ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၃ ယောက်မှာ ၁ ယောက် ဆင်းရဲနေ
မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု အခြေအနေကို ကျရောက် နေသူပေါင်း ၁၇ သန်းကျော် ရှိတယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက သတိပေးပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ တွက်ကြည့်ရင် ၃၂% ကျော် ရှိနေတာ ဖြစ်တဲ့ အတွက်၊ ကမ္ဘာ့ဘဏ်ရဲ့ စံနှုန်းစံထားတွေ အရ လူ ၃ ယောက်မှာ ၁ ယောက် ဆင်းရဲ နေတာ ဖြစ်ပါတယ်။
၂ဝ၁၄-၁၅ မှာ တနိုင်ငံလုံး အနှံ့ ကောက်ခံကြည့်တဲ့ စာရင်းဇယားတွေ အပေါ် မြန်မာအစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးတွဲပြီး သုံးသပ် ခဲ့ကြတာ ဖြစ်ပါတယ်။
၂ဝ၁၄ အထိ ကိန်းဂဏန်းတွေ အရတော့ လူဦးရေရဲ့ ၄၈.၂ % ၊ လူ ၂ယောက်မှာ တစ်ယောက် ဆင်းရဲတယ်လို့ သုံးသပ် တာကနေ၊ အခု အစီရင်ခံစာမှာ ၃ ယောက်မှာ ၁ ယောက် ဖြစ်လာတာပါ။
ဒီ အစီရင်ခံဟာ မြို့ပြနဲ့ ကျေးလက်တွေက အိမ်ထောင်စု တခုချင်းစီရဲ့ ဝင်ငွေ၊ လူနေထိုင်မှု အဆင့်အတန်း စတာတွေနဲ့ တိုင်းတာတာဖြစ်ပြီး၊ လက်ရှိ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း အချက်အလက်တွေကို ထည့်သွင်း တွက်ချက်တာ မဟုတ်ဘူးလို့ ဘီဘီစီသတင်းထောက်က ဆိုပါတယ်။
ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းကို ထည့်တွက်ရင် ဆင်းရဲမှု ကျဆင်းတယ်လို့ ပြောလို့ မရနိုင်ဘူး ဆိုပြီး စီးပွားရေး ပညာရှင်တချို့က ပြောပါတယ်။
တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှု လျော့ကျဖို့ဆိုရင် ပညာရေးနဲ့ ကျန်းမာရေး ကစလို့ ကဏ္ဍတိုင်းမှာ ကိုင်တွယ် ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့လည်း ထောက်ပြ ပြောဆိုကြပါတယ်။