အနောက်အုပ်စု ထောက်လှမ်းရေးအဖွဲ့တွေက တော်လှန်ရေးကို လက်နက် ပေးနေလား

မြန်မာပြည် စစ်အာဏာသိမ်းမှု အဆက်ဆက်ရဲ့ အဓိက အကြောင်းပြချက်ဟာ ပြည်ထောင်စု မပြိုကွဲသွားဖို့နဲ့ အဲဒီလို မပြိုကွဲအောင် ထိန်းသိမ်း ပေးနေတဲ့ သမိုင်းအဆက်ဆက် အဖွဲ့အစည်းဟာ တပ်မတော်/ စစ်တပ် သာ ဖြစ်တယ် ဆိုတဲ့ အယူအဆအပေါ်မှာ အခြေခံထားတာ ဖြစ်တယ် ဆိုပြီး မြန်မာ့အရေး အကဲခတ်တွေထံက တညီတညွတ်တည်း ကြားရလေ့ ရှိပါတယ်။

တချိန်တည်းမှာပဲ ပြည်ထောင်စု ပြိုကွဲသွားအောင် ပြည်တွင်းပြည်ပ ပူးပေါင်းကြံစည်မှုတွေ ရှိတယ် ဆိုတဲ့ ပြောဆိုမှုတွေကိုလည်း စစ်တပ်က အမြဲပဲ ဝါဒဖြန့်ချိလေ့ ရှိတယ် ဆိုပြီးတော့လည်း ကျွမ်းကျင်သူ အကဲခတ်တွေက ထောက်ပြကြပါတယ်။

“ပြည်ထောင်စုနဲ့ အချုပ်အခြာအာဏာဟာ စစ်တပ်ကြောင့် စုစည်း ခိုင်မာနေတာ ဖြစ်ပြီး၊ ဒါကို မပြိုကွဲသွားဖို့ ထိန်းသိမ်း စောင့်ရှောက် ရတာဟာ စစ်တပ်ရဲ့ သမိုင်းပေး တာဝန် ဖြစ်တယ် ဆိုတဲ့ အပြောမျိုး၊ ပုံဖော်မှုမျိုးဟာ တပ်တွင်း ဟိုး ရာထူး အမြင့်ဆုံးကနေ စလို့ အောက်ခြေ အထိအောင် တည်ဆောက်ထားတယ်။ သမိုင်းအဆက်ဆက် ဖြစ်ရပ်တွေနဲ့ ချိတ်ဆက် တည်ဆောက် ပြထားတဲ့ သူတို့ရဲ့ ‘grand narrative ပုံဖော် ပြောဆိုမှု’ လို့ ဆိုရမှာပေါ့”

“အဲဒီ ပုံဖော်မှု၊ ဝါဒဖြန့်မှုမျိုး အခိုင်အမာ တည်ဆောက်ထားချိန်မှာ တစ်ဖက်မှာလည်း ပြည်ထောင်စု ပြိုကွဲအောင်၊ အချုပ်အခြာ အာဏာ ထိခိုက်ပျက်စီးအောင် ပြည်ပ အစိုးရတွေနဲ့ သူတို့ရဲ့ ဩဇာခံ ပြည်တွင်းက သူတွေက အမြဲပဲ ပူးပေါင်းကြံစည်နေတယ် ဆိုတဲ့ conspiracy theory မျိုးလည်း စစ်တပ်က ပြောလေ့ ရှိပါတယ်” ဆိုပြီး မြန်မာ့နိုင်ငံရေးနဲ့ ဖက်ဒရယ်အရေး အထူးပြု လေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

