ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ခွင့် လိုင်စင် ၁၀၀ ချပေးမယ့် ဗြိတိန်အစိုးရ သတင်း နဲ့ ဇူလိုင် ၃၁ ရက် ညပိုင်းနိုင်ငံတကာ သတင်းတွေ
ဗြိတိန်မှာ ရေနံတူးခွင့် လိုင်စင်တွေ ချပေးမယ်
မြောက်ပိုင်း ပင်လယ် (North Sea) ထဲမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ရှာဖွေ တူးဖော် ခွင့် လိုင်စင် အနည်းဆုံး ၁၀၀ ကို ချပေးမယ်လို့ ဗြိတိန်အစိုးရက ကြေညာ ပါတယ်။
ပြည်တွင်းမှာ လောင်စာစွမ်းအင် ထုတ်လုပ်တာက ပြည်ပက တင်သွင်းတာထက် ကာဗွန် အသားတင် ထုတ်လွှင့်မှု နည်းပါးတာ တနည်းအားဖြင့် ကာဗွန်ခြေရာ ပိုသေးငယ်တာ၊ လောင်စာလိုအပ်မှုအတွက် ပြည်ပ အာဏာရှင်နိုင်ငံတွေအပေါ် မှီခို ရတာမျိုးကို ရှောင်ရှားနိုင်တာ စသဖြင့် အကျိုးကျေးဇူးတွေ ရှိတယ်လို့ ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ်က ပြောပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ခွင့် လိုင်စင်ရဖို့အတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လိုက်နာရမယ့် စည်းမျဉ်း အရည်အချင်း ဆန်းစစ်မှုကို အောင်မြင်ဖို့လိုတယ်လို့ သူက ပြောကာ ဒေါ်လာ ဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံတဲ့ ကာဗွန်ပြန်လည် စုပ်ယူရေး စီမံချက်တွေကိုလည်း ကြေညာသွားပါတယ်။
၂၀၅၀ ခုနှစ် မှာ အသားတင် ကာဗွန်ထုတ်လွှင့်မှု သုည ဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကို လုပ်ဆောင်မယ်ဆိုတဲ့ ကတိတွေကို ဗြိတိန်က ဖောက်ဖျက်သွားတာလို့ ဝေဖန်သူ တွေက ပြောပါတယ်။
အတိုက်အခံ လေဘာပါတီက သူတို့ ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရရင် လိုင်စင် အသစ်တွေ ထပ်ထုတ် မပေးဘူးလို့ ပြောပါတယ်။
ပါကစ္စတန်က အစ္စလာမ်မစ် ပါတီ စုဝေးပွဲ ဗုံးခွဲတိုက်ခိုက်ခံရမှု နောက်ဆက်တွဲ
ပါကစ္စတန် အနောက်မြောက်ပိုင်းမှာ တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုဟာ အိုင်အက်စ်နဲ့ ဆက်စပ်မှုရှိနေတဲ့ ဒေသတွင်းအုပ်စုတခုနဲ့ ဆက်နွှယ်မှု ရှိသလားဆိုတာကို သူတို့ စုံစမ်းနေတယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။
ဘာဂျိုးခရိုင် မှာ နိုင်ငံရေး စုဝေးပွဲ လုပ်နေတုန်း ဗုံးပေါက်ခဲ့တာကြောင့် အနည်းဆုံး လူ ၄၅ ယောက် သေဆုံးခဲ့ပြီး လူပေါင်း ၉၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
မျက်မြင်သက်သေ ဖာဇဲယ် အာမန်က “ဗုံးကွဲတော့ ကျွန်တော်က အနားမှာပါ။ ကွဲတဲ့နေရာကို ရောက်သွားတော့ သိပ်ကို ထိခိုက်စရာပါ၊ အသက်မရှိတော့တဲ့ လူသေအလောင်းတွေ ပြန့်ကျဲနေတယ်။ ပတ်ပတ်လည်မှ, သွေးတွေ စွန်းနေပြီး လူတွေက အကူအညီတောင်းနေကြတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်သူတွေဟာ အစ္စလာမ်မစ် ပါတီတခုကို ပစ်မှတ်ထားခဲ့ပြီး ဒေသဆိုင်ရာ ပါတီခေါင်းဆောင်တွေလည်း ထိခိုက်သေဆုံးတဲ့အထဲမှာ ပါဝင်သွားပါတယ်။
ဖောက်ခွဲရေးပစ္စည်း ၁၀ ကီလို ဂရမ်လောက်သုံးခဲ့ပုံရတယ်လို့ ရဲက ပြောတဲ့ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာ လို့ ထုတ်ဖော်ပြောထားတဲ့ အဖွဲ့ ဘယ်အဖွဲ့မှ မရှိသေးပါဘူး။
အိန္ဒိယရထားပေါ်မှာ စစ်သားက ပစ်ခတ်
အိန္ဒိယအနောက်ပိုင်း မဟာရပ်ရှ်တြာ ပြည်နယ်အတွင်း ခုတ်မောင်းနေတဲ့ ရထား တစီးပေါ်မှာ စစ်သား တယောက်က သေနတ်နဲ့ ပစ်ခတ်လို့ လူ ၄ ယောက် သေဆုံးခဲ့ ပါတယ်။
အဲဒီစစ်သားဟာ ရထားလမ်းလုံခြုံရေးတပ်ဖွဲ့ကဖြစ်ပြီး သူက ပထမဆုံး သူ့ အထက် အရာရှိတယောက် ကို သေနတ်နဲ့ ပစ်သတ်ကာ နောက်ရထားတွဲ တခုကို ကူးသွားပြီး ခရီးသည် ၃ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဆိုပါတယ်။
နောက်ပိုင်းမှာ သေနတ်သမားက ရထားပေါ်က ခုန်ချထွက်ပြေးခဲ့ပေမယ့် ရဲတွေက သူ့ကို ဖမ်းဆီးထားနိုင်ခဲ့တယ်လို့ အနောက်ပိုင်း မီးရထားဌာန က ပြောပါတယ်။
ဒီရထားဟာ ဂျိုင်ပူကနေ ခရီးစထွက်လာခဲ့ပြီး ဒီအဖြစ်က မွန်ဘိုင်းမြို့ မြောက်ဘက် ကီလိုမီတာ ၁၀၀ လောက်အကွာမှာ ရှိတဲ့ ပယ်ဂါအရပ် လောက်မှာ ဖြစ်ခဲ့တာလို့ သိရ ပါတယ်။