ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်နယ်ထရမ့်ကို အခက်ကြုံစေမဲ့ အချက် ၆ ချက်
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က နောက်တကြိမ်သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်အရွေးခံမယ်လို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ရွေးကောက်ပွဲရှုံးနိမ့်သွားတဲ့ သမ္မတဟောင်းတယောက်က အိမ်ဖြူတော်ကို ပြန်လည်သိမ်းပိုက်စံမြန်းဖို့ကြိုးစားတဲ့ဖြစ်ရပ်မျိုးဟာ အင်မတန်ကြုံတောင့်ကြုံခဲပါ။
ဒေါ်နယ်ထရမ့်ပြောသွားတဲ့ မိန့်ခွန်းဟာ တနာရီကျော်ကြာပါတယ်။ သူ့မိန့်ခွန်းထဲမှာ သူသမ္မတဖြစ်ခဲ့စဉ်က အောင်မြင်ခဲ့တာတွေကို ကြွားလုံးထုတ်တာနဲ့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ သမ္မတသက်တမ်းပထမ ၂ နှစ်နဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချတိုက်ခိုက်တာတွေဟာ တဝက်စီရောယှက်နေပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အောက်ခြေကွန်ဆာဗေးတစ်ပရိသတ်တွေကို ဘာကိုကြိုက်တယ်ဆိုတာ ကောင်းကောင်းသိတဲ့သူပါ။ ဥပမာ ခိုးဝင်ရွှေ့ပြောင်းတွေရဲ့ကိစ္စလိုမျိုး၊ ရာဇဝတ်မှုခင်းကိစ္စလိုမျိုးတွေဖြစ်ပါတယ်။
သူ့မှာလည်း သူ့ပရိသတ်နဲ့သူရှိတယ်ဆိုကတော့ ငြင်းလို့မရပါဘူး။ ရွေးကောက်ပွဲမှာ သူ့ကိုထောက်ခံခဲ့တဲ့မဲတွေကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါ့အပြင် သူအာဏာရခဲ့တဲ့ ၄ နှစ်တာကာလ အတွင်းမှာ သူ့မဟာမိတ်တွေဟာ ကွန်ဆာဗေးတစ်ပါတီအတွင်း နေရာကောင်းတွေကိုလည်း ရထားခဲ့ကြပါတယ်။
ဒါပေမဲ့ နောက်တခါ သမ္မတပြန်ဖြစ်ဖို့ဆိုရာမှာ သူ့အတွက် ခက်ခဲစေမဲ့ အချက်တချို့ရှိပါတယ်။ အဲဒါတွေကတော့
၁။ သူရေးခဲ့တဲ့သမိုင်း
ပထမတကြိမ်မှာ သမ္မတအဖြစ်သူအရွေးခံခဲ့စဉ်က သူဟာ အဖြူထည်သက်သက်ပါ။ သူ့နိုင်ငံရေးလုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး အကောင်းအဆိုးပြောဖို့ လုပ်ရပ်သက်သေ မှတ်တမ်းမှတ်ရာ သိပ်မရှိပါဘူး။ နိုင်ငံရေးရာထူးယူမထားဖူးသူ တယောက်အနေနဲ့ သူပေးတဲ့ မျှော်လင့်ချက်တွေဟာ မဲဆန္ဒရှင်တွေ အတွက် အားတက်စရာဖြစ်ခဲ့ပါတယ်။ သူက ကတိအကြီးကြီးတွေ ပေးခဲ့တယ်။ ဒါတွေကို သူလောက်နိုင်လောက်သလား၊ မလုပ်နိုင်လောက်ဘူးလားဆိုတာ ဘယ်သူမှကြိုမသိနိုင်ခဲ့ဘူး။