ဆိုရှယ်လစ်ခေတ် မြန်မာပြည်မှာ သံအရာရှိအဖြစ် နေခဲ့ဖူးပြီး၊ နောက်ပိုင်း မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေး အကြောင်း စာအုပ်ပေါင်းများစွာ ရေးသားခဲ့တဲ့ ဩစတြေးလျ သုတေသီ ဒေါက်တာ အင်ဒရူး ဆဲ့လ်သ် Andrew Selth ကလည်း မြန်မာစစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံခြား ထောက်လှမ်းရေး အဖွဲ့တွေက သူတို့ အပေါ် ပစ်မှတ်ထား ရန်မူနေကြတယ် ဆိုပြီး ဆယ်စုနှစ် အဆက်ဆက် ယုံမှတ်နေကြတာ ဖြစ်တယ်လို့ လောလောလတ်လတ်ပဲ ရေးသားပါတယ်။

ထောက်လှမ်းရေးတို့ရဲ့ လုပ်ပုံကိုင်ပုံတွေ၊ ခြေလှမ်းတွေကလည်း နဂို သူတို့ရဲ့ သဘောသဘာဝ အရကို လက်ဆုပ်လက်ကိုင် ပြောပြီး အခိုင်အမာ သက်သေပြဖို့ရာ ခက်တာကြောင့် စပိုင်အဖွဲ့တွေ ပါဝင် ပတ်သက်နေကြပြီ ဆိုတာမျိုး စွပ်စွဲချက် ကြီးကြီးမားမားတွေ ပေါ်ပေါက်လာတိုင်း ကောက်ချက်ဆီကို ခုန်မကူးခင်မှာ ဟုတ်တယ် မဟုတ်ဘူး ဆိုတဲ့ အပေါ် အသေအချာ ချင့်ချိန်ပြီးမှ ဆုံးဖြတ်သင့်တယ်လို့ အင်ဒရူး ဆဲ့လ်သ်က ရေးပါတယ်။

ဆဲ့လ်သ်ဟာ သူရေးလေ့ ရှိတဲ့ ဆစ်ဒနီအခြေစိုက် သုတေသနအဖွဲ့ဖြစ်တဲ့ လိုဗီအင်စတီကျု Lowy Institute က ထုတ်တဲ့ အင်တာပရက်တာ စာစောင်မှာ ရေးသားတာ ဖြစ်ပါတယ်။ အဲဒီဆောင်းပါးထဲမှာ အနောက်အုပ်စုရဲ့ ထောက်လှမ်းရေး အဖွဲ့ အမျိုးမျိုးက မြန်မာနိုင်ငံရဲ့ လက်ရှိ လက်နက်ကိုင် တော်လှန်ရေးကို ကိုယ်ထိလက်ရောက် အားပေး အားမြှောက် လုပ်နေသလား ဆိုတဲ့ အပေါ် ဆန်းစစ်ထားပါတယ်။

အနောက်အုပ်စု ထောက်လှမ်းရေးတွေ ထိုင်းနိုင်ငံထဲကနေ ကြိုးကိုင်နေတယ် ဆိုတဲ့ ပြောဆိုမှု ထွက်ပေါ်

အခုလ အစောပိုင်းကပဲ ယူရေးရှားရီဗျုးဆိုတဲ့ နယူးယောက်မြို့ အခြေစိုက် သတင်းနဲ့ သုံးသပ်ချက် အထူးပြု စာစောင်က ဆောင်းပါးတစ်ပုဒ်ကို ပြန်လည် ကူးယူ ပုံနှိပ် ဖော်ပြခဲ့ပါတယ်။ အိန္ဒိယ အငြိမ်းစား သံအမတ် အမ်. ကေ. ဘဟာဒြာကူးမား M.K. Bhadrakumar ရေးသားတဲ့ “မြန်မာ့နိုင်ငံရေး ချားဘီးရဟတ် အပြည့်ပြန်လည် နေပြန်ပြီ” ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ပြောင်းထားလိုက်တယ် ဆိုတဲ့ သတင်း အပေါ် အခြေခံပြီး မစ္စတာ ဘဟာဒြာကူးမားက အိန္ဒိယပန့်ချ်လိုင်းလို့ နာမည် ပေးထားတဲ့ သူ့ရဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုက်ပေါ်မှာ စပြီး ရေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆောင်းပါးကို ယူရေးရှားက ထပ်ဆင့် ဖော်ပြပါတယ်။

