အီရန်ထိပ်တန်းလျှို့ဝှက်ချက်တွေ ရထားတယ်လို့ အစ္စရေးပြော

အီရန် ဟာ ၂၀၁၅ ခုနှစ် က နိုင်ငံတကာ နဲ့ သဘောတူထားခဲ့တဲ့ နျူကလီးယား အစီအစဉ်တွေ ကို ရပ်နားထားပါ့မယ် ဆိုတာ တွေ ဟာ လိမ်လည် ပြောဆိုတဲ့ အကြောင်း အစ္စရေး ဝန်ကြီးချုပ် နက်တန်ယာဟူး က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
တီဟီရန်မြို့တော် မှာ လျှို့ဝှက် သိမ်းဆည်း ထားတဲ့ သောင်းနဲ့ ချီတဲ့ ထိပ်တန်း စာတန်း အထောက်အထားတွေ ထုတ်ဖေါ် တွေ့ရှိချက် အရ လို့ အစ္စရေး အစိုးရ က ဆိုပါတယ်။
အခုလို အစ္စရေးက စွပ်စွဲ ပြောဆိုချက်တွေကို အီရန်က ပယ်ချလိုက်ပါတယ်။
အမေရိကန်နဲ့ ၂၀၁၅ နျူကလီးယား သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အီရန်ဟာ နျူကလီးယား စမ်းသပ်မှုတွေကို ဆက်လက် လုပ်ဆောင်နေတယ် ဆိုတာ အဲဒီ လျှို့ဝှက် စာရွက်စာတမ်းတွေအရ သိရတယ်လို့ အစ္စရေး ဝန်ကြီးချုပ် မစ္စတာ နက်တန် ရာဟူးက ပြောပါတယ်။
ဒါဟာ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီက ကိုင်တွယ်စစ်ဆေးပြီးသား စွပ်စွဲချက် အဟောင်းတွေကို ပြန်နူးပြောနေတာသာ ဖြစ်တယ်လို့အီရန် နိုင်ငံခြားရေး ဝန်ကြီး ဂျာဇက် ဇာရစ်ဖ်က တုန့်ပြန် ပြောကြားလိုက်ပါတယ်။
အီရန်နဲ့ အမေရိကန်တို့ ချုပ်ဆိုထားတဲ့ နိုင်ငံတကာ နျူကလီးယားစာချုပ်ကနေ နုတ်ထွက်မယ်လို့ သမ္မတထရမ့်က ခြိမ်းခြောက် ပြောဆိုနေမှုကို အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမန် နက်တန်ရာဟူးက သံယောင်လိုက် ပြောနေတာသာ ဖြစ်တယ်လို့ လည်း သူက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတ ထရမ့်ကတော့ အခု ထွက်ပေါ်လာတဲ့အစ္စရေးရဲ့ စွပ်စွဲချက်တွေကို ထောက်ရှုခြင်းအားဖြင့် ဒါဟာ အီရန်နဲ့ ပတ်သက်လို့လက်မခံနိုင်တဲ့ အခြေအနေ တရပ်ဘဲလို့ ပြောပါတယ်။
လာမယ့် သီတင်းနှစ်ပတ် အတွင်း အီရန်နျူကလီးယား စာချုပ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချတဲ့ အခါ ဒီစာချုပ်ကနေ နုတ်ထွက်မလား ဆိုတာကိုတော့ သူက ပြောမသွားခဲ့ပါဘူး။
ဒီစာချုပ်ဟာ အီရန် အပေါ် အထူး သက်ညှာထားတဲ့ အတွက် ဒါကို ဖျက်သိမ်းတာ ဒါမှမဟုတ် ပြန်လည်ချုပ်ဆိုတာ တွေ လုပ်သင့်တယ်လို့ မစ္စတာ ထရမ့်က တချိန်လုံး စောဒကတက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန် အပါအဝင် ပြင်သစ် ၊ ရုရှားနဲ့ တခြား နိုင်ငံကြီးတွေ အားလုံးက မစ္စတာ ထရမ့်ကို ဒီစာချုပ်ကနေ နုတ်ထွက်မသွားဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။








