မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာ မြန်မာတွေ ဘယ်လိုနှိပ်စက်ခံရလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ရောက်ရောက်ချင်းညမှာပဲ တစ်ကိုယ်လုံးချွတ်ပြီး ထိုင်ထ လုပ်ခိုင်းတယ်" လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းက အိမ်မက်ဆိုးတွေကို မသက်ထားက ပြောပြပါတယ်။
သူဟာ မလေးရှားက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လဝက ထိန်းသိမ်းရေးစခန်းမှာ ၂၅ ရက်ကြာ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရသူပါ။
ခေါင်းအုံး၊ စောင်နဲ့ အခင်းမပါတဲ့ သံမံတလင်းပေါ်မှာ ၅ နာရီသာ အိပ်ချိန်ရှိပြီး ၁၂ နာရီလောက်က ခေါင်းငုံ့ထားရတဲ့အနေအထားနဲ့ ပုံစံထိုင်ရပါတယ်။
မလေးရှားရဲ့ လဝက ကြပ်မတ်တဲ့စနစ်ဟာ ထိန်းသိမ်းခံရသူတွေကို ဒဏ်ခတ်မှုနဲ့ ထိခိုက်နစ်နာမှု ပိုစေတဲ့အပြင် ဥပဒေကြောင်းအရ ခုခံပိုင်ခွင့်လည်း ပိုနည်းစေတဲ့ ကမ္ဘာတလွှား စနစ်တွေထဲက တစ်ခုဖြစ်တယ်လို့ ထိန်းသိမ်းရေးစခန်းတွေကို လေ့လာစောင့်ကြည့်နေတဲ့ Global Detention Project က သတ်မှတ်ပါတယ်။
နှစ် ၃၀ အတွင်း အဆိုးရွားဆုံး အဖမ်းအဆီး

ဓာတ်ပုံ ရင်းမြစ်, Getty Images
မလေးရှားမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဆက်စပ်ဖမ်းဆီးခံရသူအရေအတွက်ဟာ လေးနှစ်အတွင်း ၇ ဆ မြင့်တက်လာတာပါ။
၂၀၂၁ ခုနှစ်မှာ တစ်လကို လူ ၁,၀၀၀ ဝန်းကျင်ဖမ်းဆီးနေရာကနေ ၂၀၂၅ ခုနှစ်ထဲမှာ တစ်လကို လူ ၇,၀၀၀ ကျော် ဖမ်းဆီးတာကို အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တွေအရ မြင်နိုင်ပါတယ်။
ဘယ်နိုင်ငံသားတွေ အများဆုံးဖမ်းထားတယ်ဆိုတာကို အသေးစိတ်မထုတ်ပြန်ပေမဲ့ မြန်မာတွေအများဆုံးဖြစ်လိမ့်မယ်လို့ မြန်မာအလုပ်သမားနဲ့ ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့လည်း ဒီနှစ် အစပိုင်းကနေ မေလ ၁၃ ရက်အထိဆိုရင် အဖမ်းခံရသူ လူပေါင်း ၃၄,၂၈၇ ဦးအထိ ဖမ်းဆီးခံထားရပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံ အလုပ်သမားရေးရာနဲ့ ဒုက္ခသည်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုမင်းထိုက်က "နှစ် ၃၀ အတွင်း အဆိုးရွားဆုံး အဖမ်းအဆီးကို ကြုံဖူးတာပဲ" လို့ ပြောလာပါတယ်။
တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးတဲ့ အော်ပရာစီ စီမံချက်နဲ့ တစ်ခါဝင်ဖမ်းရင် ဆယ်ချီရာချီ အစုလိုက် ဖမ်းဆီးခံနေရပြီး တချို့ဖြစ်စဥ်တွေမှာ မလေးရှား အာဏာပိုင်တွေက နေအိမ်တံခါးတွေ ကန်ကြောက်ချိုးဖြတ်ကာ ဝင်ဖမ်းကြပါတယ်။
အော်ပရာစီဆိုတာ အင်္ဂလိပ်လို Operation ကလာတဲ့ မလေးရှား Operasi အသုံးအနှုန်းကလာပြီး စီမံချက်နဲ့ပြုလုပ်ကို ပြောတာဖြစ်ပါတယ်။
နယ်စပ်နဲ့ လုပ်ငန်းခွင်တွေမှာလည်း နေ့စဉ်အဖမ်းအဆီးတွေရှိနေတာပါ။
တရားရုံးတွေကလည်း ဖမ်းဆီးခံရသူတွေကို ပြစ်ဒဏ် ၂ ဆ တိုးချနေတယ်လို့ အမှုလိုက်ပါကူညီနေသူတချို့ဆီက သိရပါတယ်။
တစ်လကို အမှု ၂၅၀ လောက် ဥပဒေရေးရာအကူအညီပေးနေရတဲ့ ကိုမင်းထိုက်က "တရားသူကြီးအပေါ် မူတည်တယ်။ အရင်က ထောင် ၄ လချတာနဲ့ ငွေဒဏ် မလေးရှားရင်းဂစ် ၄,၀၀၀ လောက်ချတာ။ အခုက အနည်းဆုံးဆိုရင်တောင် ထောင် ၈ လနဲ့ ငွေဒဏ် ၇,၀၀၀ ပဲ" လို့ သူ့အတွေ့အကြုံအရ ပြောပြပါတယ်။
ဥပဒေအရ နယ်စပ်က ခိုးဝင်တာမိရင် မလေးရှား ရင်းဂစ် ၁၀,၀၀၀ ထက်မပိုတဲ့ ငွေဒဏ်၊ ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ၃ ချက်ထက်မပိုတဲ့ ကြိမ်ဒဏ် ချမှတ်တာဖြစ်ပါတယ်။
တရားဝင်လမ်းကလာပြီး သတ်မှတ်ကာလ ကျော်လွန်နေထိုင်သူတွေကိုတော့ မလေးရှား ရင်းဂစ် ၅၀,၀၀၀ ထက်မပိုတဲ့ ငွေဒဏ်၊ ၅ နှစ်ထက်မပိုထက်တဲ့ ထောင်ဒဏ်၊ ၃ ချက်ထက်မပိုတဲ့ ကြိမ်ဒဏ် ချမှတ်နိုင်ပါတယ်။
မလေးရှားမှာ တရားမဝင်နေထိုင်သူ ၁ ဒသမ ၂ သန်းကနေ ၃ ဒသမ ၅ သန်းကြားရှိပြီး သူတို့တွေဟာ ဖမ်းဆီးခံရနိုင်တဲ့အန္တရာယ်ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Human Rights Watch (HRW) က ၂၀၂၄ ခုနှစ် မတ်လက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မလေးရှား လူဝင်မှု ကြီးကြပ်ရေး
လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေထဲက ဘဝတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မလေးရှားမှာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၂၀ ရှိပါတယ်။
ဒီစခန်းတွေဟာ လူ ၃၀၀ ကနေ ၁,၀၀၀ ကြားထားတယ်ဆိုပေမဲ့ ကျပ်ညပ်နေကြရတာဖြစ်ပါတယ်။
