ရုရှားနဲ့ ပိုနီးစပ်မှုတွေကို ပြလာတဲ့ စစ်ကောင်စီ ခေါင်းဆောင်ရဲ့ ခရီးစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာ ဒီမီယာ ပူတင်တို့ ဒီကနေ့မှာ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့က အရှေ့ဖျားဖိုရမ်အတွင်း တွေ့ဆုံခဲ့ကြပါတယ်။
ဒါက စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးတွေအတွင်း ပူတင်နဲ့ ပထမဆုံးတွေ့ဆုံခွင့်ရတဲ့ခရီး ဖြစ်ပါတယ်။
အာမေးနီးယား၊ မွန်ဂိုလီယားနဲ့ တရုတ်တို့ပါ တက်ရောက်ကြတဲ့ ဖိုရမ်မှာ အခုလို တွေ့ဆုံတာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုမှာ ရုရှားသမ္မတ ပူတင်က မြန်မာကို ယုံကြည်အားထားရတဲ့ မိတ်ဆွေဟောင်း နိုင်ငံလို့ ပြောခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပူတင်ကို ကမ္ဘာ့ခေါင်းဆောင်လို့ ခေါ်ခဲ့ပါတယ်။
နှစ်ဖက် သီးခြားတွေ့ဆုံမှု တစ်နာရီကျော်ကြာခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံတကာအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
နျူကလီးယားဓာတ်ပေါင်းဖိုစာချုပ်

ဓာတ်ပုံ ရင်းမြစ်, ROSATOM
ဓာတ်အားထုတ်နိုင်မယ့် နျူကလီးယားဓာတ်ပေါင်းဖိုငယ်တွေတည်ဆောက်နိုင်ခြေရှိတဲ့စီမံကိန်းပါ ကနဦးပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို လက်မှတ်ထိုးတာ၊ စစ်ကောင်စီခန့် စွမ်းအင် ဝန်ကြီးက မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းနယ်ပယ်မှာ ရုရှားကုမ္ပဏီတွေကို ဖိတ်ခေါ်တာ၊ နောက် ရုရှားဆီကနေ ဒီဇယ်ဝယ်ယူရေးကိစ္စတွေကို အဓိကထား အလေးပေး ပြောဆိုနေတာကိုလည်း တွေ့ရပါတယ်။
လျှပ်စစ်ဓာတ်အားထုတ်နိုင်မယ့် အသေးစားနျူကလီးယားဓာတ်ပေါင်းဖိုတွေ တည်ဆောက်နိုင်ရေး အစပျိုးသဘောတူညီချက်တစ်ခုကို ရုရှားနိုင်ငံပိုင် Rostam နျူကလီးယားဓာတ်အားကုမ္ပဏီနဲ့ မြန်မာစစ်ကောင်စီတို့ လက်မှတ်ထိုးလိုက်တာ ဖြစ်ပါတယ်။
အဲဒီသဘောတူညီချက်ဟာ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့အသုံးပြုရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလမ်းပြမြေပုံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီသဘောတူညီမှုဟာ မြန်မာနိုင်ငံက စစ်ကောင်စီ သက်ဆိုင်ရာ ဌာနတွေက ဝန်ကြီးတွေပါ လိုက်ပါလာတဲ့ ခရီးစဥ်ထဲက ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ခု အကောင်အထည်ဖော်နေတာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။
“ဒေါ်လာအနိုင်ကျင့်ခံနေရတယ်” ဆိုပြီး အကျပ်အတည်းကို ဝန်ခံ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တစ်ချိန်တည်းမှာပဲ ရုရှားဆီကနေ လောင်စာဆီဝယ်ယူရာမှာ တခြားနိုင်ငံခြားငွေကြေးတွေ ဆိုရင် အကန့်အသတ်ရှိတာကြောင့် ရူဘယ် ငွေနဲ့ ပေးချေလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံပိုင်မီဒီယာတစ်ခုကို ပြောထားသလို ပြည်တွင်းမှာ စစ်ကောင်စီအတွက် ဒေါ်လာငွေ လိုအပ်ချက် ရှိနေကြောင်းပြသတဲ့ ပြောဆိုမှုတွေကိုလည်း ဖိုရမ်အတွင်း မိန့်ခွန်းပြောရာမှာ အခုလိုပြောဆို ပါတယ်။
