ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆင်တွေ ပူဆွေးဝမ်းနည်းတတ်လား
- ရေးသားသူ, ဆူနက် ပရဲယာ
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
ဝက်ဝံလို၊ ကျားလို နို့တိုက်သတ္တဝါတွေဟာ သူတို့ ရင်သွေးငယ် သားကောင်တွေရဲ့ဂုတ်ပိုးကို ခပ်ဖွဖွ ကိုက်ပြီး ဘယ်သွားသွား ချီပိုးတတ်ကြတာကို တောတွင်း ဓာတ်ပုံ ရုပ်သံတွေမှာ မြင်နိုင်ပါတယ်။
ဒါပေမဲ့ ဆင်လို သတ္တဝါမျိုးအနေနဲ့ သားငယ်ကို နှာမောင်းနဲ့ရစ်ပတ်ပြီး ဒီလိုသွားတာကို မြင်ရခဲပါတယ်။ အထူးသဖြင့် သူ့ရင်သွေး ဆင်ပေါက်လေး အသေကောင်ရဲ့နှာမောင်းရဲ့ ကိုက်ပြီး ဘယ်သွားသွား ချီပိုးသွားတဲ့မြင်ကွင်းမျိုးဆိုရင် ပိုပြီးတော့တောင် မြင်ရခဲပါတယ်။
ဒီမြင်ကွင်းကို သီရိလင်္ကာနိုင်ငံက ခူဒူလာသဘာဝ ဥယျာဉ်ထဲမှာ သဘာဝတောရိုင်း မြင်ကွင်းတွေကို ရိုက်ကူးတဲ့ဓာတ်ပုံဆရာတစ်ဦးက ဓာတ်ပုံ ရိုက်ရင်း တွေ့ခဲ့ရပါတယ်။
နှလုံးဆို့စရာ မြင်ကွင်းမှာ မိခင်ဆင်မကြီးတစ်ကောင်ဟာ အသက်မဲ့နေတဲ့ သူ့ ကလေး ဆင်ပေါက်ငယ်လေးရဲ့အလောင်းကို ရက်ပေါင်းများစွာကြာအောင် ကိုက်ချီပြီး သွားနေတာပါ။
''မိခင် ဆင်မကြီးက သူ့သားလေးကို တကယ် မပစ်နိုင်တာ။ မြင်ရတာ ရင်ထဲမကောင်းဘူးဗျာ'' လို့ ဓာတ်ပုံဆရာ ဆန်ဂျာယာ မာဒူရှန်က ပြောပါတယ်။
ဆင်မကြီးဟာ သူ့ ဝမ်းထဲ ၂ နှစ်ကြာအောင် သယ်ပိုးခဲ့ရတဲ့ဆင်ပေါက်အသေလေးကို တတ်နိုင်သမျှ ဆက်ပြီး ချီပိုးထားချင်နေတဲ့ပုံပါ။
''မိခင် ဆင်မကြီးက ကလေးအလောင်းကို ၃ ရက်တိတိ လက်မလွှတ်ခဲ့ဘူး'' လို့ ဓာတ်ပုံဆရာက ဘီဘီစီကို ပြောပါတယ်။
ဆင်ပေါက်လေး အလောင်းကို ကိုက်ပြီး သဘာဝဥယျာဉ်ထဲ ၁၀ ကီလိုမီတာလောက် သွားလာနေတဲ့ အချိန်တလျှောက်လုံးမှာ ဓာတ်ပုံဆရာက နောက်ကနေ တကောက်ကောက်လိုက်ပြီး စောင့်ကြည့်ခဲ့တာပါ။
''ဆင်ပေါက်လေးက မွေးမွေးပြီးချင်း နောက်တစ်ရက်မှာပဲ သေသွားခဲ့တာလို့ တောခေါင်းတွေက ပြောပါတယ်'' လို့ သူက ပြောပါတယ်။
မရဏသဘောကို တိရစ္ဆာန်တွေ နားလည်လား
သီရိလင်္ကာနိုင်ငံမှာ ကျင်လည်ကျက်စားတဲ့ဆင်အကောင်ရေ ၇,၀၀၀ နီးပါးရှိတယ်လို့ ၂၀၁၁ ခုနှစ်မှာကောက်ယူထားတဲ့စာရင်းအရ သိရပါတယ်။ ဒီရေအတွက်ကို ကြည့်ရင် နိုင်ငံသေးပေမဲ့ ဆင်အကောင်ရေ များများရှိတာကို မြင်နိုင်ပါတယ်။