ဒီတခါရွေးကောက်ပွဲမှာ သူဝင်ပြိုင်တဲ့အခါတော့ အရင်လို မဟုတ်တော့ပါဘူး။ သူဘာလုပ်နိုင်တယ်၊ သူဘာမလုပ်နိုင်ဘူးဆိုတာ မှတ်တမ်းမှတ်ရာနဲ့ ရှိနေခဲ့ပါပြီ။ သူသမ္မတလုပ်ခဲ့တဲ့ ၄ နှစ်သက်တမ်းမှာ အောင်မြင်ခဲ့တာတွေ မရှိမဟုတ်၊ ရှိခဲ့ပါတယ်။ ဥပမာ အခွန်လျှော့ချဖြတ်တောက်တဲ့ကိစ္စ၊ ရာဇဝတ်မှုခင်းဆိုင်ရာ တရားရေးပြုပြင်မှု။ ဒါပေမဲ့ တဖက်မှာ လူသိများ ထင်ရှားတဲ့ မအောင်မမြင်ကိစ္စတွေလည်း ရှိခဲ့ပါတယ်။
ဒီမိုကရက်တစ်တွေရဲ့ ကျန်းမာရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်ကို သူဖျက်သိမ်းဖို့ကြိုးစားပေမဲ့ မအောင်မြင်ခဲ့တာကို ရီပတ်ဘလစ်ကန်တွေ သတိရနေပါလိမ့်မယ်။ အကြိမ်ကြိမ်ကတိပေးခဲ့ပေမဲ့ အသီးအပွင့်အကောင်အထည်ပေါ်မလာခဲ့တဲ့ အခြေခံအဆောက်အအုံများမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ ကိစ္စကိုလည်း မေ့ကြမယ်မဟုတ်ပါဘူး။ နောက်ပြီး ကိုဗစ်ကပ်ဘေးကိုင်တွယ်ဖြေရှင်းမှု။ ဒီအချက်ဟာသူ့ကို စစ်မျက်နှာပေါင်းစုံကနေ အတိုက်ခိုက်အထိုးနှက်အခံရဆုံး အဖြစ်အပျက်ကြီးတခုပါ။
၂။ ဇန်နဝါရီ ၆ ရက် အရိပ်မည်း
သမ္မတဟောင်းထရမ့်ဟာ ပေါ်လစီပိုင်းမှာသာ အငြင်းပွားဖွယ်ပုဂ္ဂိုလ်ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့သမ္မတသက်တမ်း ကုန်ဆုံးကာနီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ အမေရိကန်လွှတ်တော်ကို လူအများက စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့မှုဟာလည်း အငြင်းပွားဖွယ် ဖြစ်ရပ်တခုပါ။ အဲဒီကိစ္စမှာ သူဘယ်လိုကိုင်တွယ်ခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး သူဟာ ခုခံဖြေရှင်းရဖွယ်ရှိပါတယ်။
အဲဒီနေ့ကလွှတ်တော်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သူတွေဟာ ထရမ့်ရဲ့ရုပ်ပုံတွေကို မျက်ရည်ယိုဗုံး မီးခိုးငွေ့တွေကြားထဲမှာ ဝှေ့ယမ်းကြွေးကြော်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးကို အခိုက်အတန့်အားဖြင့် နှောင့်ယှက်ဟန့်တားရာရောက်ခဲ့တဲ့ အတွက် လွယ်လွယ်နဲ့မေ့နိုင်ကြမှာ မဟုတ်ပါဘူး။
အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲမှာ ဆန္ဒပြလှုပ်ရှားမှုတွေဟာ အဲဒီတုန်းကအဖြစ်အပျက်တွေကို ပြန်ပြောင်းအောက်မေ့သတိရစေပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ စကားလုံးတွေ၊ အပြုအမူတွေဟာ မဲဆန္ဒရှင်တွေအပေါ် သြဇာလွှမ်းမိုးနေဆဲဆိုတာကို သတိရစေပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတဟောင်းထရမ့်က ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး လက်မခံပယ်ချခဲ့တာကို ထောက်ခံအားပေးခဲ့ကြတဲ့ ရီပတ်ဘလစ်ကန်ကိုယ်စားလှယ်အများအပြားဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြပါတယ်။
