ရိုဟင်ဂျာတို့ရဲ့ ဘဝ - ဘာကြောင့် ဒုက္ခသည်တွေက လူကုန်ကူးခံပြီး သေဘေးနီးတဲ့ ပင်လယ်လမ်းက ထွက်ခွာသွားဖို့ လုပ်နေကြတာလဲ

ဓာတ်ပုံ ရင်းမြစ်, Sharifa Khatun
- ရေးသားသူ, ဆွာမိနာသန် နက်ထရာဂျန်
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှားဌာန
မှောင်မည်းနေပြီး လူသူကင်းမဲ့တဲ့ သောင်ပြင်ပေါ်မှာ အေးကလည်း အေးလှပါတယ်။
ဖာဇယ် အာမက် (အမည်လွှဲ) က အသက် ၂၄ နှစ်အရွယ် လူပျိုလူလွတ် တယောက် ပါ။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေထဲမှာ ဆယ်စုနှစ် ထက်မက နေပြီးတဲ့ အခါမှာတော့ လူကုန်ကူးသမားတွေကို ငွေပေးပြီး ဒီကနေ ထွက်ခွာဖို့ သူဆုံးဖြတ် လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်က ကော့ဆက်ဘဇားနဲ့ မြန်မာဘက် ရခိုင်ပြည်နယ်ကို ခြားထားတဲ့ မြစ်ဆီကို သူ သတိထားပြီး ထွက်ခဲ့ပါတယ်။
"လမ်းမှာ လူတွေအများကြီးသေကြတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ မလေးရှားကိုလည်း လူအများအပြား ရောက်သွားကြပါတယ်။ ကျွန်တော် ဒုက္ခသည် စခန်းထဲက ဘဝမှာ ဆက်မနေချင်တော့ဘူး" လို့ အာမက်က ဘီဘီစီကို ပြောပါ တယ်။။
၂၀၂၂ ခုနှစ်အတွင်း ပင်လယ်ထဲမှာ ရိုဟင်ဂျာ အနည်းဆုံး ၃၄၈ ယောက် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးသွားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်၊ ဒီအရေအတွက်ဟာ ၂၀၁၄ ခုနှစ်ကစလို့ ကြည့်ရင် အများဆုံးပါ။
ဒါပေမဲ့လည်း မလေးရှားကို အဲဒီ အန္တရာယ်များလှတဲ့ ရေလမ်းခရီးကသွားကြမယ့် လူတွေက တိုးလာတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒီအန္တရာယ်တွေကို ရိုဟင်ဂျာ ဒုက္ခသည်တွေက လစ်လျူရှုပစ်လောက်အောင် သူတို့ကို ဘာတွေက တွန်းပို့နေတာပါလဲ။
မျှော်လင့်ချက်ကင်းမဲ့မှု

ဓာတ်ပုံ ရင်းမြစ်, BBC
အာမက်မှာ ညီမ ၃ ယောက်နဲ့ ညီ ၂ ယောက်ရှိပါတယ်။ သူ့မိဘတွေက သေဆုံး သွားကြပါပြီ။ သူက အိမ်ထောင်စုကို ဦးဆောင်နေတာပါ။ သူတို့ မောင်နှမတွေ အားလုံးရဲ့ ဘဝကို သူက တိုးတက်စေလိုပါတယ်။
"ဘင်္ဂလားဒေ့ရှ်မှာ ကျွန်တော်တို့ ဘဝက ဘာမှ လုံခြုံမှု မရှိဘူး၊ အလုပ်လုပ်နိုင်ဖို့ ဘာအခွင့်အလမ်းမှ မရှိဘူး" လို့ သူက ပြောပါတယ်။
အာမက်က မလေးရှားကို သူရောက်သွားရင် သူ့ဘဝ အကောင်းဘက်က ပြန်ပြောင်း နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ရိုဟင်ဂျာ မွတ်ဆလင်ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြတာ ဆယ်စုနှစ် ပေါင်းများစွာရှိနေပါပြီ။
