ဒေါက်တာ ဦးကိုကို ကွယ်လွန်

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အရှေ့တောင် အာရှ ဆိုင်ရာ ညွှန်ကြားရေးမှူး အငြိမ်းစား ဒေါက်တာ ဦးကိုကို အသက် ၉ဝ အရွယ် ရန်ကုန်မှာ ကွယ်လွန်သွားပါတယ်။

ဦးကိုကိုဟာ ပခုက္ကူ ဇာတိ ဖြစ်ပြီး လန်ဒန်မှာ ပြည်သူ့ကျန်းမာရေး ပညာကို သင်ကြားကာ ကျန်းမာရေး ဦးစီးဌာနမှာ ရောဂါတိုက်ဖျက်ရေး ဘက်က ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီအချိန်က မြန်မာ နိုင်ငံမှာ ခြိမ်းခြောက်နေဆဲ ဖြစ်တဲ့ ကျောက်ရောဂါ ပပျောက်ရေး လှုပ်ရှားမှုမှာ သူ ဦးဆောင် ပါဝင်ခဲ့ပါတယ်။

နောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ နယူးဒေလီရုံးမှာ ပြောင်းရွှေ့ ထမ်းဆောင်ပြီး ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး အဖြစ် အငြိမ်းစား ယူခဲ့ပါတယ်။

ပင်စင်ယူပြီးနောက်မှာလည်း ဂုဏ်ထူးဆောင် ညွှန်ကြားရေးမှူး အဖြစ် ကွယ်လွန်ချိန်ထိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှာ ထမ်းဆောင်ခဲ့သလို မြန်မာ ဆေးပညာရှင် အဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူခဲ့ပါတယ်။

ကျန်းမာ သက်ရှည်ရေး စာအုပ်နဲ့ ၁၉၉၈ က ဒေါက်တာ ဦးကိုကို အသုံးချ သိပ္ပံ ဆိုင်ရာ အမျိုးသား စာပေဆု ဆွတ်ခူးခဲ့ပါတယ်။

မွန်ဂိုလီးယား၊ မြောက်ကိုရီးယားနဲ့ ထိုင်း နိုင်ငံတွေက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့တွေလည်း ရခဲ့ပါတယ်။

ဒေါက်တာ မြတူ၊ ဒေါက်တာ အောင်သန်းဘတူ၊ ဒေါက်တာ သန်းထွန်းအောင်လှိုင် စတဲ့ ပညာရှင်တွေနဲ့ အတူ ဒေါက်တာ ကိုကိုဟာ ၁၉၆၂ တုန်းက မြန်မာ နိုင်ငံ မြောက်ပိုင်းက ထရုံ လူပုတွေ အကြောင်း သုတေသန ပြု ရေးသားခဲ့ပါတယ်။