ဆွစ် သံတမန် အမျိုးသမီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်လာမယ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူထားရက်ရှ်က ဆွစ်ဇာလန် သံတမန် အမျိုးသမီး တစ်ယောက် ဖြစ်တဲ့ ခရစ္စတင်း ရှာရနာ ဘာဂျီနာကို မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ် လာဖို့ ရှိတယ်လို့ ကုလသမဂ္ဂ သတင်းရင်းမြစ် တွေက ဆိုပါတယ်။
မစ္စ ဘာဂျီနာဟာ လက်ရှိ ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ် ဖြစ်ပြီး ထိုင်းနိုင်ငံ ဆိုင်ရာ သံအမတ် အဖြစ်လည်း ဆောင်ရွက် ခဲ့ဖူးသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ မစ္စတာ ဂူးထားရက်ရှ်ကို အခုလို မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် တစ်ယောက် ခန့်အပ် ထားရှိဖို့ တောင်းဆို ထားခဲ့တာ ဖြစ်ပါတယ်။

မစ္စ ဘာဂျီနာကို မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် မကြာခင် တရားဝင် ကြေညာ လာနိုင်ဖွယ် ရှိတယ်လို့ ကုလ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ်က ဆိုပါတယ်။
ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ အရပ်သားတွေ အပေါ်မှာပါ ပစ်မှတ်ထားပြီး စစ်ရေး ဆောင်ရွက်မှုတွေ ရှိခဲ့တယ် ဆိုပြီး နိုင်ငံတကာက ပြင်းပြင်းထန်ထန် စွပ်စွဲ ပြောဆို နေပါတယ်။
အမေရိကန်၊ ဗြိတိန်နဲ့ ကုလသမဂ္ဂ အဆင့်မြင့် အရာရှိတချို့က ရိုဟင်ဂျာတွေ အပေါ် ကျူးလွန် ခဲ့ကြတာ တွေဟာ လူမျိုးရေး သုတ်သင် ရှင်းလင်းတဲ့ ပုံစံမျိုးထိ မြောက်နိုင်တယ်လို့ ပြောဆို ထားပြီး၊ မြန်မာ အစိုးရကတော့ ငြင်းပယ် ထားပါတယ်။
ဒီအချိန်မှာပဲ မြန်မာနိုင်ငံ အပေါ် လက်နက် တင်ပို့ ရောင်းချမှု ပိတ်ပင်ထားတဲ့ သက်တမ်းကို ဥရောပ သမဂ္ဂ ဘက်က အခု သီတင်းပတ်ထဲ မှာပဲ နောက်ထပ် တစ်နှစ် တိုးမြှင့်ဖို့ ပြင်ဆင် နေပြီး၊ အစိုးရ စစ်တပ် ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားတဲ့ အရေးယူ ကန့်သတ်မှု အသစ်တွေ ထပ်တိုး ချမှတ် လာလိမ့်မယ်လို့ အီးယူ သံတမန်တွေကို ကိုးကားပြီး အေဂျင်စီ သတင်းတွေက ရေးသား နေပါတယ်။






