ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကရင်ပြည်နယ်ကို နေ့ချင်းပြန်သွားရောက်
ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကရင်ပြည်နယ် ဘားအံမြို့ကို စစ်ရဟတ်ယာဉ် နဲ့ ဇန်နဝါရီ ၂၃ ရက်မှာ နေ့ချင်းပြန် သွားရောက်ခဲ့တယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့နဲ့ သွားဆွေးနွေး ခဲ့တာလို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ဇန်နဝါရီ ပထမအပတ်ကတည်းက စစ်ကောင်စီ နဲ့ နယ်ခြားစောင့်တပ် အကြား တင်းမာမှုတွေ ရှိခဲ့တယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
‘’စစ်ကောင်စီက ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေမှာ BGF ကိုဝင်တိုက်စေချင်တယ်။ BGF ကလည်း သူတို့ရဲ့ နယ်ခြားစောင့်တပ်တာဝန်ကိုပဲ အဓိက ထမ်းဆောင်မယ်ဆိုပြီး တင်းခံနေတယ်။ တပ်ကပေးတဲ့ လစာတောင်မယူတော့ဘူးဆိုတဲ့ အထိ ဖြစ်ကြတယ်’’ လို့ စစ်ရေးအကဲခတ် တစ်ဦးကပြောပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူ နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးတဲ့ ပြန်ကြားရေးဝန်ကြီး အငြိမ်းစားဗိုလ်ချုပ် ဦးမောင်မောင်အုန်း ကိုယ်တိုင် ဒီလထဲ ဘားအံကို နှစ်ကြိမ် သွားပြီး ညှိနှိုင်းခဲ့ရတယ် လို့ နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ်ကပြောပါတယ်။
အဲဒီနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင် ဘားအံကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာ စစ်မျက်နှာပြင်ဖွင့်နေရတဲ့ စစ်ကောင်စီဟာ တပ်ရင်း ၁၁ ရင်းရှိပြီး အင်အား ၄၀၀၀ ကျော် ရှိတဲ့ နယ်ခြားစောင့်တပ် နဲ့ လက်ရှိအချိန်မှာ ပြဿနာအဖြစ်မခံနိုင်လို့ ဒုချုပ်ကိုယ်တိုင် ရောက်လာတာ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
စစ်ကောင်စီ နဲ့ နယ်ခြားစောင့်တပ်တို့အကြား အချက် ၅ ချက် ဆွေးနွေးခဲ့ပြီး ၃ ချက် သဘောတူခဲ့တယ် လို့ သိရပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
တခြား တစ်ဘက်မှာလည်း ထိုင်း-မြန်မာနယ်စပ် က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကို နှိမ်နင်းဖို့ နှစ်နိုင်ငံ စစ်ခေါင်းဆောင်တွေကြားမှာ သဘောတူညီခဲ့ကြတဲ့ ကိစ္စ နဲ့ ဆက်စပ်နေနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
‘’ကျားဖြန့်တွေကို နှိမ်နင်းမယ့်ကိစ္စကို ပြောချင်လို့ ကိုစောချစ်သူကို နေပြည်တော်ကို ခေါ်ပေမဲ့ မလာဘူး’’ လို့ နှစ်ဘက်လုံးနဲ့ အဆက်အသွယ်ရှိတဲ့ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee တို့ အွန်လိုင်းကတဆင့် ဇန်နဝါရီ ၁၃ ရက်မှာ တွေ့ဆုံပြီး
နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီးက အွန်လိုင်းလောင်းကစား နဲ့ ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
မြဝတီမြို့ အနီး ရွှေကုက္ကို မြို့သစ် စီမံကိန်းနယ်မြေထဲက လုပ်ငန်းတွေ အတွက် တာဝန်ရှိသူ ၃ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ဗြိတိန်နိုင်ငံက ချမှတ်တဲ့ အရေးယူပိတ်ဆို့မှုတွေထဲ ဗိုလ်မှူးကြီး စောချစ်သူ ပါဝင်လာပါတယ်။
ကျန်သူနှစ်ယောက်ကတော့ တရုတ်အမည် ရှီကျီကျန်း She Zhijang နဲ့ စောမင်းမင်းဦးတို့ ဖြစ်ပါတယ်။
အဲဒီ နှစ်ယောက်ဟာ ရွှေကုက္ကို မြို့သစ် စီမံကိန်းကို လုပ်ကိုင်ခွင့်ရထားတဲ့ မြန်မာရတိုက် ကုမ္ပဏီ (Myanamr Yatai International Holding) ရဲ့ အဓိက ရှယ်ရာရှင်တွေ အဖြစ် နားလည်ရပါတယ်။
ရှီရှီကျန်းကတော့ တရုတ်ပြည်ဖွား ကမ္ဘောဒီးယား နိုင်ငံသား ခံယူထားသူ ဖြစ်ပါတယ်။
ဒီပိတ်ဆို့မှုဟာ အထူးသဖြင့် အွန်လိုင်းပေါ် ငွေလိမ်ကြတဲ့ ဂိုဏ်းတွေအတွက် အလုပ်လုပ် ပေးဖို့ရာ သွေးဆောင် ဖြားယောင်းလို့ ဖြစ်စေ၊ အတင်းအကျပ် အဓမ္မပုံစံ ခိုင်းစေတာမျိုး ဖြစ်စေ ပြုလုပ်ကြတဲ့ လူကုန်ကူးမှုတွေထဲ ပါဝင်ပတ်သက်သူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုဖြစ်ပါတယ်။
Yatai International Holdings Group နဲ့ ချစ်လင်းမြိုင်ကုမ္ပဏီတို့ က Myanmar Yatai International Holding Group Co., Ltd. ကို ပေါင်းစပ်ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှာ နိုင်ငံခြားကုမ္ပဏီအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့တယ်လို့ မူဝါဒ နဲ့ သုတေသန ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar က ရေးသားဖူးပါတယ်။
ချစ်လင်းမြိုင်ကုမ္ပဏီက ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ပိုင် ကုမ္ပဏီ ဖြစ်ပါတယ်။