အဲဒီဆောင်းပါးထဲမှာ ဘယ်လိုမျိုး အချက် ထူးထူးခြားခြား ပါလာခဲ့လဲ ဆိုရင် ... ထိုင်းနိုင်ငံထဲက လျှို့ဝှက်နေရာ တချို့မှာ အခြေစိုက်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေး အဖွဲ့တွေဟာ မြန်မာ လက်နက်ကိုင် တော်လှန်ရေးသမားတွေကို အားပေး အားမြှောက် ပြုလုပ်နေသလို၊ ထိုင်းနိုင်ငံရေးမှာလည်း အစိုးရ အပြောင်းအလဲ ဖြစ်အောင် “အရောင်တော်လှန်ရေး” ကို အားပေး မြှင့်တင် ပေးနေတယ် ဆိုပြီး ရေးသားထားပါတယ်။ အဲဒီ အချက်ကို သေသေချာ လက်ဆုပ်လက်ကိုင် သက်သေတွေပြပြီး အသေးစိတ် ပြောထားတာမျိုးတော့ မဟုတ်ပါဘူး။ ထိုင်း ဒုဝန်ကြီးချုပ်/နိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ် ဆိုတဲ့ မြန်မာပြည် ခရီးစဥ် အပေါ်မှာပဲ အာရုံစိုက် ရေးသားထားတာ ဖြစ်ပါတယ်။

အင်ဒရူးဆဲ့လ်သ်က အဲဒီ မစ္စတာ ဘဟာဒြာရဲ့ ဆောင်းပါးထဲ အဲဒီလို ရေးထားတာကို သတိပြုမိတဲ့ အခါ၊ မြန်မာစစ်ဗိုလ်ချုပ်တွေသာ ဖတ်မိရင် အံ့အားသင့်ကြမှာ မဟုတ်ဘူး၊ သူတို့က အမြဲပဲ အဲဒီလို ယုံထားကြတာလို့ ဆိုပါတယ်။

အဲဒီလို စီအိုင်အေလို အနောက် အုပ်စု ထောက်လှမ်းရေးတွေက တိုက်ရိုက် ပါဝင် ပတ်သက်မှုတွေ၊ ကြိုးကိုင်မှုတွေ ပြုလုပ်နေတယ် ဆိုတဲ့ အပြောအဆို၊ အကြံအဆ မျိုးဟာ စစ်တပ်ဟာ သူတို့ ဘာလို့ နိုင်ငံရေးထဲ မဖြစ်မနေပါရတာလဲ ဆိုတာကို အကြောင်းပြထားတဲ့ “တိုင်းပြည် မပြိုကွဲရေး narrative ကြီး” အတွက် ဖော်ဆောင် ထားရှိတဲ့ conspiracy theory ဖြစ်တယ် ဆိုပြီး တချို့က ချည်းကပ်ပါတယ်။ စစ်တပ်ရဲ့ သဘောသဘာဝ အကြောင်း ဒေါက်တာ စိုင်းကြည်ဇင်စိုး ရှင်းပြတဲ့ အထဲမှာလည်း အဲဒီလို ချည်းကပ်မှုမျိုး တွေ့ရပါတယ်။

အင်ဒရူးဆဲ့လ်သ်ကတော့ ဒီလို အပြောမျိုး မှန်မမှန် ဆိုတာ ပိုပြီး အနီးကပ် ဆန်းစစ်ကြည့်သင့်၊ အသေးစိတ် ပိုင်းခြားသင့်တယ်လို့ ဆိုပါတယ်။ အစိုးရ အဆက်ဆက် လက်ထက် မြန်မာပြည်ဟာ နိုင်ငံရပ်ခြား ထောက်လှမ်းရေး အဖွဲ့တွေရဲ့ အာရုံကျရာ၊ စိတ်ဝင်စားရာ နေရာ တစ်ခု ဖြစ်နေခဲ့တယ်လို့လည်း သမိုင်းကြောင်းကို ပြန်လှန်ပါတယ်။

