိုက် လျှောက်ထားခံရသူတွေထဲမှာ ဒေါ်နန်ပူအပြင် ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျတ်တို့လည်း ပါဝင်နေပါတယ်။

တရားစွဲခံရတဲ့ထဲမှာပါတဲ့ ဦးဇော်ဂျတ်က သူတို့ကို ဘယ်အထောက်အထားနဲ့စွဲတယ်ဆိုတာ မသိရသေးလို့ မေ ၁၆ ရက် မြစ်ကြီးနားတရားရုံးမှာ သွားရောက်ရင်ဆိုင်ဖြေရှင်းမယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ တိုက်ပွဲကြားကပြည်သူတွေလွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့သူ ၁၉ ဦး ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၂ဝ နဲ့ အမှုဖွင့်ထားသလို မန္တလေးမှာ ၅ ဦးကို ငြိမ်းချမ်းစွာ စုဝေး လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၉နဲ့ အမှုဖွင့်ပြီး ကဗျာဆရာတဦးကိုတော့ ထောင် နှစ်လချထားပါတယ်။

မြစ်ကြီးနားမနောကွင်းမှာ ဦးဆောင်ခဲ့သူ ၂ ဦးကိုတော့ ပုဒ်မ ၁၉ နဲ့ ဒဏ်ငွေ သုံးသောင်းစီ ချမှတ်ခဲ့သလို ပဲခူးတိုင်း နတ္တလင်းမှာ ဆန္ဒပြခဲ့သူ ၁၅ ဦးကိုလည်း နယ်မြေခံ ရဲက ဖမ်းဆီးထားပါတယ်။

တကယ်လို့ ပုဒ်မ ၅ဝဝ နဲ့ စွဲဆိုတာ အထမြောက်ခဲ့ပါက ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ငွေဒဏ်ကျခံနိုင်ပြီး နှစ်ရပ်လုံးလည်းချလို့ ရတယ်လို့ ရာဇသတ်ကြီး ဥပဒေမှာ တွေ့ရှိရပါတယ်။