ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိန်းနေရဆဲ ရွှေစျေးနှုန်းနဲ့ ရွှေစျေးကွက်က ဘယ်ကို ရွေ့လာမလဲ
ဒေါ်လာစျေး အလှုပ်အရမ်းများခဲ့တဲ့ ပြီးခဲ့လပိုင်းတွေအတွင်း ရွှေစျေးက မြန်မာ့သမိုင်း တလျောက် စံချိန်တင် ထိုးတက်ခဲ့သလို အခုလောလောဆယ်မှာလည်း ရွှေစျေးက မတည်ငြိမ် နိုင်သေးပါဘူး။
အခုအောက်တိုဘာလအတွင်း ပြီးခဲ့တဲ့ သီတင်းပတ်ပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးမှာ ရှိတဲ့ ရွှေလုပ်ငန်းရှင် အသင်း တွေက အဲဒီကာလ ပြင်ပပေါက်စျေးထက် တကျပ်သားကို ကျပ်တသိန်းလောက် လျှော့ပြီး တကျပ်သားကို ၂၅ သိန်း ဒါမှမဟုတ် ၂၅ သိန်းခွဲ တဝိုက်လောက် နဲ့ ရွှေတွေကို ပိဿာနဲ့ချီ ရောင်းချပေးကာ ရွှေစျေးနှုန်းငြိမ်အောင် ထိန်းခဲ့ပေမယ့် အခုကာလမှာ အဲဒီစျေးထက် စျေးကွက်ထဲမှာ အတော်လေး ကျော်နေတာ တွေ့ရပါတယ်။
သောကြာနေ့မှာ ရွှေစျေးနှုန်းက တကျပ်သားကို ၂၆ သိန်း ၈ သောင်းအထိ ဖြစ်နေတယ် လို့ ရွှေလုပ်ငန်း အသိုင်းအဝိုင်းကနေ သိရပါတယ်။
တကျပ်သား ၃၅ သိန်းကျော် အထိ ရောက်ခဲ့တဲ့ ရွှေစျေး
ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းတွေဟာ မြန်မာ့ ရွှေစျေးသမိုင်းမှာ မှတ်တမ်းဝင်တဲ့ နေ့တွေပါ။ ရွှေစျေးက တကျပ်သားကို ၃၅ သိန်းကျော်အထိ စျေးတက်ခဲ့ပါတယ်။
ကျပ်ငွေစျေးကလည်း ဒေါ်လာနဲ့ ယှဉ်ရင် အနိမ့်ဆုံးကို ကျခဲ့ပါတယ်။
ရွှေစျေးကွက်မတည်ငြိမ်မှုကို ထိန်းချုပ်နိုင်ဖို့ဆိုပြီး သြဂုတ် ၂၇ရက်မှာ ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီရဲ့ ရွှေနှင့် ငွေကြေး စျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ် ရေး လုပ်ငန်းကော်မတီက ခေါ်ယူ တွေ့ဆုံခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်း ရွှေစျေး ခုန်တက်ခဲ့တာပါ။
ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကတော့ ကျပ်ငွေတန်ဖိုး အပေါ်ယုံကြည်မှု ကျဆင်းရာ ကတဆင့် ဒေါ်လာစျေးတက်တာ၊ အဲဒါနဲ့အတူ ရွှေစျေးအပေါ် ရိုက်ခတ်တာတွေ ရှိလာတယ်လို့ မှတ်ယူကြပါတယ်။
တချိန်တည်းမှာပဲ ရွှေစျေးကို တရားဝင်မဟုတ်ဘဲ အွန်လိုင်းမှာ တင်ကာ ကိုယ်ထင်သလို သတ်မှတ်နေကြတာတွေကလည်း ရွှေစျေးနှုန်း ကို ဂယက်ထ စေတယ်လို့ သူတို့က မြင်ကြပါတယ်။