သမိုင်းမှာ ဘယ်လို ရှိခဲ့လဲ

၁၉၅၀ ပြည့်ကျော်နှစ်တွေ တုန်းက ဆိုရင် မြန်မာပြည်မြောက်ပိုင်းထဲက လက်ကျန် တရုတ်အမျိုးသားရေး ဝါဒီ ကူမင်တန် KMT တွေကို CIA က ထောက်ပံ့ ခဲ့သလို၊ ၇၀ နဲ့ ၈၀ ပြည့်ကျော် နှစ်တွေမှာ ဆိုရင်လည်း ဘေဂျင်း ကွန်မြူနစ် အစိုးရက ဗမာပြည် ကွန်မြူနစ်ပါတီ ပျောက်ကြားလက်နက်ကိုင်တွေကို လျှို့ဝှက် ထောက်ပံ့တာပဲလို့ ဆိုပါတယ်။

၁၉၆၂ အာဏာသိမ်းမှုနောက်ပိုင်း ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ပြည်ပရောက် ပါလီမန် ဒီမိုကရေစီ ပါတီက ဗိုလ်ချုပ်ကြီး နေဝင်းကို ဆန့်ကျင်တဲ့ အခါမှာလည်း CIA က အားပေးခဲ့တယ်လို့ အင်ဒရူးဆဲ့လ်သ်က ထောက်ပြပါတယ်။ တစ်ခါ ၁၉၈၈ နောက်ပိုင်းမှာလည်း ဒီမိုကရေစီ အင်အားစုတွေကို အမေရိကန်က နည်းလမ်း အသွယ်သွယ်နဲ့ အားပေး ထောက်ပံ့မှုတွေ ပြုလုပ်တာမှာ NED လို့ ခေါ်တဲ့ ဒီမိုကရေစီရေး အတွက် ထောက်ပံ့ရေး ဆိုင်ရာ အစီအစဥ် National Endowment for Democracy ကနေ ထိုင်း နိုင်ငံအခြေစိုက် အတိုက်အခံ အဖွဲ့တွေကို ရန်ပုံငွေတွေ၊ သင်တန်းတွေ ပံ့ပိုးပေးတာကို အမေရိကန် ကွန်ဂရက်လွှတ်တော်က ကျောထောက်နောက်ခံ ပြုပေးနေခဲ့တယ်လို့ ဆိုပါတယ်။

တခါ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုဖို့ရာ အဲဒီအချိန် စစ်အစိုးရက လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ စိုင်းပြင်းချိန်မှာ အဲဒီ ဆန္ဒ ခံယူပွဲကို ဆန့်ကျင်တဲ့သူတွေကို ရန်ကုန် အမေရိကန် သံရုံးက လျှို့ဝှက် ထောက်ပံ့ခဲ့တယ် ဆိုတဲ့ သတင်းမျိုးတွေလည်း ရှိတယ်လို့ အင်ဒရူးဆဲ့လ်သ် ထောက်ပြတဲ့ အချက်တွေထဲ တွေ့ရပါတယ်။

စစ်တပ်ဟာ သူတို့ရဲ့ ခြေကုပ်အဖြစ် နေပြည်တော်ကို ၂၀၀၅ မှာ ပြောင်းခဲ့တာကိုက ရန်ကုန်မှာ နိုင်ငံခြား သူလျှိုတွေ၊ စပိုင်တွေ ခြေချင်းလိမ်အောင် များနေပြီဆိုတဲ့ အမြင်မျိုး တစိတ်တပိုင်း ပါဝင်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