ကမ္ဘာ့ ကုန်သွယ်ရေးလမ်းကြောင်းမှာ တချို့ နိုင်ငံကြီးတွေဟာ ဘဏာရေးလုံခြုံမှုနဲ့ ယှဥ်တွဲဖြစ်ပေါ်လာတဲ့ ဒေါ်လာကို လက်နက်သဖွယ်အသုံးချပြီး နိုင်ငံငယ်တွေဟာ ဒေါ်လာအနိုင်ကျင့်မှုကိုခံနေရပြီး နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေမှာ နိုင်ငံကြီးတွေကို မလွန်ဆန်နိုင်တဲ့ အခြေအနေရောက်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က မိန့်ခွန်းမှာဆက်ပြောပါတယ်။
ဒါကြောင့် ရုရှားငွေကြေး ရူဘယ်အပါအဝင် တရုတ်ငွေကြေး ယွမ်နဲ့ အိန္ဒိယငွေကြေး ရူပီးတို့ကို အမေရိကန်ဒေါ်လာ အစားထိုးဆောင်ရွက်ပါက မိမိတို့ နိုင်ငံတွေအနေနဲ့ ငွေကြေးအနိုင်ကျင့်ခံရမှု အခက်အခဲတွေကို ကျော်လွှာနိုင်မယ်လို့လည်း သူ့မိန့်ခွန်းမှာဆက်ပြောသွားပါတယ်။
ရုရှားမှာလည်း စီးပွားရေး ထိခိုက်မှုတွေ ရှိနေပေမဲ့ သမ္မတ ပူတင်ကတော့ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုဟာ အလုပ်မဖြစ်ကြောင်းနဲ့ ရုရှားကို ဘယ်လိုမှ ထိခိုက်မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြည်တွင်းပဋိပက္ခတွေနဲ့အတူ ပို့ကုန်တင်ပို့မှု ကျဆင်းပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာကုန်တာကြောင့် နိုင်ငံခြားငွေ လိုငွေပြမှု ဆိုးဆိုးရွားရွား ကြုံနေရပြီး ပြည်ပတင်သွင်းမှုကို အားထားရတဲ့ အထွေထွေ ကုန်စျေးနှုန်းတွေ အကြီးအကျယ် မြင့်တက်နေပါတယ်။
ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံဖိတ်ခေါ်တာ အလုပ်ဖြစ်မှာလား
ဒီအခမ်းအနားမှာ မြန်မာ နိုင်ငံက စားနပ်ရိက္ခာတင်ပို့မှုနဲ့ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံတကာက လာရောက်လုပ်ကိုင်ကြဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဓိက ပြောဆိုခဲ့တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံက တင်ပို့နိုင်တဲ့ ဆန်စပါးစတဲ့ စားနပ်ရိက္ခာကဏ္ဍ ကုန်သွယ်နိုင်တဲ့ အခြေအနေအကြောင်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သလို စွမ်းအင်လုပ်ကွက်တွေရှိနေပြီး နောက်ထပ် ထုတ်လုပ်နိုင်တဲ့ စွမ်းအင်လုပ်ကွက်တွေ ရှိနေကြောင်းနဲ့ အဲဒီ လုပ်ကွက်တွေမှာ နိုင်ငံတကာက လာရောက် လုပ်ကိုင်ကြဖို့ ဖိတ်ခေါ်တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူတွေအဆင်ပြေဖို့ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းနေလို့ ပြည်ပရင်းနှီးမြှုပ်နှံလိုသူတွေ မြန်မာနိုင်ငံကိုလာရောက်ရင်းနှီးမြှပ်နှံမယ်ဆိုရင် အကျိုးအမြတ်များမယ်လို့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ အရှေ့တောင်အာရှ၊ တောင်အာရှဒေသတွင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေလို့ ဥရောပနိုင်ငံတွေကို ကူးလူးဆက်ဆံရာမှာ အဓိကကျတဲ့နေရာမှာရှိနေတဲ့အတွက် ကုန်သွယ်မှုတွေလွယ်ကူမှာလို့ "စားနပ်ရိက္ခာဖူလုံရေးကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့်ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ"ခေါင်းစဥ်နဲ့ မိန့်ခွန်းပြောသွားတာပါ။
လက်တွေ့မှာတော့ မြန်မာရော ရုရှားဟာ စစ်အာဏာသိမ်းမှုနဲ့ ယူကရိန်းကို ကျူးကျော်မှုတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး ဝိုင်းဝန်းပိတ်ဆို့ အရေးယူမှုတွေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
