ရောက်ခဲတဲ့လကမ္ဘာဘက်ခြမ်းဆီ အိန္ဒိယရောက်ပြီ - သြဂုတ် ၂၃ ရက်ညပိုင်း နိုင်ငံတကာသတင်းများ

အိန္ဒိယ အာကာသယာဉ် Chandrayaan-3 ဟာ လမျက်နှာပြင်မှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါပြီ။

အခုဆိုရင် အိန္ဒိယဟာ လကမ္ဘာမှာ ဆင်းသက်နိုင်တဲ့ စတုတ္တမြောက်နိုင်ငံ ဖြစ်ပါတယ်။

ချန်ဒရာရန်း- ၃ အာကာသယာဉ် ဟာ နောက်ဆုံးအဆင့် လုပ်ဆောင်ရမယ့် အစီအစဉ်တွေကို ဆောင်ရွက်ပြီး လမျက်နှာပြင် နဲ့ မီတာတရာ အကွာ နားရောက်တဲ့အထိ အရှိန်ကို လျော့ချကာ တဖြည်းဖြည်း ဆင်းသက်လာတာပါ။

နောက်ပိုင်းမှာတော့ ချန်ဒရာရန်း- ၃ ဟာ လမျက်နှာပြင်မှာ ရေရှာဖွေမှု ကို လုပ်ဆောင်ပြီး ဒီဆောင်ရွက်ချက်က လကမ္ဘာမှာ အခြေစိုက်ဖို့ ကိစ္စတွေကို ပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။

လကမ္ဘာရဲ့ တောင်၀င်ရိုးစွန်းဘက်နားမှာ အာကာယာဉ် ဆင်းသက်မှု ကိစ္စ အားလုံးကို အလိုအလျောက် ပြီးမြောက်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဒါဟာ ရုရှားရဲ့ အာကာသယာဉ် အခက်ကြုံရပြီး ရက်အတန်ကြာမှာ အိန္ဒိယ အာကာယာဉ် အောင်မြင်စွာ ဆင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

မီဇိုရမ်မှာ တံတားပြိုမှု အလုပ်သမား ၁၇ယောက်သေဆုံး

မြန်မာနဲ့ကပ်နေတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ် ပြည်နယ်မှာ ဆောက်လက်စ ရထားကူးတံတား ပြိုကျခဲ့လို့ အလုပ်သမား ၁၇ ယောက် သေဆုံးသွားတယ်လို့ ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

အိုင်ဇောမြို့တော်ကနေ ကီလိုမီတာ ၂ဝ အကွာ ဆိုင်းရမ်းန် အရပ်နားမှာ ဖြစ်ပွားခဲ့တာပါ။

တခြားနာမည်တခုနဲ့ တံတားပျက်ပုံ လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါ ကတော့ ဒေသခံတွေ စုပေါင်းပြီး ကယ်ဆယ်ကူညီရေးလုပ်နေတယ်လို့ ဆိုပါတယ်။

တခြားအလုပ်သမားတော်တော်များများလည်း ပျောက်ဆုံးနေသလို ၊ အခင်းဖြစ်ပွားပုံနဲ့ ပတ်သက်တဲ့သတင်းတွေ ထွက်ပေါ်နေပြီး ဒေသတွင်း သတင်းတွေမှာတော့ အလုပ်သမား ၇ ယောက်ပျောက်နေဆဲလို့ ဖော်ပြကြပါတယ်။

တိဘက်ကလေးတွေကို ဟန်တရုတ်တွေထဲ သွတ်သွင်းနေတယ်လို့ ကုလ စွပ်စွဲ

အမေရိကန်ဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တခု ချလိုက်တယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။

တိဘက် ကလေးတွေကို အတင်းအဓမ္မ သိမ်းသွင်းတဲ့ တရုတ်ရဲ့ ပေါ်လစီကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်အရာရှိတွေအပေါ် အမေရိကန်အစိုးရက ပြည်ဝင်ခွင့်တင်းကျပ်ခဲ့ပြီးတဲ့နောက် တရုတ်ကအခုလို ပြောလိုက်တာပါ။

တိဘက်မှာ ကလေးတသန်းလောက် မိသားစုနဲ့ ခွဲပြီး အစိုးရကျောင်းမှာ ကျောင်းအိပ်ကျောင်းစား သွားနေ နေရတာဟာ တိဘက်တွေကို တရုတ်ဟန်လူမျိုးထဲ သွတ်သွင်းဖို့ တရုတ်အစိုးရရဲ့ ဝါဒသိမ်းသွင်းတဲ့ အစီအမံပဲလို့ ကုလသမဂ္ဂက ပြောပါတယ်။

တရုတ်ကတော့ ကုလသမဂ္ဂ ရဲ့ ဒီအစီရင်ခံစာဟာ အခြေအမြစ် မရှိဘူးလို့ တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