သူတို့ရဲ့ ဇာတိနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက သူတို့ကို နိုင်ငံသားတွေအဖြစ် အသိအမှတ် မပြုပါဘူး။
၂၀၁၇ ခုနှစ်ထဲမှာ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်အတွင်း အပြင်းအထန် ချေမှုန်းတဲ့ စစ်ဆင်ရေးကို လုပ်ပါတယ်၊ ဒါကို ကုလသမဂ္ဂကတော့ "ရှင်းလင်းလှတဲ့ လူမျိုးတုံး သတ်ဖြတ်မှု ဥပမာ" လို့ သတ်မှတ်ပါတယ်။
ရိုဟင်ဂျာ တသန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ခိုလှုံရပါတယ်။
အဲဒီအချိန်မတိုင်မီကတည်းက အာမက်နဲ့ မိသားစုဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းမှာ နေထိုင်ခဲ့ကြတာပါ။
"မြန်မာနိုင်ငံက ကျွန်တော်တို့ကို ပြန်ခေါ်မှာ ဆိုတဲ့ မျှော်လင့်ချက်က လုံးဝ ပျက်သုဉ်း သွားပါပြီ" လို့ သူက ပြောပါတယ်။
အမေရိကန် ဒေါ်လာ ၄,၄၀၀ ပေးရင် သူ့ကို မလေးရှားကို ခေါ်သွားပေးမယ်ဆိုတဲ့ ပွဲစား တယောက်နဲ့ အာမက် အဆက်အသွယ်ရပါတယ်။ ပထမ အရစ် အနေနဲ့ သူ ဒေါ်လာ ၉၅၀ ပေးပြီးပါပြီ။ သူ့ရဲ့ တိုးတက်မှု အခြေအနေကို လိုက်ပြီး သူ့မိသားစုက ကျန်တဲ့ ငွေတွေကို အရစ်ကျ ခွဲခွဲပြီး ပေးရ မှာပါ။
အိမ်ဖော်အဖြစ် အလုပ်လုပ်နေတဲ့ သူ့ညီမတွေက ဒီငွေတွေပေးနိုင်ဖို့ ကူတဲ့အထဲမှာ ပါပါတယ်။ အများစုကိုတော့ မိသားစုပိုင်တဲ့ ရွှေတွေရောင်းပြီး ပေးတာပါ။
ပျောက်သွားတဲ့ လူတွေ
မနှစ်တုန်းက ရိုဟင်ဂျာ ဒုက္ခသည် အယောက် ၃,၅၀၀ လောက် လူစားတဲ့ ပင်လယ်ခရီးကို ထွက်ခဲ့ကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူး ကော်မရှင်ရုံး (UNHCR) က ပြောပါတယ်။ ၂၀၂၁ မှာ ဒီအရေအတွက်က ၇၀၀ ပဲရှိတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တချို့ စက်လှေတွေက အစအနဘာမှ မရတော့ဘဲ ပင်လယ်ထဲမှာ မြုပ်သွားတာပါ။ ရိုဟင်ဂျာ ၁၈၀ လောက် သယ်လာပြီး ကောက်စ်ဘဇားကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်က ထွက်လာတဲ့ စက်လှေ အက်ဒမန်ပင်လယ်ထဲမှာ နစ်မြုပ်သွားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ရိုဟင်ဂျာတွေဟာ နိုင်ငံမဲ့တွေဖြစ်ပြီး ရာဇဝတ် ကွန်ရက်တွေနဲ့ ဆက်သွယ် ခရီးသွားရတာမို့ သူတို့ထဲက ပျောက်သွားတဲ့ သူတွေကို မိသားစုတွေ ခြေရာခံ လိုက်နိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ သိပ်မရှိပါဘူး။
ဆာရီဖာ ခါတွန်က အသက် ၃၃ နှစ်အရွယ် မုဆိုးမတယောက်ဖြစ်ပြီး ဒုက္ခသည် စခန်းထဲမှာ ၂၀၁၆ ခုနှစ် ကတည်းက နေလာခဲ့တဲ့သူပါ။ ပင်လယ်ထဲမှာ သူ့မိသားစုဝင် ၄ ယောက် ပျောက်ဆုံးသွားပါတယ်။
