ပါကစ္စတန် ကေဘယ်လ်ကားထဲ ပိတ်မိနေတဲ့ ကျောင်းသားတချို့ကို ကယ်ထုတ်နိုင်-သြဂုတ်လ ၂၂ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ပါကစ္စတန်၊ ကေဘယ်လ်ကား ကြိုးပြတ်၊ ကယ်ဆယ်ရေး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကြိုးပြတ်ပြီး တွဲလဲကျနေတဲ့ ကေဘယ်လ်ကားထဲက ကျောင်းသားတချို့ကို ကယ်ထုတ်နိုင်

ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှာ ကြိုးပြတ်သွားတဲ့ ကေဘယ်လ်ကားတစ်စီးထဲ ကျောင်းဆရာတစ်ဦးနဲ့အတူ တစ်နေကုန် ပိတ်မိနေတဲ့ ကျောင်းသား ကလေးငယ် ၇ ဦးထဲက ၄ ဦးကို စစ်တပ် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ကယ်ထုတ်လိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

တောင်တန်း ထူထပ်တဲ့ ခေဘာ ပက်တွန်ခွာ ပြည်နယ်က မြစ်ပြင်အထက် မီတာ ရာပေါင်းများစွာ အမြင့်မှာ တွဲလဲကျနေတဲ့ အဲဒီ ကေဘယ်လ်ကားဆီ အရောက်သွားနိုင်ဖို့ ရဟတ်ယာဉ်တွေကို စစ်တပ်က စေလွှတ်ခဲ့ပါတယ်။

အမှောင်ထု ကြီးစိုးလာပေမဲ့ ကယ်ဆယ်ရေးသမားတွေက ဓာတ်မီးတွေနဲ့ တခြားမီးတွေ သုံးပြီး ကယ်ထုတ်နိုင်ရေး ဆက်လက်ကြိုးပမ်းနေကြပါတယ်။

အဲဒီကျောင်းသား ကလေးငယ်တွေ ကေဘယ်လ်ကားနဲ့ ကျောင်းကို သွားနေစဉ် ကေဘယ်လ်ကားရဲ့ ကြိုးနှစ်ကြိုး ပြတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းက တောင်တန်းထူထပ်တဲ့ ဒေသတွေမှာ နေထိုင်နေကြသူတွေဟာ ကေဘယ်လ်ကားတွေ အသုံးပြုပြီး သွားလာလေ့ရှိကြပါတယ်။

ကျောင်းသားငယ်တွေ ကယ်ဆယ်နိုင်ရေး ကြိုးပမ်းမှုတွေကို ပါကစ္စတန်ပြည်သူတွေက ရုပ်မြင်သံကြားပေါ်ကနေတဆင့် မျက်ခြည်မပြတ် စုဝေး စောင့်ကြည့်နေကြပါတယ်။

ပြည်ပကနေ ထိုင်းနိုင်ငံတွင်း ပြန်ဝင်လာတဲ့နေ့မှာပဲ ဝန်ကြီးချုပ်ဟောင်း သက်ဆင် အကျဉ်းထောင်ထဲ ဝင်ခဲ့ရ

ထိုင်း၊ သက်ဆင်၊ ညွန့်ပေါင်းအစိုးရသစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုယ့်သဘောနဲ့ကိုယ် ပြည်ပမှာ နှစ်ပေါင်း ၁၅ ကြာ နေခဲ့အပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းနိုင်ငံထဲ ပြန်ဝင်လာ

ကိုယ့်သဘောနဲ့ကိုယ် ပြည်ပမှာ ထွက်ပြေးခိုလှုံနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံထဲ ပြန်ဝင်လာတဲ့နေ့မှာပဲ ညွန့်ပေါင်းအစိုးရအဖွဲ့သစ်ကို ထိုင်းပါလီမန်က အတည်ပြုလိုက်ပါတယ်။

ဒီညွန့်ပေါင်းအစိုးရအဖွဲ့ကို သူ့ရဲ့ နိုင်ငံရေး မဟာမိတ်ပါတီတွေထဲက တစ်ခုက ဦးဆောင်မှာ ဖြစ်ပါတယ်။

သူ့မျက်ကွယ်မှာ ထောင်ဒဏ် ၈ နှစ် ချမှတ်ထားကြောင်းကို တရားရုံးချုပ်က အတည်ပြုခဲ့အပြီးမှာ မစ္စတာ သက်ဆင်ကို အကျဉ်းထောင်မှာ ထိန်းသိမ်းလိုက်ပါတယ်။

ဒါပေမဲ့လည်း မစ္စတာ သက်ဆင်အနေနဲ့ နိုင်ငံရေး သြဇာအာဏာ ပြန်လွှမ်းမိုးလာခဲ့ပြီ ဖြစ်တဲ့အတွက် ခဏလောက်ပဲ ထိန်းသိမ်းခံရမယ်လို့ ထိုင်းပြည်သူအများစုက မျှော်လင့်ထားပါတယ်။

မစ္စတာ သက်ဆင် တည်ထောင်ခဲ့တဲ့ ပါတီ ပြန်အသက်ဝင်လာအောင် အခုနောက်ဆုံး ကြိုးပမ်းမှုတွေမှာ အရင်က သူ့ကို ဖြုတ်ချခဲ့တဲ့ စစ်အာဏာသိမ်းမှုကို ထောက်ခံအားပေးခဲ့ဖူးတဲ့ ပါတီအများအပြား ပူးပေါင်း ပါဝင်လာကြပါတယ်။

