ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံ အရေး ICC မှာ ကြားနာ စစ်ဆေးခွင့် ရှိလား
မြန်မာ နိုင်ငံကနေ ရိုဟင်ဂျာ မွတ်ဆလင်တွေ အစုလိုက် အပြုံလိုက် ထွက်ပြေး ခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး ICC မှာ ကြားနာ စစ်ဆေးပိုင်ခွင့် ရှိမရှိ ဆုံးဖြတ်ပေးဖို့ ICC ရဲ့ ရှေ့နေချုပ် ဖာတူ ဘင်ဆူဒါက ခုံရုံးကို ပန်ကြား လိုက်ပါတယ်။
ဧပြီလ ၉ ရက် တနင်္လာနေ့က ခုံရုံးထံ တင်သွင်းလာတဲ့ စာရွက်စာတမ်းတွေထဲ ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထား ကျူးလွန် ခဲ့မှုတွေဟာ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးထိ မြောက်နိုင်တယ် ဆိုပြီး ပါဝင်ပါတယ်။
ဒါပေမယ့်လည်း ရိုဟင်ဂျာတွေ ထွက်ပြေး ရောက်ရှိ နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ICC အဖွဲ့ဝင် ဖြစ်ပြီး၊ မြန်မာ နိုင်ငံက အဖွဲ့ဝင် ဖြစ်မနေတာကြောင့် ICC အနေနဲ့ ဒီကိစ္စမှာ ကြားနာ စစ်ဆေးခွင့် ရှိမရှိ ဆုံးဖြတ် ပေးဖို့ လိုတယ်လို့ ဂမ်ဘီယာ နိုင်ငံသူ အမျိုးသမီး ရှေ့နေ မစ္စ ဘန်ဆူဒါက ပြောပါတယ်။
လူတွေ နယ်စပ် ဖြတ်ကျော် ထွက်ပြေးရအောင် နှင်ထုတ်တဲ့ ရာဇဝတ်မှုတွေမှာ ICC အနေနဲ့ ကြားနာ စစ်ဆေးခွင့် ရှိဖို့ ဆိုတာ ဥပဒေကြောင်း ဆိုင်ရာ လက်ရှိ မူဝါဒတွေနဲ့ ကိုက်ညီတယ်လို့ မစ္စ ဘန်ဆူဒါက ဆိုပါတယ်။
ICC အနေနဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ကြားနာ စစ်ဆေးမလား ဆိုတာကို ပါဝင်ပတ်သက် နေသူတွေကို ဆင့်ခေါ်ပြီး အရင် ဆုံးဖြတ် ပေးပါလို့ မစ္စ ဘန်ဆူဒါက တောင်းဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ်လ အတွင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းက နယ်ခြားစောင့် ရဲကင်းစခန်းတွေ အတိုက်အခိုက် ခံခဲ့ရအပြီး မြန်မာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ တုံ့ပြန် ဆောင်ရွက်ခဲ့တဲ့ စစ်ရေး စီမံကိန်းတွေကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ၇ သိန်း ဝန်းကျင် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး ခဲ့ကြရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
ရိုဟင်ဂျာ အရပ်သားတွေပါ ပစ်မှတ်ထား သတ်ဖြတ် ခံရ၊ မုဒိန်း ပြုကျင့် ခံရပြီး အိုးအိမ်တွေ မီးရှို့ ဖျက်စီး ခံရနဲ့ ဥစ္စာပစ္စည်းတွေလည်း လုယက် ခံခဲ့ရတယ် ဆိုတဲ့ ထွက်ဆိုချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။