အဖမ်းအဆီးများတဲ့ ဂျိုဟိုးနဲ့ ဆလမ်ဂေါပြည်နယ်လို နေရာမျိုးမှာ စခန်းတွေ မဆန့်လို့ တခြားယာယီစခန်းတွေကို ရွှေ့ပြောင်းနေရာချထားရတယ်လို့ ဖမ်းဆီးခံရသူတွေကို ကူညီနေသူတွေက ပြောပါတယ်။
အသက် ၂၃ နှစ်အရွယ် မသက်ထားကတော့ ဂျိုဟိုးစခန်းထဲက အမျိုးသမီးဆောင်မှာနေခဲ့ရတာပါ။
ဟော(ခန်းမကျယ်)ပုံစံ နှစ်ထပ်ဆောင်ဖြစ်ပြီး အုတ်တဝက် သံဇကာတဝက် ကာထားပါတယ်။
မိုးရွာရင် သံဇကာကနေ မိုးပက်တာကြောင့် လဲစရာအဝတ်လည်းမရှိဘဲ ချမ်းချမ်းတုန်တုန်နဲ့ ငိုကြွေးခဲ့ရတာကို သူ မှတ်မိနေပါသေးတယ်။
ရဲစခန်းကနေ ထိန်းသိမ်းရေးစခန်းကို လွှဲလိုက်တဲ့ ရက်မှာ အဝင်ဝရောက်ရောက်ချင်းသူတို့ကို အနီရောင် ကာဂို ဝတ်စုံ ၂ စုံပေးပါတယ်။
"အင်္ကျီတွေက ပေးကတည်းက နံစော်လို့ အန်ပါအန်ချင်တယ်။ ဒါကို တစ်ပတ်တစ်ခါပဲ သူတို့လျှော်ဆိုမှ လျှော် ရတယ်။ ပေလို့ ခိုးလျှော်ရင် ထိုင်ထအခါ ၁၀၀ ဒဏ်ပေးတယ်" လို့ မသက်ထားက ပြောပါတယ်။
သန့်ရှင်းရေးအားနည်းချက်ကြောင့် ယားနာလို အရေပြားရောဂါတွေလည်း ဒီထိန်းသိမ်းရေးစခန်းမှာ ထကြွပါတယ်။
အဝင်ဝ ၁၀ ပေ အကျယ်နဲ့ အရှည်ပေ ၄၀ ဝန်းကျင်ရှိတဲ့ အခန်းမှာ ရေစချိုးဖို့ အုတ်ကန်နဲ့ ဟာလာဟင်းလင်း အိမ်သာ အကန့် ၄ ခု ပါပါတယ်။
ရေလဲအဝတ်မရှိဘဲ လူအများနဲ့ရေချိုးရတာ၊ လူအများရှေ့ အိမ်သာတက်ရတာကြောင့်အမျိုးသမီးတွေမှာ ရှက်ရွံ့စိတ်နဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံကြဘူးလို့ မသက်ထားက ပြောပြပါတယ်။
အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ရေနဲ့စင်အောင်လျှော်ပြီး မပစ်ရင် ဒဏ်ပေးခံရပါတယ်။
ဖိအားပေါင်းစုံနဲ့ ထိန်းသိမ်းရေးစခန်းက အမျိုးသမီးတွေရဲ့ တစ်ရက်တာဟာ ရှည်ကြာလွန်းပါတယ်။
မနက် ၅ နာရီထ ရေချိုးပြီးတာနဲ့ ၆ နာရီလောက်မှာ စခန်းရဲ့မျှော်စင်ကနေ ပုံစံထိုင်ဖို့ အချက်ပေးသံမြည်လာ ပါတယ်။
"ဒါကို မာစတာထိုင်တယ်လို့ ခေါ်တယ်။ ပွမ်လို့အသံကြားတာနဲ့ အခန်းထဲမှာ ၅ ယောက်တစ်တန်း တင်ပလ္လင်ခွေ၊ ခေါင်းကို ငုံ့ထားပြီး ထိုင်ရတယ်"
"ဘေးမှာစောင့်ကြည့်နေကြတော့ မော့ကြည့်မိရင် ဖြတ်ရိုက်ခံရတယ်" လို့ သူက ပြောပါတယ်။
ဒီလိုတစ်ခါထိုင်ရင် ၁ နာရီကနေ ၂ နာရီကြားကြာပြီး တစ်ရက်ကို ၆ ခါ ထိုင်ကြရတာပါ။
