အိန္ဒိယ သမ္မတနိုင်ငံနေ့မှာ အာဆီယံကို အထူး ဧည့်သည်အဖြစ် ဖိတ်

အိန္ဒိယနိုင်ငံမှာ ဇန်နဝါရီ ၂၆ ရက်နေ့မှာ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ ရီပတ်ဘလစ်ဒေး သမ္မတ နိုင်ငံနေ့ အခမ်းအနားမှာ မြန်မာ အပါအဝင် အရှေ့တောင်အာရှ အာဆီယံ ၁ဝ နိုင်ငံက ခေါင်းဆောင်တွေကို အထူး ဧည့်သည် တော်တွေ အဖြစ်နဲ့ ဖိတ်ကြား ဧည့်ခံသွားမယ်လို့ နယူးဒေလီ မြို့တော်က လာတဲ့ သတင်းတွေက ဆိုပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စတင် သက်ဝင်လာတဲ့ နေ့ကို ဂုဏ်ပြုတဲ့ အဲဒီ အခမ်းအနားမှာ ပုံမှန် ဆိုရင်တော့ နိုင်ငံခြား အစိုးရ ခေါင်းဆောင် တစ်ယောက်ကိုပဲ အထူး ဧည့်သည် အနေနဲ့ သီးသန့် ဖိတ်လေ့ ရှိပေမယ့်၊ ဒီနှစ်မှာတော့ အာဆီယံ ၁ဝ နိုင်ငံ စလုံးက ခေါင်းဆောင်တွေကို အထူး ဧည့်သည်တော်တွေ အနေနဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီက တည်ခင်း ဧည့်ခံမှာ ဖြစ်ပါတယ်။
ရီပတ်ဘလစ်ဒေး မတိုင်ခင် အကြို တစ်ရက်မှာ ကတည်းက အိန္ဒိယနဲ့ အာဆီယံ အဖွဲ့အကြား ဆက်ဆံရေး ၂၅ နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲလည်း ကျင်းပဖို့ စီစဉ် ထားပါတယ်။

အာဆီယံ နိုင်ငံတွေ အပေါ် တရုတ်ရဲ့ ဩဇာ လွှမ်းမိုးနေတဲ့ အခြေအနေကို လျှော့ချ နိုင်ဖို့ ဝန်ကြီးချုပ် မိုဒီ ဘက်က ကြိုးစား လာတာအဖြစ် သတင်းထောက်တွေက သုံးသပ် နေပါတယ်။
ဝန်ကြီးချုပ် မိုဒီဟာ အရှေ့ဘက်ခြမ်းကို အာရုံစိုက်တဲ့ မူဝါဒကို ချမှတ်ထားပြီး ၊ အာဆီယံ နိုင်ငံတွေ အနေနဲ့ တရုတ် တစ်နိုင်ငံ တည်းသာမက ရွေးချယ်စရာ အဖြစ် အိန္ဒိယလည်း ရှိနေတယ် ဆိုတဲ့ အချက်ကို ပြသဖို့ ဝန်ကြီးချုပ် မိုဒီ အလေးထား နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
အိန္ဒိယရဲ့ ဖိတ်ကြားချက်ကို အာဆီယံ နိုင်ငံတွေဘက်က လက်ခံ တက်ရောက်မယ့် အကြောင်း အတည်ပြု ပြန်ကြား ထားပြီးပြီလို့ အိန္ဒိယ နိုင်ငံခြားရေးရုံးက ပြောပါတယ်။