သီရိလင်္ကာမှာကျက်စားတဲ့ဆင်မျိုးစိတ်ဟာ အာရှက ဆင်တွေထဲ အသွေးအရောင်အနက်ဆုံး၊ အကြီးဆုံးမျိုးစိတ်ဖြစ်ပါတယ်။ ခူဒူလာအမျိုးသားဘာဝဥယျာဥ်ကတော့ ဒီဆင်ကြီးတွေ လွတ်လွတ်လပ်လပ်သွားနိုင်လောက်အောင် ကျယ်ပြောလို့လည်း လူသိများပါတယ်။
''ဒီမှာ ဆင်အကောင်ရ ၃၀၀ ကျော်လောက် တစ်နေရာတည်းမှာ စုဝေးနေတာကို မြင်ဖူးတယ်။ ဆင်တွေ သူတို့ စိတ်ခံစားချက်ကို ဒီလိုပြကြတာ တခုတစ်ကြိမ် ပထဆုံးမြင်ဖူးတာ'' လို့ ဓာတ်ပုံ ဆရာက ပြောပါတယ်။
'''ဒါပေမဲ့ သူ ဘာကြောင့် ဒီလို ဖြစ်တာလဲ။ ကလေးအတွက် ဆင်မကြီးက ပူဆွေးနေတာလား။ ဒါမှမဟုတ်လည်း ဒီလိုပဲ သာမန် ကျင်လည် ကျက်စားတဲ့ပုံစံလား'' ဆိုပြီး သူ မေးခွန်းထုတ်သလို သိချင်စိတ်လည်းဖြစ်တဲ့အကြောင်း ပြောပြပါတယ်။
ဆင်ကြီးရဲ့ရုပ်သံ လူမှုကွန်ရက်ပေါ် ပျံ့သွားချိန်မှာ လူမှုကွန်ရက်အသုံးပြုသူတွေကြား သိချင်ခဲ့ကြတာလည်း ဒီမေးခွန်းတွေပဲ ဖြစ်ပါတယ်။
ဒီမေးခွန်းတွေ အတွက် ယတိပြတ်အဖြေပေးဖို့ ခက်ပေမဲ့ ကမ္ဘာ့ တခြားနေရာတွေမှာလည်း ဒီလိုမြင်ကွင်းမျိုးအရင်က မြင်ခဲ့ရဖူးတယ်လို့ ဗြိတိန်၊ ပို့စ်မောက်တက္ကသိုလ်မှာ တိရစ္ဆာန်အမူအကျင့်ဆိုင်ရာ တွဲဖက်ပါမောက္ခလုပ်နေသူ ဒေါက်တာ လီအန် ပရော့စ်က ပြောပါတယ်။
''တိရစ္ဆာန်တွေရဲ့ခေါင်းထဲ ဘာတွေဖြစ်နေလဲဆိုတာ သိနိုင်ဖို့ တကယ်ခက်ပါတယ်။ ပြီးတော့ သေခြင်းကို သူတို့ ဘယ်လိုနားလည်လဲဆိုတာလည်း အတူတူပါပဲ။ ဒါပေမဲ့ ဒီနေရာမှာ မလွဲတဲ့ အမှန်တရားကတော့ သေခြင်းကို ဘယ်သူမှ မရှောင်လွှဲနိုင်သလို ပြောင်းလဲလို့လည်း မရဘူး''လို့ သူက ဘီဘီစီကို ပြောပါတယ်။
ပါမောက္ခ အာသောက ဒန်ဂိုလာက သီရိလင်္ကာနိုင်ငံ၊ ပီရာဒဲနီယာတက္ကသိုလ်က တိမွေးကု မဟာဌာနကဖြစ်ပြီး ဆင်အကြောင်း ကျွမ်းကျင်သူဖြစ်ပါတယ်။ သူကတော့ သီရိလင်္ကာမှာ ဒီလို မြင်ကွင်းမျိုးမြင်ရတာ သူ့ဘဝမှာ ပထမဆုံးပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီမြင်ကွင်းကို သူ မအံ့သြ လှပါဘူး။
''ခံစားချက်တွေဆိုတာ ရှိကြတယ်လေ။ ဆင်တွေက ခံစားချက်တွေကို မျှဝေခံစားတတ်ကြတယ်။ အမေနဲ့ ဆင်ကလေးရဲ့နှောင်ကြိုးက အင်မတန်ခိုင်မာတယ်'' လို့ သူက ဘီဘီစီကို ပြောပါတယ်။
