ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့ စီးပွားရေးကို သုံးသပ်ဖို့ IMF ရောက်လာမယ်
နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ IMF ရဲ့ ကိုယ်စားလှယ် အဖွဲ့ အခု သီတင်းပတ်ထဲမှာပဲ မြန်မာ နိုင်ငံကို လာရောက်မယ်လို့ ရိုက်တာ သတင်းဌာနကို ကိုးကားပြီး နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။
အာတီကယ်ဖိုး ခရီးစဉ် (The Article 4 mission) လို့ ခေါ်ဆိုတဲ့ ဒီ ခရီးစဉ်ဟာ IMF အဖွဲ့ဘက်က နှစ်စဉ် ပုံမှန် ပြုလုပ်လေ့ရှိတယ်လို့ နားလည်ရပါတယ်။
ဒီ ခရီးစဉ် အတွင်းမှာ IMF ကိုယ်စားလှယ်တွေဟာ သူတို့ အဖွဲ့ဝင် နိုင်ငံတွေရဲ့ စီးပွားရေး အပေါ် သုံးသပ် လေ့လာမှုတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ် ခဲ့ပြီးတဲ့နောက် ပြုလုပ်လာတဲ့IMF ရဲ့ ပထမဆုံး မြန်မာပြည် ခရီးစဉ်မှာ နိုင်ငံရေး ကိစ္စတွေ အပေါ် ဆန်းစစ်မှာ မဟုတ်ပေမယ့်လည်း နိုင်ငံရေးကြောင့် စီးပွားရေးအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိသလဲ ဆိုတာကိုတော့ သုံးသပ် ကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လ တုန်းကတော့ ရိုဟင်ဂျာ အရေးကြောင့် ဆိုပြီး မြန်မာအစိုးရ ဘတ်ဂျက်ကို အားဖြည့် ကူညီမယ့် ရံပုံငွေ ဒေါ်လာ သန်း ၂ဝဝ ကို ကမ္ဘာ့ဘဏ်က မပေးတော့ပဲ ဆိုင်းငံ့ ပစ်ခဲ့ပါတယ်။
IMF ရဲ့ ပြီးခဲ့တဲ့ နှစ်က စီးပွားရေး သုံးသပ်ချက်မှာတော့ မြန်မာ နိုင်ငံတွင်း စီးပွားရေး ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်တာမှာ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုပြီး ချီးကျူး ပြောဆိုထားတာ တွေ့ရပါတယ်။
အဲဒီ အချိန်တုန်းက IMF ရဲ့ ခန့်မှန်းချက် အရ မြန်မာ့ ပြည်တွင်းထုတ်ကုန် တိုးတက်မှု ရာခိုင်နှုန်းဟာ ၂ဝ၁၇ မှာ ၆.၅ % ရှိနိုင်တယ်လို့ ဆိုပါတယ်။