ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြင်းခြံနယ်က မြေနု ကျွန်းတွေ နီးစပ်သူသာ လုပ်ခွင့်ရ
မန္တလေးတိုင်း မြင်းခြံမြို့နယ် ဒါးကျွန်းရွာမှာ ကျေးရွာပိုင် မြေနုကျွန်း ဧက ၃၀၀ လောက်ကို ကျေးရွာ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေကပဲ လုပ်ကိုင်တာကြောင့် ဒေသခံတွေ လုပ်ခွင့်မရ ဖြစ်နေပါတယ်။
ဒါးကျွန်း ကျေးရွာ အာဏာပိုင် အဆက်ဆက်က ကျေးရွာ ပြည်သူတွေကို ဝေငှ မပေးဘဲ ကိုယ်ကျိုး အတွက် သုံးခဲ့ကြ တာကို နိုင်ငံတော်နဲ့ တိုင်းဒေသ အစိုးရ အဆင့်အထိ တိုင်ခဲ့ပေမဲ့ အခုချိန်ထိ အရေးတယူ ဆောင်ရွက် မပေးလို့ သူတို့ နစ်နာ နေတယ်လို့ ဒေသခံတွေ ဘီဘီစီကို ပြောပါတယ်။
ဒါးကျွန်းရွာသား ဦးဖိုးတုတ်က သူတို့လို လယ်ယာမဲ့တွေကို ၀.၂၅ ဧက၊ ၀.၃၀ ဧက လောက်သာ လုပ်ခွင့် ပြုပေမဲ့ နီးစပ်သူတွေကိုတော့ ငါးဧက ခြောက်ဧက လောက် ပေးခဲ့တယ်လို့ ပြောပါတယ်။
အစိုးရဟောင်း လက်ထက် ၂၀၁၃ ခုနှစ်ကနေ အခု အစိုးရ လက်ထက် အထိ အကြိမ်ကြိမ် တိုင်ခဲ့ပေမဲ့ အခုချိန်ထိ ဘာမှ ဆောင်ရွက်မပေးဘူးလို့ ဦးဖိုးတုတ်က ပြောပါတယ်။
ဒီမြေတွေကို အိမ်ခြေ ၅၀၀ လောက် ရှိတဲ့ ရွာမှာရှိတဲ့ မြေယာမဲ့ တွေကို မှန်မှန် ကန်ကန် ခွဲဝေပေးလို့ လုပ်ကိုင်ခွင့် ရကြရင် စားဝတ်နေရေး အဆင်ပြေ လာကြပြီး ကလေးတွေ ကိုလည်း ကျောင်းထားနိုင်ကြမယ့် အကျိုး ကျေးဇူးတွေ ရှိလာ နိုင်တယ်လို့ နောက်ရွာသား တစ်ယောက်က ပြောပါတယ်။
ဒါးကျွန်းရွာဟာ မြင်းခြံ ကနေ နာရီဝက်လောက် သွားရင် ရောက်တဲ့ ခရီး ဖြစ်ပေမဲ့ ဘယ်အာဏာပိုင် ကမှ ကွင်းဆင်း တိုင်းထွာတာ ခွဲဝေပေးတာ မလုပ်လို့ ကျေးရွာ အာဏာပိုင်တွေက အနိုင်ကျင့် ကြတာလို့လည်း ရွာသားတွေက ဆိုကြပါတယ်။
ဒါးကျွန်းရွာကို အုပ်ချုပ်တဲ့ ဒေါင်းသစ် အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြတ်မင်း ကတော့ သူကိုယ်တိုင် ကွင်းဆင်း ကြည့်ရာမှာ အရင်ခေတ်က အာဏာပိုင်တွေ မြေဧက ၁၅၀ နဲ့ ၂၀၀ လောက် ပိုဝေခြမ်း ထားတာလို့ ပြောပါတယ်။
မြေနုကျွန်း တစ်ကျွန်းကို တစ်ယောက်သာ လုပ်ခွင့် ပေးရမှာ ဖြစ်ပေမဲ့ တချို့ကို သုံးလေးနေရာ ပေးထားတာ တွေ့ရ ပြီး သူ့အနေနဲ့လည်း ဘာမှ မပြောရဲဘူးလို့ ဦးမြတ်မင်းက ဆိုပါတယ်။
နိုင်ငံတော်အဆင့်က တုံ့ပြန်ဆောင်ရွက်ချိန် အထိ ဒေသခံတွေ စောင့်နေရ ပေမဲ့ စိုက်ပျိုး လုပ်ကိုင်ခွင့် ရသူတွေကတော့ လုပ်မြဲ လုပ်နေကြ ပါတယ်။