"တောက်လျှောက်ကြီးထိုင်ရတော့ နာကျင်ပြီး တင်ပါးမှာလည်း အဖုတွေပါ ပေါက်တယ်" လို့ မသက်ထားက ပြောပြပါတယ်။
ထိန်းသိမ်းရေးစခန်းမှာ မနက် ၈ နာရီ၊ နေ့လယ် ၁ နာရီနဲ့ ည ၇ နာရီတွေမှာ အစားစားရပါတယ်။
"ကြက်ဥပြုတ်တစ်ခြမ်း၊ ဖရုံသီးပြုတ်တစ်စိတ်နဲ့ ထမင်းလို ရေလုံပြုတ်ကျွေးတာ များတယ်"
အသိမိတ်ဆွေ၊ မိသားစုတွေနဲ့လည်း တွေ့ခွင့်မရတာကြောင့် ကျွေးတာပဲ စားကြရပါတယ်။
ကိုယ်တာအလိုက်ပေးထားတဲ့ သောက်ရေလည်း ထပ်တောင်းခွင့် မရှိပါဘူး။
ရေချိုးချိန်က တစ်ရက်ကို ၂ ခါပေးပြီး ရေချိုးတိုင်း ခေါင်းကို ရေလောင်းခိုင်းတယ်လို့ သူကပြောပါတယ်။
"ဆံပင် ခြောက်အောင် ခေါင်းကို ခါရမ်းနေရတယ်။ ညဘက် အင်္ဂတေမှာ ခေါင်းမခြောက်ဘဲ အိပ်ရတော့ ဖျားကြတယ်။ ဒါပေမဲ့ ဆေးတောင်းရင် တစ်ရက်လောက်ကြာမှ ရတယ်" လို့ စခန်းတွင်းက ကြုံခဲ့ရတာကို ပြောပြပါတယ်။
"သူတို့နိုင်ငံက လူကြီးတွေလာရင်တော့ အဆင်ပြေလားမေးရင် ပြေတယ်လို့ ပြောကြဖို့ မလာခင်တည်းက ကြိုသတိပေးတယ်"လို့ မသက်ထားက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မသက်ထားဟာ ၂၀၂၄ မေလမှာ မလေးရှားရောက်ပြီး ဇွန်လမှာ အဖမ်းခံခဲ့ရတာပါ။
"ဂုတ်ကနေ လာဆွဲပြီး ဖမ်းတာ။ ကိုယ့်အပြင် တခြားဆိုင်ခွဲတွေက လူ ၁၀၀ လောက် ဖမ်းခံထိတယ်" လို့ သူက ပြောပါတယ်။
မသက်ထားရဲ့အလုပ်အကိုင်အေဂျင်စီက သူ့ကို စက်ရုံအလုပ်သမားအဖြစ် မှတ်ပုံတင်ထားပြီး စားသောက်ဆိုင် မှာ အလုပ်သွင်းခဲ့တာပါ။
သူကိုယ်တိုင်က ဒါကို မသိခဲ့ဘူးလို့ ပြောပါတယ်။
မသက်ထားဟာ တရားဝင်လမ်းကြောင်းက လာခဲ့တာဖြစ်သလို အလုပ်ရှင်က ဒဏ်ကြေးဆောင်ပြီး သူတို့ အလုပ်သမားတွေကို လာထုတ်ပေးလို့ ၂၅ ရက်မြောက်မှာတော့ ပြန်လွတ်လာခဲ့ပါတယ်။
မသက်ထားက ဖမ်းဆီးခံရချိန် နှိပ်စက်ခံရတာကို " မတရားဘူးလို့ ခံစားရတယ်" လို့ ပြောပါတယ်။
ဒါက အမျိုးသမီးဆောင်ဘက်က အခြေအနေတွေဖြစ်ပြီး အမျိုးသားဆောင်က အခြေအနေတွေကို အခု ပြည်နှင်ဒဏ်နဲ့ မြန်မာကို ပြန်ရောက်နေပြီဖြစ်တဲ့ ကိုဇော်ဦးက ဘီဘီစီကို ပြောပြလာပါတယ်။
နိုင်ငံထဲကို တရားမဝင် ဝင်ရောက်အလုပ်လုပ်တာကြောင့် ဆလန်ဂေါပြည်နယ်၊ ရှားအလန်မြို့ လူဝင်မှုကြီးကြပ်ရေးက ဖမ်းပြီး စမှုံညှင်းမြို့က စခန်းမှာ ထိန်းသိမ်းခံခဲ့ရတာပါ။