"ကျွန်မ ညီမက သူ့ကလေး ၃ ယောက်နဲ့အတူ မလေးရှားကို ထွက်သွားတယ်။ သူ့ ကလေးတွေက သမီး ၂ ယောက်နဲ့ သား တယောက်ပါ"
သူ့ ညီမ ခင်ပွန်းက ၂၀၁၃ ခုနှစ်တုန်းက မြန်မာပြည်ကနေ မလေးရှားကို အန္တရာယ် များတဲ့ စက်လှေခရီးနဲ့ပဲ သွားခဲ့တာပါ။
ခါတွန်ရဲ့ ညီမဟာ အကြမ်းဖက်တာတွေကနေ လွတ်မြောက်အောင် ၂၀၁၆ ခုနှစ်မှာ သူ့ကလေးတွေကို ခေါ်ပြီး လေယာဉ်နဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ခဲ့ပါတယ်။ မလေးရှားက သူ့ ယောက်ျားဆီ လိုက်နိုင်အောင် အဲဒီအချိန်ကတည်းကစပြီး သူ ကြိုးစား ပါတယ်။
"လူကုန်ကူးသမားတွေက ဖြစ်ရစေမယ်လို့ ကျွန်မ ညီမကို မျှော်လင့်ချက်ပေးတယ်။ သူတို့ကို ပထမအရစ် အဖြစ် ဒေါ်လာ ၂,၅၀၀ အစ်မက ပေးရတယ်။ သူတို့ ဟိုကို ရောက်ရင် ကျန်တဲ့ငွေတွေ ပေးဖို့ ကျွန်မကို အစ်မက ပြောထားတယ်" လို့ ခါတွန်က ဆိုပါတယ်။
"နိုဝင်ဘာ ၂၂ ရက်က သူထွက်သွားတာ၊ ၂ ပတ်လောက်ကြာတော့ သူက ပင်လယ် ကမ်းရိုးတန်းမြို့ ဖြစ်တဲ့ ရသေ့တောင်မြို့နယ်ထဲကနေ ကျွန်မကို (ဖုန်းနဲ့) လှမ်း ဆက်သွယ် ခဲ့တယ်။"
အဲဒီနောက်တော့ သူ့ညီမ ဆီကနေ ခါတွန် ဘာသတင်းမှ မရတော့ပါဘူး။
"ညီမကို ပြောတယ် မသွားဖို့၊ ဒါပေမယ့် လူကုန်ကူးသမားတွေက သူ့ကို အပြော ချိုချိုနဲ့ စည်းရုံးသွားတာလေ။"
လူကုန်ကူးတာတွေက မြင့်တက်လာ
ကော့ဆက်ဘဇားက ကူတုပလောင် ဒုက္ခသည်စခန်းဟာ ကမ္ဘာမှာ အကြီးဆုံး ဒုက္ခသည် စခန်းလို့ ဆိုကြပြီး သူတို့ရဲ့ ချစ်ခင်ရသူတွေ ဘာဖြစ်သွားလဲ ဆိုတာကို မသိကြရတော့တဲ့ ခါတွန်လို လူတွေအများကြီး အဲဒီမှာ နေထိုင်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mohammed Aziz
"လူမှောင်ခိုကူးတာတွေက တနေ့တခြား များများလာတယ်။ ဒါကို ဘယ်လို ရပ်အောင် လုပ်ရမလဲဆိုတာ ကျွန်တော်တော့ မသိနိုင်ဘူး" လို့ ကော့ဆက်ဘဇားက ရိုဟင်ဂျာ အရေးလှုပ်ရှားတက်ကြွသူတယောက်ဖြစ်တဲ့ မိုဟာမက် အဇစ်က ပြောပါတယ်။
"ဇန်နဝါရီလ နောက်ဆုံး ၂ ပတ်အတွင်းမှာ မလေးရှားကို အနည်းဆုံး စက်လှေ ၃ စီးထွက်သွားတယ်။ တစီးက ဇန်နဝါရီ ၁၆ ရက် ထွက်တာ၊ ဒုတိယက ၂၀ ရက်နေ့၊ တတိယက ၂၇ ရက်နေ့ ထွက်တာ။"
သူက အဲဒီစက်လှေတွေထဲမှာ အနည်းဆုံး လူပေါင်း ၃၅၀ ကျော် လိုက်သွားတာလို့ ပြောပါတယ်။ ထွက်သွားတဲ့ တခြား စက်လှေတွေလည်း ရှိနိုင် ပါတယ်။
