ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောက်တိုဘာ ၂၆ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်- စစ်ကောင်စီ က ရွှေစျေးကွက်ကို ဝင်ထိန်း
- ရွှေဆိုင်တွေ လိုင်စင်ပြန်လျှောက်ရမယ်
စစ်ကောင်စီ က ရွှေအရောင်းအဝယ်ကို အရေးကြီးဝန်ဆောင်မှုအနေနဲ့ သတ်မှတ်လိုက်ပြီးတဲ့နောက် ရွှေဆိုင်တွေအကုန်လုံး လုပ်ငန်းလိုင်စင်ပြန်လျှောက်ရမယ်လို့ အောက်တိုဘာ ၂၅ ရက်စွဲနဲ့ အမိန့် ထုတ်ပြန်ပါတယ်။
စံချိန်မီရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလိုင်စင် နဲ့ ရွှေ၊ ရွှေအကြမ်း၊ လက်ဝတ်ရတနာ၊ ရွှေနဲ့ပတ်သက်တဲ့အနုပညာပစ္စည်းတွေအရောင်းအဝယ်လုပ်တဲ့လုပ်ငန်းလိုင်စင်ဆိုပြီး ၂ မျိုးသတ်မှတ်ထားပါတယ်။
ရွှေကို ဓာတ်သတ္တုခေါင်းစဉ်အောက်ကနေ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဝင်ရောက်ချုပ်ကိုင်ကြပ်မတ်လိုက်တာ ဖြစ်ပါတယ်။
နေ့စဥ်ရွှေစျေးနှုန်းသတ်မှတ်ပေးဖို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုဝန်ကြီးနဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌတို့က ဦးဆောင်တဲ့ ရွှေရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီအဖွဲ့က နေ့စဥ်ထုတ်ပြန်တဲ့ ရွှေရည်ညွှန်းစျေးအတိုင်း ရွှေဆိုင်တွေက ရောင်းချရမှာဖြစ်ပြီး ရွှေစျေးနှုန်း မတည်ငြိမ်အောင် ရည်ရွယ်လုပ်ဆောင်နေတာကို ကာကွယ်တားဆီးသွားမယ်လို့လည်း ဆိုပါတယ်။
အခုလိုသတ်မှတ်လိုက်တဲ့အတွက် ရွှေရည်ညွှန်းစျေးထက်အဆမတန်ကွာဟပြီးရောင်းမယ်ဆိုရင်တော့ အရေးယူခံရမှာဖြစ်ပြီး ထောင်ဒဏ် ၃ လ ကနေ ၃ နှစ်အထိ ချနိုင်တယ်လို့လည်း ရွှေလုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရွှေနဲ့ငွေကြေးစျေးကွက်နှစ်ခုလုံးကို စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီဖွဲ့ဖို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်အပါအဝင် ရွှေအသင်းတွေနဲ့ ညှိနှိုင်းသွားမယ်လို့ လည်း စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ အောက်တိုဘာ ၂၆ ရက် ညနေပိုင်း အကယ်ဒမီ မီးလင်း ရွှေဈေးကွက် ပိတ်စျေးနှုန်းဟာ ရွှေတစ်ကျပ်သားကို ၅,၆၂၆,၉၀၀ နဲ့ စျေးပိတ်ခဲ့ပြီး အပြင်မှာ တစ်ကျပ်သားကို သိန်း ၆၀ ကျော်ပေါက်စျေးရှိနေတာလည်း ဖြစ်ပါတယ်။
မြန်မာအစားအစာတွေ တရားမဝင် ဘယ်လိုဝင်ရောက်လာလဲ အမေရိကန်စုံစမ်းမယ်
မြန်မာနိုင်ငံကနေ တရားမဝင်တင်သွင်းလာတဲ့ အရည်အသွေးမမှီတဲ့ အသားထုတ်ကုန်တွေ မစားကြဖို့ အမေရိကန်အစိုးရ အစားအသောက်ဘေးကင်းလုံခြုံရေးနဲ့ စစ်ဆေးရေးဌာန(FSIS) က အောက်တိုဘာ ၂၄ ရက်က သတိပေးချက် ထုတ်ပြန်ပါတယ်။
အမေရိကန် FSIS ဌာနက မစားကြဖို့ သတိပေးတဲ့ အထဲမှာ Best တံဆိပ် အမဲသားဟင်း၊ ကြက်သား ဒန်ပေါက်နဲ့ ဘဲသွေးဟင်း၊ ထိမိဂွိတံဆိပ် မုန့်ဟင်းခါး၊ အိမ်ချက်တံဆိပ် မုန့်ဟင်းခါးနဲ့ အုန်းနို့ အနှစ်ထုတ်၊ မင်းသားကြီးတံဆိပ် ငါးခြောက်ထုတ်တွေ ပါဝင်ပါတယ်။
