ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မလေးရှား ရိုဟင်ဂျာ ဆန္ဒပြပွဲ ဝန်ကြီးချုပ် နာဂျစ် တက်
မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်လည်း ပါဝင် တက်ရောက် ဟောပြောခဲ့ပါတယ်။
ကမ္ဘာက ကြည့်မနေနိုင်တော့ပါဘူး၊ ကျနော်တို့ကလည်း ရပ်ကြည့်မနေနိုင်တော့ပါဘူး၊ လူမျိုးတုံးအောင် လုပ်နေကြတယ်လို့ မစ္စတာ ရာဇက်က ဟောပြောပွဲအတွင်း စွပ်စွဲပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ ရပ်တန်းက ရပ်သင့်ပြီလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရကို ပြောလိုကြောင်း မစ္စတာ ရာဇက်က ဟောပြောပွဲအတွင်း ပြောဆိုခဲ့ပါတယ်။
မစ္စတာ ရာဇက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ပြောပေမယ့် ဒီကိစ္စတွေ အတွက်တော့ မတွေ့လိုဘူးဆိုတဲ့ ပြန်ကြားချက်ကိုပဲ ရခဲ့တယ်လို့ သူကပြောပါတယ်။
မြန်မာအစိုးရဘက်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်သင့်ဘူးလို့ ပြောဆိုထားပါတယ်။
မလေးရှား နိုင်ငံမှာ ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ ဆန္ဒပြတာကို တုံ့ပြန်တဲ့အနေနဲ့ မကွေးကျောင်းဆရာတော်ဦးပါမောက္ခ ဦးဆောင်ပြီး မျိုးချစ် သံဃာတော် တွေနဲ့ အမျိုးဘာသာ သာသနာရေး လှုပ်ရှားသူ ရာနဲ့ချီပြီး မြို့တော်ခန်းမရှေ့မှာ တနင်္ဂနွေ ညနေပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
မလေးရှားမှာဒီလို ဆန္ဒပြပွဲတွေ ဆက်ရှိမယ်ဆိုရင် ဒီအပေါ် တန်ပြန် ဆန္ဒပြမှုတွေ လုပ်သွားမယ်လို့ သံဃာတွေ ဘက်က မိန့်ပါတယ်။