တကယ့်စပိုင်တွေ အလုပ်လုပ်ပုံကို သက်သေသက္ကာယ ပြပြီး ပြောနိုင်ဖို့ ဆိုတာ ခက်ပေမယ့် ယုံကြည်ကိုးစားဖွယ်ရာ ကောင်းတဲ့ သတင်းတချို့တော့ ရှိခဲ့တယ်လို့ အင်ဒရူးဆဲ့လ်သ်က ဆိုပါတယ်။ ဥပမာဆိုရရင် - ပုံဖျက်ထားတဲ့ လျှို့ဝှက် သင်္ကေတဖော်စက်လို အရာမျိုးကို သုံးပြီး မြန်မာနိုင်ငံရဲ့ တရားဝင် ဆက်သွယ်ရေး လမ်းကြောင်းတွေကို အမေရိကန်က ကြားဖြတ် နားထောင်နေခဲ့တာ ကြာပြီ ဆိုတဲ့ အချက်မျိုး ၂၀၂၀ တုန်းက ထွက်ပေါ်ခဲ့တယ်လို့ ထောက်ပြပါတယ်။

အမေရိကန်လုံခြုံရေးအေဂျင်စီအတွက် အလုပ်လုပ်ပေးခဲ့ဖူးတဲ့ အက်ဒွပ်စနိုဒင်ရဲ့ ဖွင့်ချမှုတွေထဲကမြန်မာနဲ့ ပတ်သက်တဲ့ အချက်တွေမှာ ဥရောပနဲ့ အာရှကြား သွယ်တန်းထားတဲ့ ပင်လယ်အောက် ကေဘယ်လိုင်းကနေ တဆင့်လည်း မြန်မာနဲ့ ပတ်သက်တာတွေကို ဩစတြေးလျနဲ့ စင်္ကာပူတို့ ကြားဖြတ် ရယူလေ့ ရှိတယ်ဆိုတဲ့ အချက် ပါဝင်ပါတယ်။

အာဏာတကျော့ပြန်သိမ်းပြီး နောက်ပိုင်း ကာလ

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာလည်း မြန်မာပြည်အရေး အပေါ်မှာ နိုင်ငံခြား ထောက်လှမ်းရေးဌာနတွေ စိတ်ဝင်တစား ရှိနေကြတယ် ဆိုတဲ့ အချက်ဟာ သက်သေ အထောက်အထားတွေနဲ့ တကွ ရှိနေပြီး၊ အဲဒီ အကြောင်း သီးသန့် စာတမ်း တစ်စောင် သူ ထုတ်ဝေ ထားပြီ ဖြစ်တယ်လို့ ဆဲ့လ်သ်က ဆိုပါတယ်။

မြန်မာပြည်တွင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေ အပြောင်းအလဲ ဖြစ်လာတာဟာ ဒေသတွင်း လုံခြုံရေး အပေါ် ဘယ်လို သက်ရောက် မလဲ ဆိုတာကို အမြဲ စောင့်ကြည့်ဖို့ လိုအပ်သလို၊ မြန်မာ အာဏာသိမ်း စစ်တပ်နဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယတို့ကြား ဆက်ဆံရေး အပေါ်မှာလည်း နိုင်ငံခြား ထောက်လှမ်းရေး အဖွဲ့တွေက အထူး စိတ်ဝင်စား အာရုံစိုက်ကြတယ်လို့ ဆဲ့လ်သ်က ဆိုပါတယ်။

ဒါပေမဲ့လည်း လက်ရှိ လက်နက်ကိုင် တော်လှန်ရေးကို အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေး အေဂျင်စီ အဖွဲ့တွေက တက်တက်ကြွကြွနဲ့ ထောက်ပံ့ကူညီမှုတွေ လက်တွေ့ လုပ်ဆောင် နေသလား ဆိုတဲ့ အချက်ကတော့ ငြင်းခုန်ဖွယ်ရာ ဖြစ်တယ်၊ အခုအထိ အသေအချာ အတိအကျ ပြောဖို့ ခက်မယ်လို့ ဆဲ့လ်သ်က ဆိုပါတယ်။

ဒီတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ လက်နက်ကိုင် တော်လှန်ရေးကို အနောက် အုပ်စုရဲ့ စပိုင် အဖွဲ့တွေက မီးမွှေးပေးနေတယ်၊ ပိုတောက်လောင်အောင် လောင်စာဆီ သဖွယ် ဖြစ်နေစေတယ်လို့ ပြောဖို့ ပိုပြီး ခက်လိမ့်မယ်လို့လည်း ဆဲ့လ်သ်က ဆိုပါတယ်။

ဆဲ့လ်သ်ထောက်ပြတဲ့ အထဲ ဒီနေ့အချိန်အထိ NUG ကို အစိုးရပါ ဆိုပြီး တရားဝင် အသိအမှတ်ပြုတဲ့ နိုင်ငံခြား အစိုးရ မရှိသေးသလို၊ ပြည်တွင်းစစ်ဒဏ် ခံရသူတွေအတွက် ရည်ရွယ်တဲ့ စာနာမှု ဆိုင်ရာ အကူအညီတွေ ပေးတာမျိုးထက် ကျော်လွန်တဲ့ အထောက်အပံ့မျိုး ပေးနေကြောင်း ဝန်ခံတဲ့ နိုင်ငံရယ်လို့လည်း မရှိသေးဘူး ဆိုတဲ့ အချက် ပါဝင်ပါတယ်။

NUG နဲ့ NUG ရဲ့ လက်နက်ကိုင်တပ် PDF တွေဘက်ကတော့ စစ်လက်နက် ဆိုင်ရာ ပစ္စည်းတွေ အပါအဝင် တော်လှန်ရေး အတွက် လက်တွေ့ အသုံးဝင်မယ့် အရာတွေ ထောက်ပံ့ဖို့ တောင်းဆိုတာမျိုး ပြုလုပ်ထားတယ်လို့ ဆဲ့လ်သ်က ဆိုပါတယ်။

ဒါပေမဲ့လည်း အဲဒီ တောင်းဆိုမှု ပုံစံတွေ လက်တွေ့ အကောင်အထည် ပေါ် ပြည့်ဝ လာကြောင်း ဘယ်လို အထောက်အထားမှ ရှိမနေဘူးလို့ ဆိုပါတယ်။

အမေရိကန်ရဲ့ တရားဝင်ရပ်တည်မှု

အမေရိကန်ရဲ့ တရားဝင်ရပ်တည်ချက်ကို ကြည့်ရင် ကွန်ဂရက်လွှတ်တော်က ဘားမားအက်ကို မနှစ်က အတည်ပြု ထားပြီး အဲဒီ အထဲမှာ မြန်မာပြည်မှာ အားလုံးပါဝင်ပြီး ကိုယ်စားပြုခွင့်ရှိတဲ့ ဒီမိုကရေစီ တည်ဆောင်နိုင်ရေး အတွက် အတိုက်အခံ လှုပ်ရှားမှုတွေကို အထောက်အပံ့ပြုမယ်လို့ ဆိုထားပါတယ်။ ဒီမိုကရေစီ ဘက်တော်သား အုပ်စုတွေလို့ ဆိုရာမှာ PDF တွေနဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့ EAO တွေလည်း အမေရိကန် ပေးမယ် ဆိုတဲ့ နည်းပညာ အထောက်အပံ့တွေနဲ့၊ လက်နက်မဟုတ်တဲ့ အကူအညီတွေ ရရှိနိုင်မယ့်သူတွေထဲ အကြုံးဝင်နေပါတယ်။

