ကျမ်းမာရေး ဥပဒေကြမ်းကို နောက်ဆုံးမိနစ်မှာ ထရမ့် ရုပ်သိမ်း

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ပြဌာန်းလိုတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ ဥပဒေကြမ်းကို ကွန်ဂရက်စ် လွှတ်တော်ထဲ မဲခွဲကာနီး နောက်ဆုံး အချိန်ကျမှပဲ သမ္မတ ထရမ့်ဘက်က ပြန်လည် ရုပ်သိမ်း သွားပါတယ်။
လွှတ်တော်ထဲ အနည်းဆုံး လိုအပ်တဲ့ ရီပတ်ဘလစ်ကင် မဲ ၂၁၅ မဲ ရဖို့ မပြည့်မှီ နိုင်ဘူး ဆိုတာ သိသာထင်ရှား လာတဲ့ အတွက် ဒီ ဥပဒေကြမ်းကို ပြန်ရုပ်သိမ်းမယ် ဆိုပြီး လွှတ်တော် ဥက္ကဌ ပေါ်လ်ရိုင်ယန်ကို သမ္မတ ထရမ့်က အသိ ပေးခဲ့ပါတယ်။
ဒီလို ကျမ်းမာရေး ဥပဒေကြမ်း ပြန်လည် ရုပ်သိမ်း ခဲ့ရတာဟာ သမ္မတ ထရမ့် အတွက် နိုင်ငံရေးအရ အကြီးအကျယ် အထိနာစေတယ်လို့ အများက ရှုမြင်ကြပါတယ်။
အိုဘားမားကဲ လို့ ခေါ်တွင်တဲ့ သမ္မတ အိုဘားမား လက်ထက် ပြဌာန်းခဲ့တဲ့ ကျန်းမာရေး စောင့်ရှာက်မှု ဆိုင်ရာ ဥပဒေကို အသစ် ပြင်ဆင် ပြောင်းလဲပစ်မယ် ဆိုတာ မစ္စတာ ထရမ့်ရဲ့ အဓိက ရွေးကောက်ပွဲ မဲဆွယ် ကတိတွေထဲ ပါဝင်ပါတယ်။
သောကြာ နေ့ အစောပိုင်းကပဲ အိမ်ဖြူတော် ပြောခွင့်ရ ရှောင် စပိုက်ဆာက ထရမ့် ကျန်းမာရေး ဥပဒေကြမ်းကို မဲခွဲ ဆုံးဖြတ်ဖို့ အထိ ရှေ့ဆက် သွားမယ်လို့ ပြောခဲ့ပြီး၊ ရီပတ်ဘလစ်ကင် လွှတ်တော် အမတ်တွေကိုလည်း သမ္မတရဲ့ ဥပဒေကြမ်းကို ထောက်ခံကြဖို့ တိုက်တွန်း ခဲ့ပါသေးတယ်။