ဒါကြောင့် ရုရှားနိုင်ငံကနေ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာနေကြသလို မြန်မာနိုင်ငံကနေလည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေက စစ်အာဏာသိမ်းကာလ ကြာရှည်လာတာနဲ့အမျှ တစ်ခုတစ်ခုပြီး တောက်လျှောက် ထွက်ခွာနေကြတာ ဖြစ်ပါတယ်။
လောင်စာဆီ စျေးမြင့်တက်မှု အကျပ်အတည်းကြုံနေရတဲ့ မြန်မာနိုင်ငံကတော့ ရုရှား နိုင်ငံက လောင်စာဆီတွေကို စတင်တင်သွင်းနေပြီး ဒီတင်သွင်းမှုက ဘယ်လောက် သက်ရောက်မှု ရှိမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
နိုင်ငံတကာက ဘယ်လိုတုံ့ပြန်မလဲ
နိုင်ငံရေးအကဲခတ်တွေကတော့ ရုရှားနဲ့ဆက်ဆံရေးကောင်းမွန်တဲ့ မြောက်ကိုရီးယားလိုနိုင်ငံမျိုး ဖြစ်မလာအောင် ဒီတွေ့ဆုံမှုအပေါ်မူတည်ကာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မူဝါဒကို ပြန်လည်သုံးသပ်လာနိုင်ခြေရှိတယ်လို့ ပြောဆိုနေကြပါတယ်။
ဒီတွေ့ဆုံမှုကြောင့် မြန်မာ့ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးအားထုတ်နေသူတွေအတွက် အမေရိကန်အပါအဝင် အနောက်ကမ္ဘာရဲ့ ထောက်ပံ့မှု ပြောင်းလဲလာမလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။
အနောက်နိုင်ငံတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အန်ယူဂျီကို အသိအမှတ်ပြုဖို့ အားသာနေပေမဲ့ အန်ယူဂျီရဲ့ စုဖွဲ့လုပ်ကိုင်မှုကို မူတည်မယ့် အခြေအနေမျိုးလို့ ဒေါက်တာ စိုင်းကြည်စင်စိုးက ပြောပါတယ်။
ဒီခရီးစဥ် မတိုင်ခင်ကတော့ တရုတ်နဲ့ ရုရှားအပြင် အိမ်နီးချင်းနိုင်ငံတချို့ကလွဲလို့ စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝန်းက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေပြီးအာဆီယံနိုင်ငံတချို့ကပါ ဖိအားတွေ ပိုပေးဖို့ကိုသာ ပြောဆိုထားကြသလို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုလည်း အသိအမှတ် မပြုကြဖို့ ပြောဆိုမှုတွေ ရှိနေပါတယ်။
ဒီအခြေအနေကြားမှာ အာဏာသိမ်းစစ်တပ်နဲ့ ရုရှားကြား အရင်က ရှိထားပြီးသား စစ်ရေးဆက်ဆံရေးကနေ နိုင်ငံရေး ဆက်ဆံရေး ပုံစံ နီးနီးကပ်ကပ်ပြောင်းလဲလာတဲ့အပေါ် ကမ္ဘာ့အာဏာချိန်ခွင်လျှာ ဆက်ပြီးချိန်ညှိ ထားနိုင်ရေး သတိထားဖို့ အမေရိကန်အထက်လွှတ်တော်အမတ်တချို့က အမေရိကန်နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးတွေကို သတိပေးနေချိန်မှာပဲ စစ်ခေါင်းဆောင်နဲ့ သမ္မတ ပူတင်တို့ရဲ့အခုလို လူချင်းတွေ့ဆုံမှု ဖြစ်လာတာပါ။
မြန်မာနိုင်ငံနဲ့ အရင်ကတည်းက စစ်ဘက် ဆက်ဆံရေး နီးနီးကပ်ကပ်ရှိခဲ့ပြီး မြန်မာစစ်တပ်ရဲ့ လက်နက်နဲ့ နည်းပညာ အဓိက ရယူ အသုံးပြုရာ ဖြစ်တဲ့ ရုရှားနဲ့ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီး စစ်ကောင်စီကို ဝိုင်းဖယ်ကျဥ်ခံရပြီးနောက် စစ်ရေး အပြင် တခြားဆက်ဆံရေးတွေပါ တိုးမြှင့်လုပ်ဆောင်မယ်လို့ ပြောဆိုလုပ်ဆောင်နေသလို ရုရှားအဆင့်မြင့်တာဝန်ရှိသူတွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ခရီးစဥ်တွေ အပြန်အလှန်သွားလာနေတာကို တွေ့မြင်နေရပါတယ်။