ဥပဒေပါ စကားလုံး အသုံးအနှုန်းကို ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်လို့ ရတာမှာ “non-lethal” လူ့အသက် မသေစေနိုင်တဲ့ အထောက်အပံ့ ဆိုတာဟာ လက်နက် ခဲယမ်းမီးကျောက် မပါပေမယ့် ကိုယ်ခန္ဓာကို လုံခြုံစေမယ့် ကျည်ကာလို့ အရာမျိုးတွေ၊ ယူနီဖောင်းဝတ်စုံတွေ၊ ရေဒါတွေ၊ ဆေးဝါးပစ္စည်းတွေ အပြင် တခြား ထောက်ပံ့ရေး ပစ္စည်းတွေ ပါဝင်နိုင်တယ် ဆိုတဲ့ အထိ အဓိပ္ပာယ် သက်ရောက်တယ်လို့ ဆဲ့လ်သ်က ယူဆပါတယ်။ ထောက်လှမ်းရေးဆိုင်ရာ သင်တန်းတွေ အပါအဝင် တခြား သင်တန်းမျိုးတွေ အထိအောင် ပါနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒီတော့ အထက်မှာ ပြောခဲ့တဲ့ ကျည်ကာအင်္ကျီက အစ ထောက်လှမ်းရေး သင်တန်း အဆုံး ကိစ္စမျိုုးတွေသာ တကယ်ပေးလာခဲ့ရင်တော့ လက်နက်ကိုင် ပဋိပက္ခအတွက် လောင်စာ ဖြစ်စေတယ် ဆိုတဲ့ အပြောမျိုး၊ ရှုထောင့်မျိုးနဲ့ ပြောမယ်ဆို ပြောလို့ ရသွားလိမ့်မယ်လို့ ဆဲ့လ်သ်က ဆိုပါတယ်။

လက်နက်တွေကို လူမသိပဲ ပေးနေဖို့ရာ မလွယ်ကူ

လက်နက်တွေ ပေးတာမျိုး အထိ အနောက်အုပ်စု နိုင်ငံတွေ လုပ်ကောင်း လုပ်လာနိုင်တယ်၊ တိုက်ရိုက်မဟုတ်တောင် အနည်းဆုံး ကြားခံ proxy ပရောက်ဇီတွေက တဆင့် တစုံတရာသော အတိုင်းအတာမျိုး အနောက်နိုင်ငံတွေထဲက တချို့ ပြုလုပ်ကောင်း ပြုလုပ်ပြီးတောင် ဖြစ်နေနိုင်တယ် ဆိုတဲ့ အယူအဆမျိုးတွေလည်း ရှိပါတယ်။ အဲဒီလို ပြုလုပ်တဲ့ အခါမှာလည်း လျှို့ဝှက် ပြုမူရတဲ့ အပြုအမူတွေ ဆိုတာ ထောက်လှမ်းရေးတွေ ကျွမ်းကျင်တဲ့ ကိစ္စဖြစ်တဲ့ အတွက် စပိုင် အေဂျင်စီတွေက ကိုင်တွယ် ချိတ်ဆက် လုပ်ဆောင်သွားတာမျိုး ပိုပြီး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လည်း မြန်မာ့အရေးမှာ၊ လက်ရှိ လက်နက်ကိုင်တော်လှန်ရေးမှာ အဲဒီလိုမျိုးတွေ ပေးနေတယ်၊ လက်ခံရရှိနေတယ် ဆိုတာ လက်ဆုပ်လက်ကိုင် ပြောစရာ ဘယ်လို သက်သေ အထောက်အထားမှ အခုအထိတော့ ရှိမနေဘူးလို့ ဆဲ့လ်သ်က ဝန်ခံပါတယ်။

PDF တွေနဲ့ EAO တွေ အတွက် လက်နက်ရရှိရာ အဓိက ရင်းမြစ် ၃ ခု ရှိနိုင်တယ်လို့ ဝါရင့် စစ်ရေး အကဲခတ်ကတော့ ဆန်းစစ်ထားပါတယ်။ ဥပမာ အန်ထော်နီ ဒေးဗစ်(စ) ရဲ့ အဆိုအရ ၁။ EAO တွေ ထုတ်တဲ့လက်နက်တွေ၊ ၂။ PDF တွေ ကြိုးစား တည်ဆောက် တီထွင်ထားတဲ့ လက်နက်ရုံတွေနဲ့ ၃။ ထိုင်းနိုင်ငံ လက်နက် မှောင်ခို စျေးကွက် ဆိုပြီး ရင်းမြစ် ၃ ခု ရှိတယ်လို့ ပိုင်းခြားထားတာ တွေ့ရပါတယ်။ အဲဒီထဲမှာ နိုင်ငံရပ်ခြား အစိုးရတွေထံက လာတယ် ဆိုတာမျိုး မပါဝင်ပါဘူး။

