ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နာဂစ် ဖွဲ့စည်းပုံ အကူးအပြောင်းအတွက်လို့ ဆို
မြန်မာနိုင်ငံမှာ နာဂစ်ဖွဲ့စည်းပုံ ဆိုပြီး ခေါ်ဝေါ်ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထု ဆန္ဒခံယူပွဲ ကျင်းပခဲ့တာ မေလ ၁ဝ ရက် ဆိုရင် ၁၀ နှစ်ပြည့်မြောက်ခဲ့ပါပြီ။
၂၀၀၈ ခုနှစ်က နာဂစ် လေမုန်တိုင်းဒဏ်ကို အထူးသဖြင့် ဧရာ၀တီတိုင်းနဲ့ ရန်ကုန်တိုင်း တို့မှာ အဆိုးရွားဆုံး ခံခဲ့ရအပြီး ရက်ပိုင်းအတွင်း လူထုဆန္ဒခံယူပွဲကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ)က ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မုန်တိုင်းဒဏ်ကြောင့် လူတွေအတိဒုက္ခရောက်နေချိန် လူထုဆန္ဒခံယူပွဲကို ရက်ရွှေ့ဆိုင်းဖို့ ပြည်တွင်းပြည်ပ တောင်းဆိုမှုတွေရှိနေခဲ့တဲ့ ကြားက ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီလိုကျင်းပခဲ့တာဟာ နအဖ အစိုးရဘက်က သူတို့ရဲ့ လမ်းပြမြေပုံအရ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ကျင်းပဖို့ လျာထားချက်ရှိပြီး ဖြစ်လို့ အခြေခံဥပဒေတရပ် အမြန် အတည်ပြုနိုင်မှ ဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာ ဖြစ်နိုင်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အမျိုးသား ညီလာခံကို တက်ရောက်ဖို့ ၂ဝဝ၄ ခုနှစ်က ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့ က စေလွှတ်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သူ ဒေါက်တာတူးဂျာက သုံးသပ် ပြောဆို ခဲ့ပါတယ်။
သူတို့ညီလာခံ တက်ရောက်ချိန်မှာ အသွင်ကူးပြောင်းရေး အတွက် တပ်မတော်နဲ့ ပြည်သူ အာဏာ ခွဲဝေရေးပုံစံမျိုး အခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးသား ရှိနေတာကို တွေ့ရတယ်လို့ သူက ပြန်ပြောပြပါတယ်။
သူတို့ သဘောမကျတဲ့ အချက်တွေကို တင်ပြတဲ့ အခါမှာလည်း ဒါကယာယီ၊ အသွင်ကူးပြောင်းရေးအတွက်သာဖြစ်ပြီး နောင်မှာ ပြင်ကြတာပေါ့ လို့သာ တာဝန်ခံရေးဆွဲခဲ့ကြသူတွေက ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။
အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့က ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု ဖွဲ့စည်းရေး အခြေခံဥပဒေဖြစ်ဖို့ စာတမ်းတင်ခဲ့ပေမယ့် အဲဒါကိုလည်း မှတ်တမ်းသာတင်ထားခဲ့တယ်လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။
ဒါကြောင့် အခုဖွဲ့စည်းပုံဟာ တပ်မတော်အစိုးရက အရပ်ဘက် အစိုးရကို ကူးပြောင်းရာမှာ ကြားကာလ ပြင်ဆင်ဖို့ အခြေခံဥပဒေလိုအပ်တဲ့အတွက် ရေးဆွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ညီလာခံမှာ ကိုယ်ရဲ့ ဆန္ဒသဘောထားကို တင်ပြပြီး အပြန်အလှန် ဆွေးနွေးညှိနှိုင်း ပြင်ဆင်တာမျိုးတွေက မရှိသလောက်ပဲလို့ ဒေါက်တာတူးဂျာက ပြန်ပြောင်းပြောခဲ့ပါတယ်။
အပြောင်းအလဲအတွက်သာလို့ ပြောခဲ့တဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့ ခက်ခဲအောင် ရေးဆွဲထားတာကိုလည်း သတိပြုမိတဲ့အတွက် တိုင်းရင်းသားတွေဘက်က တင်ပြခဲ့ပေမယ့် ဒါက ယာယီပါလို့သာ ရေးဆွဲရေးကော်မီတီက ပြန်ပြောခဲ့တယ်လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။