သူလည်း စခန်းကို ရောက်တာနဲ့ ရှိသမျှ အဝတ်အစားကုန်ချွတ်ပြီး ထိုင်ထအခါ ၁၀၀ လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။
"စခန်းရောက်ပြီး တစ်ပတ်လောက်မှာ ညပိုင်းအချိန် အုတ်နံရံကို မှီပြီးအပြင်ကို ကြည့်မိတာဗျာ။ အဲဒါကို တံတွေး ထွေးတယ်ဆိုပြီး ကျွန်တော်နဲ့အတူမိတဲ့သူအားလုံး ကြမ်းပေါ်လှဲခိုင်းပြီး ပိုက်အပျော့နဲ့ ခြေဖျားတွေကို ဝင်ရိုက်တာ" လို့ ကိုဇော်ဦးက ပြောပါတယ်။
ရိုက်နှက်ခံရတာအပြင် အစားအစာနဲ့ ကျန်းမာရေးပြဿနာတွေလည်း ကြုံခဲ့ရပါတယ်။
"စခန်းမှာကျွေးတဲ့ စားစရာတွေက မကျက်တာနဲ့ သိုးနံ့ထွက်တာများတယ်။ အဲဒီတော့ ဝမ်းလျောတာများတယ်။ နေမကောင်းလို့ ဆေးတောင်းရင်လည်း ချွေးမထွက်လို့ ဖြစ်တာဆိုပြီး ပြေးခိုင်း၊ မြေကြီးပေါ် လှိမ့်ခိုင်းတယ်" လို့ သူက ပြောပါတယ်။
ကိုဇော်ဦးတစ်ယောက် စခန်းထဲမှာ ၂ လနေခဲ့ရပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရပါတယ်။
"ပြန်လာတော့ လေယာဥ်ပေါ်မှာ ဘုရားတ နေရတာပေါ့။ စစ်မှုထမ်းနဲ့ ဖမ်းခံရမှာ ကြောက်ခဲ့တာ" လို့ သူက ပြောပြပါတယ်။
မြန်မာနိုင်ငံကနေ စစ်မှုထမ်းသက်အကျုံးဝင်တဲ့ သူတွေ ထွက်ခွာဖို့ တင်းကျပ်ထားတာကြောင့် တရားမဝင်လမ်းတစ်ခုသာ သူ့မှာ ရွေးစရာရှိခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေ ဘာကြောင့်တရားမဝင် ဖြစ်ကြတာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မလေးရှားရောက်မြန်မာနိုင်ငံသားတွေကို ၂ ပိုင်းခွဲကြည့်ရင် ရွှေ့ပြောင်းအလုပ်သမားနဲ့ ဒုက္ခသည်ဆိုပြီး ခွဲနိုင်ပါတယ်။
တရားဝင်မှတ်ပုံတင်ထားတဲ့ အလုပ်သမား ၅ သိန်းကျော်ရှိပြီး တရားမဝင်က သန်းနဲ့ချီရှိတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ခန့်မှန်းပါတယ်။
မြန်မာနိုင်ငံသားတွေဟာ နှစ်ဖက်အစိုးရရဲ့ မူဝါဒနဲ့ ဥပဒေတွေကြောင့် တရားမဝင်ဖြစ်နေကြရတာပါ။
မြန်မာနိုင်ငံဘက်က စစ်မှုထမ်းအသက်အကျုံးဝင်သူတွေကို နိုင်ငံထဲက တရားဝင်ထွက်ခွာခွင့်တွေ ကန့်သတ်ထားပါတယ်။
မလေးရှားကို အလုပ်သမားစေလွှတ်တာကိုလည်း အလုပ်အကိုင်အေဂျင်စီတစ်ခုကနေ တစ်လကို အယောက် ၂၀ သာ စေလွှတ်ဖို့ ဒီနှစ် မတ် ၂၆ ရက်မှာ ထပ်မံကန့်သတ်လိုက်ပြန်ပါတယ်။
