ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သမ္မတ ဦးထင်ကျော် တရုတ် နိုင်ငံ ခရီးစဉ် သွားဖို့ ပြင်ဆင်နေ
နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ တရုတ် နိုင်ငံကို မကြာခင် သွားရောက်ဖို့ ရှိနေတယ်လို့ နိုင်ငံခြားရေး ဌာနက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။
ခရီးစဉ် အတွက် လိုအပ်တာတွေ ပြင်ဆင် နေတဲ့ ကာလပဲ ဖြစ်သေးတဲ့ အတွက် ရက် အတိအကျ မသတ်မှတ် ရသေးပေမယ့် လာမယ့် ဧပြီလထဲ ဖြစ်နိုင်မယ်လို့ နိုင်ငံခြားရေးရုံးရဲ့ ပြောခွင့်ရ ဦးကျော်ဇေယျက ဆိုပါတယ်။
တရုတ် နိုင်ငံရဲ့ ဖိတ်ခေါ်မှု အရ သမ္မတ ဦးထင်ကျော် သွားရောက် တာဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးတက်ရေးကို သမ္မတ နှစ်ဦး အာရုံစိုက် ဆွေးနွေး ကြနိုင်တယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဒေသတွေမှာ ဖြစ်ပေါ် လာတဲ့ လက်နက်ကိုင် တိုက်ပွဲတွေဟာ တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်ရေးကို ထိခိုက် စေတဲ့အတွက် မြန်မာ နိုင်ငံထဲက တိုက်ပွဲတွေ ရပ်ဖို့ တရုတ် နိုင်ငံခြားရေး ဌာနက ပြောထားပါတယ်။
နယ်စပ် တည်ငြိမ်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေ ပူးတွဲပြီး နှစ်နိုင်ငံကြား အပြန်အလှန် ထိတွေ့ ဆက်ဆံ ဆွေးနွေးမှုတွေ ရှိနေသလို၊ သမ္မတ ဦးထင်ကျော်ရဲ့ ခရီးစဉ်တွင်း မှာလည်း နှစ်နိုင်ငံ နယ်စပ် တလျှောက် အေးချမ်း သာယာရေး ကိစ္စတွေ ထည့်သွင်း ဆွေးနွေး လာနိုင်တယ်လို့ ဦးကျော်ဇေယျက ဆိုပါတယ်။
မြန်မာ နိုင်ငံထဲ တရုတ်နိုင်ငံရဲ့ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုတွေ အကြီးအကျယ် ရှိနေတာမှာ ဒေသခံတွေ အပါအဝင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ လက်ပံတောင်း ကြေးနီ စီမံကိန်းတွေလို ပြဿနာမျိုးတွေလည်း ရှိနေပါတယ်။