အနမ်းကျောက်တုံးနားသွားမှုတွေ ကန့်သတ်ပေးပါလို့ တောင်းဆို

ဗီယက်နမ်မှာ အနမ်းကျောက်တုံးလို့ လူသိများတဲ့ Kissing Rocks ဟာ ပြိုကျမယ့် အန္တရယ် ရှိတာကြောင့် အာဏာပိုင်တွေက သတိပေးထားပါတယ်။

Halong Bay မှာ ရှိတဲ့ ကျောက်တုံးနှစ်တုံးဟာ ရေထဲက ထိုးထွက် ပေါ်နေပြီး ထိပ်ဖျားနားမှာ ထိမတတ် ဖြစ်နေတဲ့ အတွက် ကမ္ဘာလှည့် ခရီးသွားတွေ လာကြည့်တာ များပါတယ်။

ပင်လယ်ရေ မြင့်တက်မှု ၊ အနားတဝိုက် လှေတွေ အကြီးအကျယ် ဖြတ်သန်း သွားလာမှုတွေကြောင့် တိုက်စားမှု အန္တရယ်နဲ့ ကြုံနေရတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အခုတော့ အဲဒီနေရာကို ခရီးသွားတွေ လာရောက်မှု ၊ တံငါလှေတွေ ဖြတ်သန်းမှု လျှော့ချဖို့ တောင်းဆိုထားပါတယ်။

ဗုဒ္ဓစွယ်တော်လှည့်ပွဲ ဆင်တွေ ထွက်ပြေးလို့ လူတွေရေကန်ထဲခုန်ချ

သီရိလင်္ကာမှာ ဗုဒ္ဓဘာသာ ဘာသာရေးပွဲတော် တခုအတွင်း ဆင်တွေ ထွက်ပြေးလို့ ၀ရုန်းသုန်းကား ဖြစ်ခဲ့ပါတယ်။

ကန်ဒီ မြို့မှာ နှစ်စဉ်ကျင်းပတဲ့ Esala Perahera စွယ်တော်လှည့်စဉ် ဒုတိယမြောက်နေ့မှာ ဆင်ငါးကောင် လွတ်သွားခဲ့တာပါ။

အဲဒီနောက် လူတွေ ဒါဇင်နဲ့ချီ ကန်ထဲ ခုန်ချကုန်ပြီး အခင်းဖြစ်ပွားစဉ် အမျိုးသမီးတယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာ တက်လာတဲ့ ဗီဒီယိုတွေ အရ ဆင်တကောင်ဟာ သူ့အဆင်တန်ဆာတွေကို နှာမောင်းနဲ့ ဆွဲဖြုတ်ထွက်ပြေးသွားတဲ့အခါ ဆင်ထိန်းတွေက နောက်က လိုက်နေတဲ့ပုံတွေ မြင်ရပါတယ်။

တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ ခုလို ရာစုနှစ်နဲ့ချီကျင်းပခဲ့တဲ့ ပွဲတော်အတွင်း ဆင်တွေကို အသုံးပြုတာဟာ ရက်စက်လှတယ်လို့ ပြောနေကြပါတယ်။

ထိုင်း၀န်ကြီးချုပ်ဟောင်း ပြည်တော်အ၀င်မှာ ဖမ်းဆီးထောင်ချခံရပြီးနောက် ဆေးရုံတင်လိုက်ရ

၁၅နှစ်ကြာ ပြည်ပမှာနေထိုင်ရာက မနေ့က ထိုင်းကိုပြန်ရောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အရပ်ဘက် ဆေးရုံတခုမှာ တင်ထားရပါတယ်။

အဂတိမှုနဲ့ မျက်ကွယ်မှာ သူ့အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ်ရှစ်နှစ်ကို ကျခံဖို့ တရားရုံးက စီရင်ခဲ့ပြီး နာရီပိုင်းအကြာမှာ သူ့ကို ဆေးရုံတင်လိုက်ရတာပါ။

အသက် ၇၄ နှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာ သက်ဆင်ဟာ ရင်ကြပ် ၊ သွေးတိုး ၊ အောက်စီဂျင်ကျကာ ညဘက် အိပ်မပျော် စတဲ့ ကျန်းမာရေး ချို့တဲ့မှုတွေကြောင့် အနီးကပ် စောင့်ကြည့်ဖို့ လိုတဲ့အတွက် ဆေးရုံပို့လိုက်ရတာလို့ ထောင်အာဏာပိုင်တွေက ပြောပါတယ်။

အခုလို အစီအမံတွေကြောင့် မစ္စတာ သက်ဆင်ဟာ ထောင်ဒဏ် သက်သာခွင့် ရလိမ့်မယ်လို့ အများက ယူဆနေကြပါတယ်။

တချိန်တည်းမှာ ရှင်နာဝပ် မိသားစုနဲ့ နီးစပ်တဲ့ ဖုအာထိုင်းပါတီက ဆရက်ထာ ထဝီဆင်ကို နောက်တက်မယ့် ဝန်ကြီးချုပ်အဖြစ် ထိုင်းဘုရင်က တရားဝင် အသိအမှတ်ပြုပေးခဲ့ပါတယ်။