စစ်ရှောင်စခန်းများသို့ ပုပ်ရဟန်းမင်းကြီးမသွားနိုင်

ဓာတ်ပုံ ရင်းမြစ်, Reuters
ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဒီနေ့မနက်မှာ နိုဝင်ဘာ၂၇ စတင်ပြီဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း ကက်သလစ် ဘာသာဝင်တွေနဲ့ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ဝတ်ပြုဆုတောင်းဖို့ ရှိနေပါတယ်။
ဒါပေမဲ့ ရိုမန်ကက်သလစ် ဘာသာဝင်တွေရှိတဲ့ ကချင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားမယ့်အစီအစဉ် မပါရှိပါဘူး။
ဒါကလည်း ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ နယ်မြေအေးချမ်းမှု မရှိတာကြောင့် ဖြစ်တယ်လို့ ရိုမန်ကက်သလစ် ဘာသာဝင် စစ်ရှောင် ဒုက္ခသည်တွေက ပြောဆိုနေကြပါတယ်။
ကချင်ပြည်နယ်အတွင်းက မြို့နယ် ၁၀ခုကျော်က ရိုမန်ကက်သလစ် ဘာသာဝင်တွေကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ ဆုတောင်းပွဲကို လာရောက်နိုင်ဖို့ စက်တင်ဘာလကတည်းက ကြိုတင်စာရင်းပေးသွင်း ထားကြရတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ် အတွင်းက စစ်ရှောင် ဒုက္ခသည် စခန်းက ရိုမန်ကက်သလစ် ဘာသာဝင် ဒုက္ခသည်တွေဟာ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကို သိရှိပေမယ့် ဆုတောင်းပွဲ လာရောက်ဖို့ မတတ်နိုင်တဲ့အတွက် ရန်ကုန်ကို လာရောက်ကြ သူတွေက တဆင့် ပုပ်ရဟန်းမင်းကြီးအတွက် လက်ဆောင်တွေ ထည့်ပေးကြတာ ရှိတယ်လို့ သိရပါတယ်။
လက်ဆောင်တွေထဲမှာ သစ်သားနဲ့ ထုထားတဲ့ ရုပ်ထုနဲ့ တခြားလက်ဆောင်တွေကို ထည့်ပေးကြတယ်လို့ ရန်ကုန်ကို ရောက်ရှိနေတဲ့ ကချင်ပြည်နယ် တနိုင်းမြို့နယ် စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဓမ္မဆရာ ဦးနော်တောင်က ဘီဘီစီကို ပြောပါတယ်။
ရန်ကုန်ကို လာရောက်ကြတဲ့ ကချင်ပြည်နယ်က ရိုမန်ကက်သလစ် ဘာသာဝင်တချို့ ကတော့ ဝတ်ပြုဆုတောင်းပွဲ အမှီ အထူးရထားတွေနဲ့ နိုဝင်ဘာ၂၅ရက်နဲ့ ၂၆ရက်မှာ ရောက်နေကြပါပြီ။ နိုဝင်ဘာ ၂၆ရက်နေ့အထိ လာရောက်ကြသူ ဦးရေ ၆,ဝ၀ဝ နီးပါးရှိနေပြီလို့ သိရပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်ဟာ ပထမဆုံး သမိုင်းဝင်ခရီးဖြစ်လို့ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ပြုလုပ်မယ့် ဝတ်ပြုဆုတောင်းပွဲကို ရိုမန်ကက်သလစ် ဘာသာဝင် ၃ သိန်းနီးပါး တက်ရောက်ပြီး ဆုတောင်းကြမယ်လို့ ခန့်မှန်းထားပါတယ်။