''နို့တိုက်သတ္တဝါတွေမှာ ဒီလိုမြင်ကွင်းမျိုးကို မကြာခဏ မြင်ရလေ့ရှိတယ်။ အထူးသဖြင့် မျောက်တွေပေါ့။ ဒါပေမဲ့ အခုတော့ ဆင်တွေမှာလည်း မြင်ရပြီ။ ဆင်ဆိုတဲ့အမျိုးက နို့တိုက်သတ္တဝါတွေထဲ ဆင့်ကဲတိုးတက်နေတဲ့အမျိုးလို့ မှတ်ယူထားကြတာ။ ဆင်တွေမှာ ဒီလို မြင်ရတော့ နည်းနည်း ထူးဆန်းတယ်'' လို့ သူက ဆိုပါတယ်။
တဖက်မှာလည်း ဆင်မကြီးဟာ အာရုံဝေဝါး ရှုပ်ထွေးနေပုံပေါ်တယ်လို့ ဒေါက်တာ ပရော့စ်က ပြောပါတယ်။
''ဒါပေမဲ့ ဆင်တွေက သူတို့ ကလေးဆင်ပေါက်လေးတွေ ရှင်နေတုန်းမှာ အခု ဆင်မကြီးက သေသွားတဲ့သူ့သားပေါက်လေးကို ဒီလို ဒရွတ်ဆွဲသွားသလိုမျိုး လုပ်လေ့မရှိဘူး။ ဒီတော့ ကျွန်တော့် အမြင်ပြောရရင် ဒီဆင်ပေါက်လေးအပေါ် မိခင်ဆင်မကြီးရဲ့စိတ်ခံစားမှုကို တုံ့ပြန်ပုံနဲ့ ဆိုင်မယ်လို့ ထင်တယ်''
မရဏ ဆိုတဲ့သေဆုံးခြင်းကို တိရစ္ဆာန်တွေ ဘယ်လိုတုံ့ပြန်ကြလဲဆိုတာကို အခုတော့ သိပ္ပံနည်းကျ လေ့လာတာတွေ လုပ်နေပါတယ်။ သိပ္ပံပညာရှင်တွေဟာ တိရစ္ဆာန်တွေနဲ့ အပြုအမူတွေကို လေ့လာကြမှာလို့ သူက ပြောပါတယ်။
''ဒီလိုမြင်ကွင်းတွေ၊ အခြေအနေတွေနဲ့ သတင်းတွေကို စုစည်းပြီး သေဆုံးတာနဲ့ပတ်သက်ပြီး တိရစ္ဆာန်တွေ ဘယ်လိုနားလည်ကြလဲဆိုတာကို နားလည်ဖို့ စနစ်တကျ လေ့လာကြမှာ'' လို့ သူက ပြောပါတယ်။
တခြားတိရစ္ဆာန်တွေမှာလည်း အလားတူ တွေ့ရ
အခုလို အမူအကျင့်တွေကို ပြသတာ ဆင်တွေချည်းပဲတော့ မဟုတ်ပါဘူး။ တခြားနို့တိုက်သတ္တဝါတွေဖြစ်တဲ့ ဝေလငါးနဲ့ လင်းပိုင်တွေမှာလည်း တွေ့ရပါတယ်။ ဝေလငါးနဲ့ လင်းပိုင်တွေဟာ သူတို့ရဲ့ကျက်စားဖက်တွေ သေသွားတဲ့အခါ သေဆုံးသွားတဲ့ကောင်တွေ ဘေးမှာ ကပ်ပြီး ကူးခတ် စောင့်ကြည့်နေတတ်ကြပါတယ်။
၂၀၁၈ ခုနှစ်တုန်းကဆိုရင် တာလေဝှါဆိုတဲ့ ဝေလငါးမကြီးဟာ သေသွားတဲ့ သူ့ရင်သွေး ဝေလ ငါးပေါက်လေးကို ပစိိဖိတ်သမုဒ္ဒရာထဲမှာ ၁၇ ရက်ကြာအောင် တွန်းထိုးနေတာကို တွေ့ခဲ့ရတာကြောင့် ကမ္ဘာတဝန်း လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။