မလေးရှားနိုင်ငံကလည်း ၂၀၂၄ ဇွန်လကစပြီး မြန်မာအလုပ်သမားခေါ်ယူတာကို ကန့်သတ်ထားတာပါ။
အလုပ်လုပ်ကိုင်ခွင့်ရှိပြီးသားသူတွေကိုသာ သက်တမ်းတိုးခွင့်ပေးပြီး တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေကို အထောက်အထားထုတ်ပေးတာကို ရပ်တန့်ထားပါတယ်။
ဒါကြောင့် တရားမဝင်ဖြစ်နေသူတွေဟာ ဖမ်းဆီးခံရနိုင်ခြေမြင့်နေတာပါ။
တရားမဝင်ထဲမှာ အလုပ်သမားအပြင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကတ် စောင့်ဆိုင်းနေသူတွေလည်း ပါဝင်ပါတယ်။
နိုင်ငံတကာကအကာအကွယ်ပေးဖို့ လိုအပ်သူအဖြစ် UNHCR က အထောက်အထားကတ်ထုတ်ပေးထားသူက ၂၀၂၅ မေလကုန်အထိ ၁၇၉,၀၂၀ ဦး ရှိပါတယ်။
UNHCR ရုံးနဲ့ အဆက်အသွယ်ရှိတဲ့ မြန်မာနိုင်ငံအလုပ်သမားရေးရာနဲ့ ဒုက္ခသည်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုမင်းထိုက်က "UN ရုံးက ဝန်ထမ်းအများကြီးလျှော့လိုက်တော့ ကတ်ရဖို့က အရင်ထက်လချီ၊ နှစ်ချီကြာမယ်"လို့ ပြောပါတယ်။
အခု ၂၀၁၉ ကနေ ၂၀၂၂ အတွင်း လျှောက်ထားသူတွေကို အင်တာဗျူးရက်ချိန်းယူဖို့ တစ်ရက်ကို တစ်နာရီအတွင်း ဖုန်းခေါ်ဆိုခွင့်ပေးထားပေမဲ့ တစ်ရာမှာ တစ်ယောက်ပဲ ဖုန်းပြောခွင့်ရနိုင်တာလို့ သူက ပြောပါတယ်။
တစ်ဖက်မှာလည်း မလေးရှားအာဏာပိုင်တွေက တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးရာမှာ ဒုက္ခသည်တွေကိုပါ ဖမ်းဆီးနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Fortify Rightsက ဒီလထဲမှာ ထုတ်ပြန်ပါတယ်။
ဒါကို ကိုမင်းထိုက်ကလည်း ဟုတ်မှန်ကြောင်း ထောက်ခံပါတယ်။
"အခုက ဖမ်းတဲ့နေရာမှာ ရှိတဲ့လူတိုင်းကို ခေါ်သွားတယ်။ UN ကတ်ပြနိုင်လည်း ချက်ချင်းပြန်မလွှတ်ဘူး"လို့ သူက ပြောပါတယ်။
အချိန် နှစ်ပတ်လောက် ထိန်းသိမ်းရေးစခန်းမှာ နေကြရတယ်လို့ ဆိုပါတယ်။
Fortify Rights က မေးမြန်းထားတဲ့ UNHCR ကတ်ရှိသူ ရိုဟင်ဂျာတစ်ဦးကတော့" ဒီကတ်ကဘာမှ အသုံးမဝင်ဘူး။ ခင်ဗျားမှာ ပတ်စ်ပို့ရှိလား ထုတ်ပြ" လို့ပဲပြောတယ်လို့ ကြုံခဲ့ရတာကို ပြောထားပါတယ်။
မလေးရှားအစိုးရက ၂၀၁၉ ခုနှစ်ကတည်းက UNHCR ကို လဝကထိန်းသိမ်းရေးစခန်းတွေထဲ ဝင်ခွင့် ပိတ်ထားတာကြောင့် ဒုက္ခသည်တွေ ဖမ်းဆီးခံရပြီးရင် ပြင်ပနဲ့အဆက်အသွယ်ရဖို့ ခက်ခဲပါတယ်။
