ပုဂံက လူလုပ်ကုန်း ဆောက်နေမှုကို ကန့်ကွက်

ရှေးဟောင်း ဘုရားတွေမှာ လူတွေ တက်ရောက် ကြည့်ရှုမှု ကြောင့် ပျက်စီးတာကို ကာကွယ်ဖို့
ဓာတ်ပုံ ပုံစာ, ရှေးဟောင်း ဘုရားတွေမှာ လူတွေ တက်ရောက် ကြည့်ရှုမှု ကြောင့် ပျက်စီးတာကို ကာကွယ်ဖို့

ပုဂံ ရှေးဟောင်း ဇုန်တွင်းမှာ ဆောက်လုပ် နေတဲ့ လူလုပ်ကုန်းတွေ ဆောက်လုပ် ရေးနဲ့ ပတ်သက်လို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ကန့်ကွက် နေကြ ပါတယ်။

လူလုပ်ကုန်းလို့ ခေါ်တဲ့ ရှုခင်းကြည့် တောင်ကုန်း တွေကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပုဂံကို လာရောက် စဉ်က သူ့ရဲ့ လမ်းညွှန် ချက် မူဝါဒနဲ့ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ စီမံခန့်ခွဲမှု အဖွဲ့ကနေ အကောင်အထည် ဖော် ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ ရည်ရွယ်ချက် ကတော့ ရှေးဟောင်း ဘုရားတွေမှာ လူတွေ တက်ရောက် ကြည့်ရှုမှု ကြောင့် ပျက်စီးတာကို ကာကွယ်ဖို့နဲ့ အတတ် နိုင်ဆုံး လျော့ချဖို့ အတွက် ဖြစ်တယ်လို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ)က ညွန်ကြားရေးမှူး ဦးအောင် ကျော်ကျော်က ပြောပါတယ်။

ဒီရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ စီမံခန့်ခွဲမှု အဖွဲ့ကို ဌာန ပေါင်းစုံနဲ့ ဖွဲ့စည်း ထားတာ ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကတော့ ဥက္ကဌ ဖြစ်ပါတယ်။

ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ စီမံခန့်ခွဲမှု အဖွဲ့ရဲ့ စီမံညွန်ကြားချက်နဲ့ ဒီတောင်ကုန်းတွေကို တချို့ နေရာတွေမှာ ဆည်မြောင်းက တာဝန်ယူ ရတာ ရှိသလို တချို့ နေရာ တွေမှာ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ရေအရင်းမြစ် အဖွဲ့ တွေက တာဝန်ယူ လုပ်ဆောင် နေတာ ဖြစ်ပြီး တခြား ပုဂ္ဂလိက ဆောက်လုပ် ရေး လုပ်ငန်းတွေကို အပ်ထားတာ မဟုတ်ဘူးလို့ ဦးအောင်ကျော်ကျော်က ပြောပါတယ်။

ဘုရားတွေပေါ် တက်မဲ့ အစား ဒီ လူလုပ်ကုန်းတွေ လုပ်တာနဲ့ ပတ်သက်လို့ ဆိုးကျိုး ဘယ်ဟာ များမယ် ဆိုတာကို ပြန်လည် ယှဉ်ထိုး နှိုင်းယှဉ် သွားမှာ ဖြစ်ပြီး တကယ်လို့ ဒီထက် ကောင်းတဲ့ နည်းလမ်း တွေကို ပညာရှင်တွေ ဘက်က ပေးမယ် ဆိုရင် လက်ခံ သွားမှာ ဖြစ်တယ် လို့ လည်း ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ဆိုပါတယ်။

အခုကိစ္စကို အရင်က JICA နဲ့ စတင်ပြီး ကိုမောက်ကန်မှာ လုပ်ခဲ့ ပါတယ်။ နောက်ပိုင်းမှာ ကန့်ကွက် မှုတွေ ရှိတဲ့ အတွက် HIA (Heritage Impact Assessment ) လုပ်ခဲ့ပြီး မလုပ်သင့်ဘူး ယဉ်ကျေးမှု အမွေ အနှစ်ကို ထိခိုက် နိုင်တယ် ဆိုပြီး အစီရင်ခံစာ ထုတ် ခဲ့တဲ့ အတွက် ရပ်ဆိုင်းခဲ့ ပါတယ်။

UNSCO ရဲ့ ကမ္ဘာ့ အမွေ အနှစ် စာရင်းဝင် အဖြစ် ဝင်ရောက်နိုင်ဖို့ ပညာရှင်တွေက ဂရုတစိုက် စောင့်ရှောက်
ဓာတ်ပုံ ပုံစာ, UNSCO ရဲ့ ကမ္ဘာ့ အမွေ အနှစ် စာရင်းဝင် အဖြစ် ဝင်ရောက်နိုင်ဖို့ ပညာရှင်တွေက ဂရုတစိုက် စောင့်ရှောက်

ကမ္ဘာ့ အမွေ အနှစ် ဖြစ်ဖို့ အတွက် ရှေးဟောင်း သုတေသန ဆိုင်ရာ စစ်တမ်း (Archaeology Inventory ) ကို ကောက်ဖို့ လိုသလို အမွေ အနှစ် စီမံ ခန့်ခွဲရေး စီမံချက်နဲ့ စီမံ ခန့်ခွဲရေး မူဘော်တွေ ချမှတ်အောင် မလုပ် ရသေး တာကြောင့် အခုလို ပုဂံ ရှေးဟောင်း မြို့ပြ မြင်ကွင်းတွေ ပျက်စီး စေနိုင်တဲ့ လူလုပ် ကုန်းလို့ ခေါ်တဲ့ ရှုခင်း ကြည့် တောင်ကုန်း တွေကို မလုပ်ဖို့ ကန့်ကွက် နေတာ ဖြစ်တယ်လို့ မြန်မာ ရှေးဟောင်း သုတေသန အသင်းက အတွင်းရေးမှုး ဦးသူရအောင်က ပြောပါတယ်။

လူလုပ်ကုန်း လုပ်တဲ့ အတွက် စက်ယန္တရားတွေ ကြောင့် တုန်ခါမှု များပြီး ရှေးဟောင်း အဆောက် အအုံတွေကို ပျက်စီး စေနိုင် တယ်လို့ အတွင်း ရေးမှူး ဦးသူရအောင်က ထောက်ပြပြောဆိုပါတယ်။

ဒါ့အပြင် လက်ရှိ အချိန်မှာ ပုဂံ ဒေသကို UNSCO ရဲ့ ကမ္ဘာ့ အမွေ အနှစ် စာရင်းဝင် အဖြစ် ဝင်ရောက်နိုင်ဖို့ ပညာရှင်တွေက ဂရုတစိုက် စောင့်ရှောက် နေကြတဲ့ အချိန် ဖြစ်ပါတယ်။

ဒီလို ပညာရှင်တွေကို အကြံဉာဏ်ပေးဖို့ ဦးအောင်အောင်ကျော်တို့ဘက်က ဖိတ်ခေါ်ခဲ့ ပေမယ့် စပြီး လုပ်ကတည်းက ပညာရှင်တွေ ဆီက အကြံဉာဏ် ယူတာတွေ မရှိခဲ့ဘူးလို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ပြောဆိုခဲ့ကြပါတယ်။