တခါ နိုင်ငံရပ်ခြား ထောက်လှမ်းရေး အဖွဲ့တွေကလည်း လူအသိမခံပဲ အတော်လေး လျှို့လျှို့ဝှက်ဝှက် ထိန်းထိန်းသိမ်းသိမ်း ပေးတာမျိုး လုပ်နိုင်မယ်လို့ မထင်ဘူးလို့ ဆဲ့လ်သ်က ပြောပါတယ်။ သူ အဓိက ထောက်ပြတဲ့ အချက်ကတော့ .... လက်နက်ကိုင် တော်လှန်ရေး အင်အားစု တိုင်းဟာ တစ်ခုနဲ့တစ်ခုကြား ခိုင်မာတဲ့ စုပေါင်း ဖွဲ့တည်မှုမျိုး မဟုတ်ပဲ လျော့ရဲတဲ့ မဟာမိတ် ပုံစံမျိုးဖြစ်တဲ့ အတွက် တစ်ဖွဲ့ကို လက်နက်တွေ ပေးနေပြီ၊ တစ်ဖွဲ့က ရနေပြီဆို နောက်တစ်ဖွဲ့က မသိအောင် အသံထွက်မလာအောင် ဘယ်လိုမှ ထိန်းထားနိုင်မှာ မဟုတ်ဘူးလို့ ဆဲ့လ်သ်က ဆိုပါတယ်။ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပေါက်ကြားပြီး သိပ်မကြာခင် အားလုံး သိကုန်မှာပဲလို့ ဆိုပါတယ်။

တော်လှန်ရေး အဖွဲ့တွေကို လက်နက် ထောက်ပံ့လာမှာကို မြန်မာ စစ်တပ် အစိုးရိမ်ဆုံး ဖြစ်တဲ့ အတွက် အတိုက်အခံလှုပ်ရှားမှုထဲထိ ထိုးဖောက် ဝင်ရောက်ဖို့ ကြိုးစားတာဟာ အဲဒီအချက်ကို အဓိက သိရဖို့ပဲ ဖြစ်တယ်လို့ ဆဲ့လ်သ်က ဆိုပါတယ်။ တော်လှန်ရေးသမားတွေ လက်နက်ရနေပြီ ဆိုရင် မြန်မာ အာဏာသိမ်း စစ်တပ်ရော သူတို့ရဲ့ မိတ်ဖက် ရုရှားရော၊ တရုတ်ရောက အသံကျယ်ကျယ်နဲ့ ချက်ခြင်း ဖွင့်ချကြမှာ ဖြစ်ပြီး မြုံထားမှာ မဟုတ်ဘူးလို့လည်း ဆဲ့လ်သ်က ဆိုပါတယ်။

ဒီတော့ နိုင်ငံရပ်ခြား အစိုးရတွေ၊ ထောက်လှမ်းရေးတွေက မြန်မာ လက်နက်ကိုင် တော်လှန်ရေးမှာ ကိုယ်ထိလက်ရောက် အားပေးအားမြှောက် လုပ်နေပြီ ဆိုတဲ့ ကောက်ချက်မျိုး အလောတကြီး မချသင့်ဘူး၊ လက်ရှိ မြန်မာပြည် ကြုံတွေ့နေရတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ရှုထောင့်တွေ အပေါ် အရင်းခံအတိုင်း သိမြင်နားလည်ဖို့ရာ အရေးကြီးတယ်လို့ ဆဲ့လ်သ်က တိုက်တွန်းပါတယ်။