အိမ်နဲ့အဆက်အသွယ်ရဖို့ စခန်းက တာဝန်ရှိသူတွေကို ငွေပေးခဲ့ကြရတဲ့ ဖမ်းဆီးခံရဖူးသူတွေ၊ မိသားစုဝင်တွေရဲ့ ပြောပြချက်ကို Fortify Rights ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မလေးရှားနိုင်ငံဟာ ၁၉၅၁ ဒုက္ခသည်ညီလာခံမှာ လက်မှတ်ရေးထိုးထားခြင်းမရှိပါဘူး။
ဒါပေမဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာဥပဒေအရ အကာအကွယ်ပေးရမယ်လို့ ညီလာခံက တရားဝင်လမ်းညွှန်ချက်ရှိပါတယ်။
ဒုက္ခသည်ညီလာခံမှာ လက်မှတ်မထိုးထားတာက မလေးရှားအတွက် ဒုက္ခသည်အခွင့်အရေးချိုးဖောက်ဖို့ အကြောင်းပြချက်ကောင်းမဟုတ်ဘူးလို့ Fortify Rights ကဆိုပါတယ်။
လက်ရှိအချိန်အထိ မလေးရှားဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံကို ဖိအားပေးပြန်ပို့ဖို့ အားထုတ်နေဆဲပါ။
သာမန်အရပ်သားတွေဘက်ကြည့်ရင်လည်း ရွှေ့ပြောင်းတွေနဲ့ပတ်သက်လို့ အမုန်းစကားဖြန့်ဝေမှုတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
မလေးရှားအစိုးရဟာ ၂၀၂၄ မတ် ၃၁ ရက်က ချမှတ်ခဲ့တဲ့ ရွှေ့ပြောင်းနေရပ်ပြန်ပို့ရေးစီမံချက်ကို ပြီးခဲ့တဲ့ မေ ၁၇ ရက်မှာ နောက်တစ်နှစ်ထပ်တိုးတယ်လို့ ကြေညာထားတာပါ။
ပြည်ထဲရေးဝန်ကြီး Saifuddin Nasution Ismail က "လူဝင်မှုကြီးကြပ်ရေးဌာနခွဲအနေနဲ့ တရားမဝင် ရွှေ့ပြောင်းတွေကို နှစ်ဆတိုး ရှာဖွေဖမ်းဆီးဖို့ ညွှန်ကြားထားပြီးဖြစ်တယ်"လို့ သတင်းတွေမှာ ပြောထားပါတယ်။
မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကို ထိန်းသိမ်းရေးစခန်းတွေက အခြေအနေနဲ့ ပတ်သက်လို့ ဘီဘီစီက အီးမေးလ်ပေးပို့ ဆက်သွယ်မေးမြန်းထားပေမဲ့ ဆောင်းပါးထုတ်လွှင့်ချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
လူ့အခွင့်အရေးအဖွဲ့ Fortify Rights ကတော့ မလေးရှားအာဏာပိုင်တွေအနေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ နှိပ်စက်တာနဲ့ မတရားစီးနင်းဖမ်းဆီးတာကို လုံးဝရပ်တန့်ဖို့ တိုက်တွန်းထားပါတယ်။
"မလေးရှားတော့ ဘယ်တော့မှ ပြန်မသွားတော့ဘူး"လို့ ကိုဇော်ဦးက ဆိုပါတယ်။