၃။ ခေါင်းခဲစရာတရားရေးပြဿနာ
မစ္စတာထရမ့်အနေနဲ့ သမ္မတပြိုင်ပွဲပြန်ဝင်ဖို့ စိတ်အားထက်သန်နေတဲ့ အကြောင်းတကြောင်းဟာ ခေါင်းခဲစရာ တရားရေးပြဿနာတွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူဟာ ရာဇဝတ်မှု၊ တရားမမှု၊ နိုင်ငံရေးမှုတွေနဲ့ တရားစွဲဆိုခံထားရပါတယ်။
ဂျော်ဂျီယာမှာ ရွေးကောက်ပွဲနှောင့်ယှက်မှုဆိုတဲ့ ရာဇဝတ်မှုစွဲချက်ကို ရင်ဆိုင်နေရပါတယ်။ နယူးယောက်က သူ့ရဲ့ စီးပွားရေးအင်ပိုင်ယာကို တရားမမှုနဲ့စွဲဆိုခံထားရပါတယ်။ လိင်စော်ကားမှုစွပ်စွဲချက်နဲ့ပတ်သက်တဲ့ အသရေဖျက်မှုလည်းရှိပါတယ်။ သမ္မတရာထူးလွှဲပြောင်းကာနီးမှာ လွှတ်တော်အဆောက်အအုံကိုတိုက်ခိုက်မှုနဲ့ ဆက်စပ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုက စွဲဆိုတဲ့အမှုလည်း ရှိနေပါတယ်။
အမှုတခုချင်းစီဟာ လူအများစိတ်ဝင်စားတဲ့အမှုတွေဖြစ်ပြီး သတင်းစာခေါင်းကြီးပိုင်းတက်သွားနိုင်တဲ့ အမှုတွေချည်းပါ။ အဲဒီအမှုတွေဟာ မစ္စတာထရမ့်ရဲ့ ရွေးကောက်ပွဲမဲဆွယ်မှုတွေကို လမ်းကြောင်းပြောင်းလဲသွားစေနိုင်လောက်တဲ့အမှုတွေဖြစ်ပါတယ်။
၄။ မလွယ်ကူတဲ့ပြိုင်ဘက်ပုဂ္ဂိုလ်
အရင်ရွေးကောက်ပွဲမှာ မစ္စတာထရမ့်ဟာ ဖလော်ရီဒါအုပ်ချုပ်ရေးမှူး ဂျက်ဘုရှ်နဲ့ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဘုရှ်ဆိုတဲ့ မိသားစုနာမည်ဟာ အနိုင်ရဖို့အတွက် မလုံလောက်ခဲ့ပါဘူး။ ခိုးဝင်ရွှေ့ပြောင်းအရေးနဲ့ ပညာရေးမူဝါဒတွေမှာ သူဟာယှဉ်ပြိုင်ဆွေးနွေးနိုင်တဲ့ အခြေအနေမရှိခဲ့ပါဘူး။
၂၀၂၄ ခုနှစ်မှာ မစ္စတာထရမ့်ဝင်ရောက်ယှဉ်ပြိုင်ဦးမယ်ဆိုရင်တော့ သူဟာ ဖလော်ရီဒါ အုပ်ချုပ်ရေးမှူးနဲ့ပဲ ပြန်လည် ရင်ဆိုင်ရဦးမှာပါ။ ဒါပေမဲ့ ဒီတခါယှဉ်ပြိုင်ရမဲ့သူကတော့ ဂျက်ဘုရှ်လို ပုဂ္ဂိုလ်မဟုတ်ပါဘူး။ အခုတခါ ယှဉ်ပြိုင်ရမဲ့ ရွန်ဒီဆန်တစ်ဟာ ထောက်ခံမဲအများအပြားနဲ့ အနိုင်ရထားသူဖြစ်ပါတယ်။ သူဟာပါတီထဲမှာ လူကြိုက်များသူတယောက်ပါ။ မစ္စတာဒီဆန်တစ်ဟာ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ် မပြိုင်ဘူးဆိုတာ မသေချာသေးပါဘူး။ သူသာဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင်တော့ မစ္စတာထရမ့်ရဲ့ အဓိကပြိုင်ဘက် တဦးဖြစ်လာပါမယ်။ သူဟာမစ္စတာထရမ့်ကို မထောက်ခံတဲ့ပါတီဝင်တွေရဲ့ အဓိက အားပေးမှုရမယ့်သူ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် မစ္စတာထရမ့်ဟာ သမ္မတအဖြစ် မယှဥ်ပြိုင်မီ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ကိုတောင် ခက်ခက်ခဲခဲကြိုးစားရဖွယ်ရှိပါတယ်။
၅။ ပေါ်ပြူလာမဲကျဆင်းမှု
မစ္စတာထရမ့်က သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မကြေညာမီမှာ ကွန်ဆာဗေးတစ်အုပ်စု အတွင်း မဲစာရင်းတချို့ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမဲစာရင်းတွေအရ အိုင်အိုဝါနဲ့ နယူးဟမ့်ရှိုင်းယားတို့မှာ မစ္စတာထရမ့်ဟာ ရွန်ဒီဆန်တစ်ရဲ့ နောက်နားက အပြိုင်အဆိုင် ကပ်လိုက်နေတယ်လို့ ဆိုပါတယ်။ အဲဒီပြည်နယ်တွေဟာ သမ္မတလောင်းရွေးချယ်ရေးအတွက် စောစောစီးစီးမဲပေးကြတဲ့ ပြည်နယ်တွေ ဖြစ်ကြပါတယ်။ ဖလော်ရီဒါပြည်နယ်မှာလည်း မစ္စတာဒီဆန်တစ်က ၂၆ မဲအသာရထားသလို ဂျော်ဂျီယာပြည်နယ်မှာလည်း မဲ ၂၀ အသာရနေပါတယ်။ အဲဒီပြည်နယ်တွေအားလုံးမှာ မစ္စတာထရမ့်ဟာ မစ္စတာဒီဆန်တစ်ထက် အနည်းငယ်နောက်ကျနေပါတယ်။
ကြားသက်တမ်းရွေးကောက်ပွဲမှာလည်း မစ္စတာထရမ့်ဟာ သိပ်ပေါ်ပြူလာမဖြစ်ပါဘူး။ နယူဟမ့်ရှိုင်းယားမှာ မဲဆန္ဒရှင် ၃၀ ရာနှုန်းကသာ မစ္စတာထရမ့်ကို သမ္မတလောင်းအဖြစ် မြင်လိုတယ်လို့ ဆိုကြပါတယ်။ ဖလော်ရီဒါမှာတောင် ၃၃ ရာနှုန်းသာရှိပါတယ်။ ဒါဟာ ၂၀၁၅ တုန်းက အခြေအနေနဲ့ အများကြီးကွာခြားနေပါတယ်။
၆။ အသက်အရွယ်ကြီးရင့်မှု
တကယ်လို့ နောက်ရွေးကောက်ပွဲမှာ မစ္စတာထရမ့်အနိုင်ရခဲ့ရင် သမ္မတအဖြစ်ကျမ်းကျိန်တဲ့ အချိန်မှာ သူ့အသက်ဟာ ၇၈ နှစ်ရှိပါပြီ။ အဲဒီအရွယ်ဟာ ဂျိုးဘိုင်ဒန်ကျမ်းကျိန်တဲ့ အသက်အရွယ်နဲ့ အတူတူပဲဖြစ်ပါတယ်။ သူသာနောက်တကြိမ်သမ္မတဖြစ်ခဲ့ရင် အမေရိကန်သမိုင်းမှာ ဒုတိယအသက် အကြီးဆုံးသမ္မတဖြစ်မှာပါ။
မစ္စတာထရမ့်ဟာ ငယ်ရွယ်သူတွေနဲ့ ယှဉ်ပြိုင် အနိုင်ယူဖို့ဟာ အခက်အခဲရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့ အတိတ်ကာလမှာ မစ္စတာထရမ့်ဟာ အားကောင်းတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်အရာမဆို အကန့်အသတ်ရှိစမြဲဖြစ်တဲ့အတွက် သူ့ရဲ့ အသက်အရွယ်ကြီးရင့်မှုဟာလည်း အခက်အခဲတခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။