အဲဒီအချိန်ကာလ နောက်ပိုင်း လူ ၂၀၀ လောက်ပါတဲ့ စက်လှေ တစီး ဘင်္ဂလားဒေ့ရှ် တန်ကက်ခ်ကနေ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထွက်သွားကြတယ်လို့ ရိုဟင်ဂျာ စခန်းထဲကလူတွေက ဘီဘီစီကို ပြောပါတယ်။
"ပြောင်းရွှေ့ထွက်ခွာကြတဲ့သူအများစုက လူငယ်အမျိုးသား၊ လူငယ်အမျိုးသမီး တွေပါ။ တချို့က သူတို့ ကလေးငယ်တွေကို အတူခေါ်သွား ကြတယ်။"

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူကုန်ကူးသမားတွေက ဒီလို ခရီးစဉ်တွေအတွက် ငါးဖမ်းစက်လှေတွေကိုသာ သုံးကြပြီး အဲဒီစက်လှေတွေက ကမ်းဝေး ပင်လယ်ခရီးအတွက် မသင့်တော်ပါဘူး။ ခရီးဆုံး ပန်းတိုင်ရောက်ရင် ကြုံရမယ့်ဟာတွေက အကောင်းတွေချည်းပဲလို့လည်း ဒုက္ခသည်တွေကို သူတို့က ချဲ့ကား ပြောကြပါတယ်။
"မလေးရှားရောက်ရင် အမေရိကန်၊ ကနေဒါ၊ ဥရောပ စတာတွေမှာ ခိုလှုံခွင့်ရနိုင်တယ်လို့ ပွဲစားတွေက ဒုက္ခသည်တွေကို ပြောကြတယ်" လို့ အဇစ်က ပြန်ပြောပြ ပါတယ်။
"အဲဒါတွေ အားလုံးက အလိမ်အညာတွေချည်းပဲလေ။"
မျှော်လင့်ချက်မဲ့နေတာမို့ ဘာပဲဖြစ်ဖြစ်
ကမ္ဘာမှာ လူဦးရေးအထူထပ်ဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေဖို့ ရိုဟင်ဂျာအများစုက သိပ်စိတ်မပါကြပါဘူး။

ဓာတ်ပုံ ရင်းမြစ်, UNHCR
"စခန်းဆိုတာက အိမ် မဟုတ်ဘူးလေ။ သူတို့ မျှော်လင့်ချက်မဲ့ လာသလို ဘာပဲ ဖြစ်ဖြစ် ဇွတ်တိုးမယ်ဆိုတာမျိုး ဖြစ်လာတယ်။ ဒါကြောင့်မို့ ဒီလောက် အန္တရာယ်များတဲ့ လမ်းကို သွားကြတာပေါ့" လို့ ကောက်စ်ဘဇားက အန်ဂျီအိုတခုမှာ ညှိနှိုင်း ဆက်သွယ်ရေးမှူး တယောက် အဖြစ် လုပ်နေတဲ့ မိုဟာမက် မစ်ဇ်နာ ရာမန်က ပြောပါ တယ်။
"ပြီးခဲ့တဲ့နှစ်က လူကုန်ကူးတဲ့ အမှု ၁၂ မှုရှိတာကို မှတ်တမ်းပြုထားတယ်။ လူကုန်ကူး တဲ့လူတွေကို ဖမ်းတယ်၊ လူမှောင်ခိုသယ်ထုတ်တဲ့ စက်လှေ တချို့ကို ကျွန်တော်တို့ သိမ်းတယ်" လို့ ရာမန်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကရော ကုလသမဂ္ဂကပါ တရားမဝင် ရွှေ့ပြောင်း တာတွေကို သူတို့ သတိပေးကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဒီလို ခရီးစဉ်တွေက လျှို့လျှို့ ဝှက်ဝှက်လုပ်ကြတာမျိုးဖြစ်တဲ့အတွက် ထွက်ခွာသွားတဲ့ လူတွေကို စောင့်ကြည့်နိုင်ဖို့က အတော်ခက်ခဲတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
"ပင်လယ်ထဲမှာ လူတွေရှာနိုင်ဖို့ UNHCR က လုပ်နိုင်စွမ်းမရှိပါဘူး။ စက်လှေ တစီး ပင်လယ်ထဲမြောနေပြီဆိုတာကို သိရရင် ကျွန်မတို့က တခြားကုလသမဂ္ဂဌာနတွေနဲ့ ဖြစ်နေတဲ့ အနီးအနားက လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေကို သတိပေး အကြောင်းကြားပါတယ်" လို့ ကော့ဆက်ဘဇားက UNHCR ဆက်သွယ် ဆက်ဆံရေး အရာရှိ ရက်ဂျီးနား ဒီလာ ပေါတဲလ်လာက ပြောပါတယ်။