အဲဒီအစားအသောက်တွေကို အမေရိကန်နိုင်ငံက ပြည်နယ်ပေါင်း ၉ ခု မှာ ရောင်းချနေတာကို စစ်ဆေး တွေ့ရှိခဲ့တယ်လို့လည်း FSIS အဖွဲ့ က ပြောပါတယ်။
အဲဒီအထဲမှာ မြန်မာအများစုနေထိုင်ကြတဲ့ အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ အိုင်အိုဝါ၊ ကန်းဆက်၊ မေရီလန်း၊ မင်နီဆိုးတား၊ နီဘရားစကား၊ အိုကလာဟိုးမားနဲ့ တက်ဆက်စ် ပြည်နယ်တွေ ပါဝင် နေတာလည်း ဖြစ်ပါတယ်။
FSIS အဖွဲ့ဟာ လက်လီရောင်းချတဲ့ စတိုးဆိုင်တစ်ဆိုင်ကို ဝင်ရောက်စစ်ဆေးချိန်မှာ အရည်အသွေး မပြည့်မီတဲ့ မြန်မာနိုင်ငံကတင်သွင်းလာတဲ့ အသားနဲ့ ကြက်သားပါတဲ့ တာရှည်ခံစည်သွပ်ဘူးတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အရေအသွေးမမီတဲ့ မြန်မာအသားထုတ်ကုန်တွေဟာ အမေရိကန် အစားအသောက် ဘေးကင်း လုံခြုံရေး ခွင့်ပြုချက်မရထားသလို ပစ္စည်းတွေ လာရာလမ်းကြောင်းကို ဆက်ပြီး စုံစမ်းစစ်ဆေး သွားမယ်လို့လဲ အမေရိကန်အစိုးရ FSIS အဖွဲ့က ပြောပါတယ်။
စင်္ကာပူမှာ ၃ ထပ်တိုက်နှုတ်ခမ်းစွန်းပေါ်က ကလေးငယ်ကို ကယ်တင်ခဲ့တဲ့ မြန်မာ “Community Lifesaver Award” ဆုရ
စင်ကာပူနိုင်ငံမှာ ၃ ထပ်တိုက်နှုတ်ခမ်းစွန်းပေါ်ရောက်နေတဲ့ ကလေးငယ်ကိုကယ်တင်ခဲ့တဲ့ မြန်မာနိုင်ငံသား ကိုစသူရအောင်နဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသား မစ္စတာဂျဟဲ တို့ နှစ်ဦးကို “Community Lifesaver Award” ဆု ပေးလိုက်တယ်လို့ စင်္ကာပူအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (SCDF) ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက မစ္စတာဂျဟဲဟာ နေ့လယ်စာသွား စားချိန် စမတ်ဝက်ရထားဘူတာရုံနားက တိုက်ခန်းတစ်ခုရဲ့ အပြင်ဘက်ကိုရောက်နေတဲ့ ကလေးငယ်တစ်ဦးကိုတွေ့ခဲ့ပြီး ကယ်တင်ဖို့ကြိုးစားနေချိန်မှာ ကိုစသူရအောင်က ဝိုင်းဝန်းကယ်တင်ပေးခဲ့တာလို့လည်း စင်္ကာပူအစိုးရဌာနတစ်ခုဖြစ်တဲ့ SCDF က ပြောပါတယ်။
“အမျိုးသားတစ်ဦး ကလေးငယ်ကို ကယ်တင်နေတဲ့ ဗီဒီယိုပျံ့နှံသွားတာ ကြည်နူးစရာကောင်းတယ်” လို့လည်း စင်္ကာပူအစိုးရဌာန SCDF ပြောပါတယ်။
မြန်မာနိုင်ငံသား ကိုစသူရအောင် ဟာ စမတ်ဝက်ရထားဘူတာရုံမှာ သူငယ်ချင်းတွေကိုစောင့်နေချိန် လူတွေအုံနေတာကို သတိထားမိလို့ သွားကြည့်ရာကနေ ကူညီကယ်ဆယ်ပေးခဲ့တာပဲဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ကလေးငယ်ကို ကယ်တင်တဲ့နေရာမှာ ရဲရင့်ပြီး မြန်မြန်ဆန်ဆန်လုပ်နိုင်လို့ အသက်ဘေးကနေလွတ်ကင်းခဲ့တယ်လို့ ဆုပေးအပ်တဲ့ SCDF အမှတ် (၃) ဌာနခွဲမှူး Mr. COL Lim Beng Hui ပြောပါတယ်။
တရုတ်မှာဖမ်းထားတဲ့ ကိုးကန့်သူဌေးတွေအခြေအနေ နှစ်နိုင်ငံထောက်လှမ်းရေးချင်းစကားပြော