အခုနှစ် ဆန်းပိုင်းတုန်းကလည်း အဲဒီဝေလငါးမိခင်ကြီးဟာ သူ့ သားပေါက်စ ဝေလငါးလေး သေဆုံးသွားခဲ့အပြီးမှာ ထပ်ပြီး ပူဆွေးခဲ့ရပုံပေါ်တယ်လို့ အမေရိကန်မှာရှိတဲ့ ဝေလငါး စင်တာက ပြောပါတယ်။
''မိခင် ဝေလငါးကြီးက သူ့ရင်သွေး ရေပေါ်မှာ ဆက်ပေါ်နေအောင် နှာခေါင်းနဲ့ ထိုးထိုးပြီး တွန်းနေရတော့ အစာတောင်မစားနိုင်ဘူး။ ဒါပေမဲ့ သီတင်းပတ် နှစ်ပတ် လောက် ဒီလို ဆက်တွန်းနေလို့ အလေးချိန်ကျသွားတာမျိုးတောင် ဖြစ််တယ်'' လို့ ဒေါက်တာ ပရော့စ်က ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ အိန္ဒိယမှာ ၂၀၂၄ ခုနှစ်တုန်းက မှတ်တမ်းတင်ခဲ့တဲ့ဖြစ်ရပ်တွေအရ ဆင်တွေဟာ သူတို့ရင်သွေးငယ် ဆင်ပေါက်လေးတွေသေတဲ့အခါ ဝိုင်းဝန်း မြေဖို့တာတွေ ပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။ ဒါဟာ စုပေါင်း စျာပန ကျင်းပတဲ့အပြုအမူလို့ တချို့က မှတ်ယူကြပါတယ်။
''ဒီလိုမြင်ရတွေ့ရတာတွေက ဆင်တွေကို မြေမြှုပ်တာလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒါကို ဒီလို အဓိပ္ပါယ် ဖွင့်ဆိုဖို့ ခက်ပါတယ်။ အထူးသဖြင့် တခြားမျိုးစိတ်တွေရှိနေကြသေးတယ်။ ပုရွက်ဆိတ်တွေနဲ့ ကြွက်တွေဆို သေသွားတဲ့အကောင်လေးတွေကို သူတို့ဘာသာ မြှုပ်ကြတာမျိုး ရှိတယ်တယ်'' လို့ ဒေါက်တာ ပရော့စ်က ဖြည့်စွက်ပြောပါတယ်။
သီရိလင်္ကာမှာ တောတွေ ပြုန်းတီးကုန်တာနဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကြောင့် လူသားနဲ့ ဆင်တွေကြား ပဋိပက္ခတွေဟာ အခုနှစ်ပိုင်းတွေအတွင်း ပိုတိုးလို့ ဆိုးလာပါတယ်။ တဖက်မှာလည်း ဒီလိုအခြေအနေကြောင့် နှစ်စဉ် ဆင်တွေကို သတ်ရတဲ့ပမာဏ ရာနဲ့ချီဖြစ်လာလို့ သူတို့ရင်သွေးငယ် ဆင်ပေါက်ငယ်လေးတွေ မိခင်မဲ့ကုန်ပါတယ်။
ဆင်တွေဟာ သူတို့အသိဉာဏ်တွေကို မျိုးဆက်အဆင့်ဆင့် ကမ်းတတ်တဲ့အလေ့ရှိပြီး ဆင်ငယ်လေးတွေဟာ သက်ကြီးဆင်တွေဆီကနေ သင်ယူကြလေ့ရှိပါတယ်။
''တစ်ခါတလေ ဒီလိုလုပ်ရင်း သက်ကြီးဆင်တွေကို သတ်ဖြတ်မိတာတွေ ဖြစ်တယ်။ ဒီလိုဖြစ်တဲ့အခါ ဆင်တွေဟာ လူသားတွေလိုပဲ သူတို့မှာ သင်စရာ လေ့လာစရာ အတုယူစရာ ဆင်မရှိတော့ဘူး။ ဒီလိုဆိုရင် ဆင်မိသားစုတွေထဲမှာ အားလုံး အစီအစဉ်မကျဖြစ်ကုန်တယ်'' လို့ ဒေါက်တာ ပရော့စ်က ပြောပါတယ်။