အဲဒီ ရွှေစျေးနှုန်း ထိုးတက်ပြီး နောက်ပိုင်း စျေးကွက်ထဲကို အာဏာပိုင်ပိုင်းက ဒေါ်လာနဲ့ ရွှေတွေ ထည့်သွင်း ပေးတာနဲ့ အတူ ရွှေစျေးက နည်းနည်းပြန်ဆင်း လာခဲ့ပေမယ့် အခုတော့ ပြန်တက် လာပြန်နေတာပါ။
ရွှေစျေးကွက် ဘယ်ရွေ့ လာလေမလဲ
ရွှေဈေးကွက်မှာ အမှန်တကယ်အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းတွေကို ရွှေဆိုင်တွေက ဖော်ပြတာမရှိသလို အာဏာပိုင်တွေဘက်ကလည်း သတ်မှတ်ဈေးနှုန်းနဲ့ မညီရင် အရေးယူမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ရှိတဲ့အတွက် ဒီရက်ပိုင်းတွေ အတွင်း မှောင်ခိုဈေးကွက်ဖြစ်နေတယ်လို့ ရွှေဝယ်သူတွေက ပြောပါတယ်။
ဘောက်ချာမှာ ဖြတ်ထားတဲ့စျေးက အမှန်တကယ် အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းမဟုတ်ဘူးလို့ သူတို့က ပြောပါတယ်။
မန္တလေး ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တယောက်ကတော့ သတင်းမှားတွေ ဖြန့်ကြတာကနေ ရွှေစျေးအပေါ် သက်ရောက်တာတွေ ဖြစ်လာတာလို့ ဆိုပါတယ်။
“ဒေါ်လာစျေးက (ကျပ်) ၅၀၀၀ ဖြစ်သွားပြီတို့၊ ၆၀၀၀ ဖြစ်သွားပြီလို့ မဟုတ်ဘဲ လိုင်းပေါ်တင်ကြတယ်။ ဒါကြောင့် စျေးတွေက အဲလိုဖြစ်နေတာ။ ...ကျွန်တော်တို့ အသင်းကလည်း (ရည်ညွှန်းစျေး) တင်ပေးပါတယ်။ အခုဆိုရင် တကျပ်သားကို ၂၅ သိန်း ၉ သောင်း။ အပြင်ပေါက်စျေးနဲ့ သိပ်မကွာပါဘူး။ စျေးကစားတာတွေ သိပ်မဖြစ်နိုင်တော့ပါဘူး။”
ရွှေဈေးကွက် ကျဆင်းဖို့ ရည်ရွယ်ချက်နဲ့ ရွှေလုပ်ငန်းရှင်တွေက ရွှေတွေ ထုတ်ရောင်းဖို့ နောက်လတွေမှာ ထပ်ရောင်းဖို့ ရှိ၊မရှိ မေးမြန်းရာမှာတော့ သူက အစီအစဉ် မရှိသေးဘူးလို့ ပြောပါတယ်။
ကမ္ဘာမှာရွှေစျေးက တအောင်စကို ပြီးခဲ့တဲ့ သီတင်းပတ်ပိုင်းက အမေရိကန်ဒေါ်လာ ၁၇၀၀ ကျော်ရှိခဲ့ရာကနေ အခုကာလမှ ၁၆၆၀ တဝိုက်ကို ဆင်းနေတာပါ။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကမ္ဘာ့ရွှေစျေးက တက်နေတာလည်း မဟုတ်ပါဘူး။
မြန်မာ့ရွှေအခြေအနေက ရွှေကုန်ကြမ်းပြတ်တာမျိုးကြောင့်လည်း မဟုတ်ဘဲ ကျပ်ငွေ တန်ဖိုးအပေါ် ယုံကြည်မှု၊ စီမံခန့်ခွဲနေသူတွေ အပေါ်ယုံကြည်မှုတွေနဲ့သာ ဆိုင်တဲ့ပုံပါ။
ရွှေကုန်သည်အသိုင်းအဝိုင်းက ရွှေမှောင်ခိုစျေးကွက် ဆက်ဖြစ်နေဦးမယ်လို့ သုံးသပ် ပါတယ်။
“သတ်မှတ်စျေးကတော့ ရှိနေမယ်။ ဒါပေမယ့် ရွှေဆိုင်တွေက လိုက်နိုင်၊ မနိုင်ဆိုတာ ရှိမယ်လေ” လို့ ရွှေကုန်သည် တယောက်က ပြောပါတယ်။