တရုတ်နိုင်ငံကို လွှဲပြောင်းပေးထားတဲ့ ကိုးကန့်လုပ်ငန်းရှင်တွေရဲ့ အခြေအနေကို မြန်မာနဲ့ တရုတ်ထောက်လှမ်းရေးတွေ အွန်လိုင်းကတဆင့် ပထမဆုံးဆက်သွယ်စကားပြောခဲ့ကြတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
မြန်မာဘက်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကိုယ်တိုင် ဆက်သွယ်ပြောကြားခဲ့တယ် လို့ ဘီဘီစီက သိရပါတယ်။
တရုတ်မှာထိန်းသိမ်းထားတဲ့ ကိုးကန့်မိသားစုကြီးလေးခုဖြစ်တဲ့ ပယ် မိသားစု၊ မြီ မိသားစု၊ ဝေ မိသားစု နဲ့ လျို မိသားစုဝင်တွေရဲ့ အခြေအနေကို မြန်မာဘက်ကို ပြသခဲ့တာဖြစ်ပါတယ်။
အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အကြောင်းပြချက် နဲ့ မနှစ်က စက်တင်ဘာမှာ တရုတ်နိုင်ငံကိုရောက်နေတဲ့ ကိုးကန့်လုပ်ငန်းရှင်တွေ ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီနောက် လောက်ကိုင်က ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး မိသားစုကြီး လေးစုထဲက ဆယ်ယောက်ကို တရုတ်ဘက်က ဒီဇင်ဘာလမှာ ဝရမ်းထုတ်ခဲ့ပါတယ်။
အဲဒီ ဆယ်ဦးထဲက ၆ ဦးကို နေပြည်တော်မှာ ပြီးခဲ့တဲ့ဇန်နဝါရီ ၃၀ မှာ စစ်ကောင်စီက တရုတ်နိုင်ငံဘက်ကို အထူးလေယာဉ်နဲ့ လွှဲခဲ့ပါတယ်။
တရုတ်က ဝရမ်းထုတ်ထားတဲ့လူတွေအကုန် မမိသေးတဲ့အတွက် မြန်မာထောက်လှမ်းရေးနဲ့ ဆက်တိုက် အဆက်အသွယ်ပြုလုပ်နေတာ ဖြစ်ပါတယ်။
အမေရိကန်က မြန်မာရေဘေးအတွက် ကန်ဒေါ်လာ ၃ သန်း ထပ်ပေး
- ကူညီထောက်ပံ့ငွေ တစ်နှစ်အတွင်း ဒေါ်လာ ၁၄၁ သန်း အထိရှိလာ
အမေရိကန်အစိုးရက မြန်မာရေဘေးအတွက် ကန်ဒေါ်လာ ၃ သန်း ထပ်မံကူညီပေးမှာဖြစ်ပြီး မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီပေးခဲ့တာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ဒေါ်လာ ၁၄၁ သန်းရှိသွားပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး က အောက်တိုဘာ ၂၅ ရက်က ထုတ်ပြန်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခ၊ နေရပ်စွန့်ခွာထွက်ပြေးမှုနဲ့ ကြီးထွားလာတဲ့ စားနပ်ရိက္ခာချို့တဲ့မှုတွေကို ရင်ဆိုင်နေတဲ့ လူ့အသိုက်အဝန်းတွေကို အဓိက ကူညီထောက်ပံ့ပေးနေတာလို့လည်း အမေရိကန်သံရုံး ပြောပါတယ်။
ရေဘေးသင့်ပြည်သူတွေကိုပေးမယ့် ထပ်တိုးရန်ပုံငွေ ဒေါ်လာ ၃ သန်း မတိုင်ခင်က မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု အကူအညီတွေ ဖြေရှင်းဖို့ အမေရိကန်အစိုးရက ရန်ပုံငွေ ဒေါ်လာ ၄၇ သန်း ထောက်ပံ့ထားပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်း ရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူ ၈ သိန်း ၈ သောင်းကျော် ရှိသွားပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၂၀ ရက်စွဲ နဲ့ ထုတ်ပြန်ထားပါတယ်။
သေဆုံးသူ ၃၀၀ ကျော်ရှိနေပြီး၊ ဒဏ်ရာရသူ ၁၀၀ နီးပါးရှိနေပြီလို့ မြေပြင်သတင်း အချက်အလက်တွေ ကို ကိုးကားပြီးလည်း UNOCHA က ပြောထားတာဖြစ်ပါတယ်။