ကုလသမဂ္ဂအနေနဲ့ ပင်လယ်ထဲမှာ ဒုက္ခတွေ့နေတဲ့စက်လှေတွေကို အကူအညီ ပေးကြဖို့ အောင်အောင်မြင်မြင် စည်းရုံးနိုင်ခဲ့တာတွေ ရှိပါတယ်။ တခါ ဒီဇင်ဘာလ တုန်းက ရိုဟင်ဂျာ ၁၀၀ ကျော် သယ်ဆောင်ထားပြီး ပင်လယ်ထဲမှာ မြောပါနေတဲ့ စက်လှေတစီး သီရိလင်္ကာမှာ ဆိုက်ကပ်နိုင်ခဲ့ဖူးပါတယ်။
မျှော်လင့်ချက်
စခန်းထဲမှာတော့ ခါတွန်တယောက် လစ်လျူရှုခံထားရတဲ့သူ အဖြစ် ဆက်ကျန်ရစ် ဆဲပါ။ သူ ရှင်သန်နေထိုင်နေရတဲ့ ဘဝအခြေအနေကို သူ မနှစ် သက်ပါဘူး၊ ဒါပေမယ့် ကလေးငယ် ၃ ယောက်နဲ့ မုဆိုးမဟာ ကြုံနေရတာတွေကို ရင်စည်းခံမယ်လို့ ပိုင်းဖြတ် ထားရပါတယ်။

ပျောက်ဆုံးသွားတဲ့ သူ့ညီမနဲ့ ပတ်သက်တဲ့သတင်း ဘယ်သူ့ဆီက ဘယ်တော့ရမလဲ ဆိုတာ သူ မသိပါဘူး။
"ကျွန်မ သိပ်ဝမ်းနည်းတယ်။ သူတို့နဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရဘူး။ ကျွန်မ သူတို့နဲ့ နောက်ဆုံး စကားပြောနိုင်ခဲ့တာက ဒီဇင်ဘာ ၁၄ ရက်နေ့ကပါ" လို့ ခါတွန် က ပြောပါတယ်။
"တနေ့ကျရင် ညီမနဲ့ ကလေးတွေကို ပြန်တွေ့ရဖို့ မျှော်လင့်ပါတယ်။"
စိတ်လှုပ်ခတ်ရတဲ့ ခွဲခွာမှု
ကျွန်တော်တို့နဲ့ စကားပြောပြီး နောက်ထပ် တနာရီလောက်မှာ ဖာဇယ် အာမက် တယောက် လူကုန်ကူးသမားတွေဆီကနေ ဖုန်းအဆက်အသွယ် ရပါတယ်။ သူ ချက်ချင်းပဲ ထွက်သွားပါတယ်။

အာမက်က သူ့ခြေညှပ်ဖိနပ်ကို ချွတ်၊ ဘောင်းဘီကို လက်နဲ့မပြီး သောင်ပြင်ပေါ် လျှောက်သွားပါတယ်။ ရေစပ်ရောက်တော့ သူ့မှာ စိတ်လှုပ်ရှားမှု အပြည့်နဲ့ပါ။
"ကျွန်တော့် ညီမတွေ၊ ညီတွေက ကျွန်တော့်ကို မသွားဖို့ တားကြတယ်။ ဒီမှာ ဘာအလုပ်မှ မရှိဘူး" လို့ သူပြောရင်း စငိုပါတော့တယ်။
သူက စာရေးနိုင် ဖတ်နိုင်တာမဟုတ်တော့ သူ အလုပ်ကြမ်းသမား အဖြစ်ပဲ အလုပ် ရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
"ကျွန်တော့် ညီမတွေ၊ ညီတွေကို ထောက်ပံ့နိုင်ဖို့ မလေးရှားကို သွားတာပါ။ ညီတွေ၊ ညီမတွေ စာသင်နိုင်ဖို့ ကူနိုင်မယ်လို့ ထင်တယ်။"
ဒီခရီးဟာ သူ့ဘဝကို ပြောင်းလဲနိုင်တဲ့ ခရီးဖြစ်သလို ပေးရမယ့် အရင်းအနှီးက ကြီးလှတာကိုလည်း သူသိပါတယ်။
အမှောင်တောထဲမှာ ရေကိုတိုးလို့ သူလျှောက်သွားရင်း စက်လှေဆီကို သူသွား နေပါပြီ၊ တောက်ပတဲ့ ဘဝတခုဆီကို ဒီစက်လှေက ပို့ပေးလိမ့်မယ်လို့ သူမျှော်လင့် နေပါတယ်။








