လားရှိုးမြို့ ရိုးမဘဏ် ပြင်းထန်တဲ့ ဗုံးပေါက်မှု ၂ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Mai A Niang
လားရှိုးမြို့ အမှတ်၃ ရပ်ကွက် လမ်းမတော်လမ်းရှိ ရိုးမဘဏ်မှာ ဖေဖေါ်ဝါရီလ ၂၁ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ရာမှာ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး ၁၀ဦးကျော် ဒဏ်ရာ ရခဲ့ပါတယ်။
ဒဏ်ရာ ရသူတွေကို လားရှိုးဆေးရုံကို တင်ပို့ထားပြီး အဲဒီထဲက တချို့က ဒဏ်ရာ ပြင်းထန်တယ်လို့ ဆေးရုံ ဝန်ထမ်းတဦးက ဘီဘီစီကို ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် မြို့တခုလုံး တုန်ခါသွားပြီး ရိုးမဘဏ် အတွင်းပိုင်းမှာ အကြီးအကျယ် ထိခိုက် ပျက်စီးခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။
ရိုးမဘဏ်နဲ့ ကပ်လျက် ဧရာဝတီဘဏ်မှာလည်း ပျက်စီးမှု တချို့ ဖြစ်ပေါ်ခဲ့ပြီး လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေလည်း ပျက်စီးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mai A Naing
သေဆုံးသူ အမျိုးသမီး နှစ်ဦးဟာ ဘဏ်ဝန်ထမ်းတွေ ဖြစ်ကြပြီး ရိုးမဘဏ်က အထူး ဝမ်းနည်း ကြေကွဲကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ လားရှိုးမြို့မှာ ရှိတဲ့ ရိုးမဘဏ်ခွဲ နှစ်ခု စလုံးကို ခေတ္တ ပိတ်ထားမယ်လို့လည်း ဖေါ်ပြထားပါတယ်။