စစ်မှုထမ်းအပတ်စဥ် (၄) သင်တန်းဆင်း
စစ်မှုထမ်းအပတ်စဥ် (၄) သင်တန်းဆင်းပွဲတွေကို နေပြည်တော်အပါအဝင် တိုင်းစစ်ဌာနချုပ်တွေရဲ့ နယ်မြေခံသင်တန်းကျောင်းတွေမှာ အောက်တိုဘာ ၂၅ ရက်နေ့က ကျင်းပခဲ့တယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။
ဩဂုတ် ၅ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တဲ့ အဲဒီအပတ်စဥ်ကို စစ်နည်းဗျူဟာဘာသာရပ်၊ စစ်မြေပြင် အုပ်ချုပ်ရေးဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ ကြံ့ခိုင်ရေးဘာသာရပ်နဲ့ စစ်ရေးပြဘာသာရပ်တွေကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့တယ်လို့လည်း စစ်ကောင်စီ က ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ဖို့ အောက်ခြေမှာ အတင်းလူစုဆောင်းတာတွေရှိနေသလို၊ သင်တန်း မတက်ရဖို့အတွက် လာဘ်ပေးလာဘ်ယူကိစ္စတွေကြီးထွားနေတယ်လို့လည်း မြေပြင်သတင်း အရင်းအမြစ်တွေ က ဘီဘီစီ ကို ပြောပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လာဘ်ပေးလာဘ်ယူကိစ္စတွေအပါအဝင် စစ်မှုထမ်းသင်တန်းနဲ့ပတ်သက်ပြီး မကျေနပ်တာတွေကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ပြောထားပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းသင်တန်းတွေ လစဥ်ဖွင့်လာတာ အောက်တိုဘာလအတွင်းမှာ အပတ်စဉ် ၆ အထိရောက်လာပြီဖြစ်ပါတယ်။
စစ်ကောင်စီက စစ်မှုထမ်း သင်တန်းတက်ရောက်သူတွေကို ရှေ့တန်းမပို့ဘူးလို့ အစပိုင်းမှာ ပြောဆိုခဲ့ပေမယ့် ဒီခြောက်လအတွင်း ရှေ့တန်းပို့ခံရသူတွေရှိနေသလို ရှေ့တန်းမှာ သေဆုံးသူ၊ ထွက်ပြေးသူတွေလည်း ရှိတယ်လို့ မြေပြင်သတင်း အရင်းအမြစ်တွေ က ဘီဘီစီ ကိုပြောပါတယ်။
စစ်ကောင်စီအကြံပေးတွေရဲ့ ပါတီတွေကို တရုတ်ဖိတ်ကြား
စစ်ကောင်စီဝန်ကြီးနဲ့ အကြံပေးတွေရဲ့ ပါတီ ၃ခုကို တရုတ်ကွန်မြူနစ်ပါတီကဖိတ်ကြားခဲ့လို့ ပါတီကိုယ်စားလှယ် ၁၂ ဦး တရုတ်ရောက်နေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီး ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ၊ စစ်ကောင်စီအကြံပေး ဦးခင်မောင်ဆွေရဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ နဲ့ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် ရဲ့ ကရင်ပြည်သူ့ပါတီ တို့ တရုတ်ကို တစ်ပတ်ကြာခရီးစဉ်ရောက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ကို တရုတ်နိုင်ငံက ဖိတ်ကြားပြီးတဲ့နောက် ဒါက ဒုတိယမြောက် ဖိတ်ကြားမှုလည်းဖြစ်ပါတယ်။
တရုတ်က စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ထောက်ခံထားတဲ့အတွက် နိင်ငံရေးပါတီတွေကို အခုလို ဖိတ်ကြားမှုတွေလုပ်နေတာလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။