သူတို့နဲ့ အတိုက်အခံ ဖြစ်နေတာကတော့ မေလရွေးကောက်ပွဲမှာ ထောက်ခံမဲ အများစုရထားတဲ့ Move Forward ပါတီ ဖြစ်ပါတယ်။

ဖူကူရှီးမား နျူကလီးယား စက်ရုံ ညစ်ညမ်းရေတွေကြောင့် ဂျပန်ထုတ် ပင်လယ်စာ တင်သွင်းမှု ဟောင်ကောင်က ပိတ်ပင်တော့မယ်

ဂျပန်၊ ဖူကူရှီးမား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, သမုဒ္ဒရာထဲ နျူကလီးယား ညစ်ညမ်းရေတွေ စွန့်ပစ်ဖို့ အစီအစဉ် ပြန်ရုတ်သိမ်းဖို့ ဂျပန်ဝန်ကြီးချုပ် အိမ်ရှေ့မှာ ဆန္ဒပြသူတွေ တောင်းဆို

ထိခိုက်ပျက်စီးသွားတဲ့ ဖူကူရှီးမား နျူကလီးယား စက်ရုံက ပြန်လည်သန့်စင်ပြီးသား ရေဒီယိုသတ္တိကြွဓာတ်သင့် ညစ်ညမ်းရေတွေကို သမုဒ္ဒရာထဲ ကြာသပတေးနေ့ကစလို့ စ စွန့်ပစ်မယ်လို့ ဂျပန်အစိုးရက ထုတ်ဖော် ပြောကြားခဲ့အပြီးမှာပဲ ဟောင်ကောင်အစိုးရက ဂျပန်ဒေသ ၈ ခုက တင်ပို့တဲ့ ပင်လယ်စာ ထုတ်ကုန်အားလုံးကို ပိတ်ပင်တော့မယ်လို့ သိရပါတယ်။

ကျန်းမာရေး အကြောင်းရင်းခံကြောင့် အခုလို လုပ်ရတာ ဖြစ်တယ်လို့ ဟောင်ကောင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဆေ ချင်ဝမ် က ပြောပါတယ်။

တန်ပေါင်း တစ်သန်းကျော် ပမာဏရှိတဲ့ ဒီရေ စွန့်ပစ်မှုက ဘေးကင်းစိတ်ချမှု ရှိကြောင်း ဂျပန်အစိုးရ အခိုင်အမာ ပြောနေပြီး IAEA နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီအဖွဲ့ကြီးကလည်း လက်ခံအတည်ပြုထားပါတယ်။

လာမယ့်နှစ်ပိုင်းအတွင်း တဖြည်းဖြည်းချင်း စွန့်ပစ်သွားမယ့် ဒီရေတွေကြောင့် ဓာတ်ရောင်ခြည်သင့်မှု အန္တရာယ်က မဆိုစလောက်သာ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒီလို အာမခံပြောထားပေမဲ့ ဂျပန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအုပ်စုတွေရဲ့ စိုးရိမ်မှုတွေကိုတော့ ပြေလျော့မသွားစေခဲ့ပါဘူး။

ဂရိနိုင်ငံတောအုပ် တောမီးလောင်မှုအတွင်း အလောင်း ၁၈ လောင်းတွေ့

ဂရိ၊ တောမီးလောင်၊ နိုင်ငံရွှေ့ပြောင်း

ဓာတ်ပုံ ရင်းမြစ်, IMITRIS ALEXOUDIS/EPA-EFE/REX/SHUTTERSTOCK

ဓာတ်ပုံ ပုံစာ, တောမီးလောင်ခဲ့တဲ့ သစ်တောတစ်ခုလုံးနီးပါး လောင်ကျွမ်း

ဂရိစ်နိုင်ငံ အရှေ့မြောက်ပိုင်း က တောမီးလောင်မှုအတွင်း သေဆုံးခဲ့ရသူ ၁၈ ဦးဟာ ရွှေ့ပြောင်းဒုက္ခသည်တွေလို့ ယူဆရကြောင်း ဂရိခ် အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလူတွေရဲ့ မီးလောင်ကျွမ်းနေတဲ့ အလောင်းတွေကို တူရကီနိုင်ငံနဲ့ ကပ်လျက် နယ်စပ်နားက ဒါဒီယာ တောအုပ်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အုပ်စုနှစ်စုနဲ့ သီးခြားစီ တွေ့ရှိခဲ့တဲ့ အဲဒီ အလောင်းတွေက ဘယ်သူဘယ်ဝါတွေလဲဆိုတာကို ခွဲခြားသိနိုင်ဖို့ ကြိုးစားနေပါတယ်။

အဲဒီဒေသမှာ ဒုက္ခသည်တွေ အဖြတ်များတဲ့ လမ်းကြောင်းတစ်ခု ရှိနေပါတယ်။

စနေနေ့ကစလို့ အဲဒီမှာ တောမီးတွေ ပျံ့နှံ့လောင်ကျွမ်းနေတာ ဖြစ်ပါတယ်။