ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာစစ်တပ်ရဲ့ ငွေရလမ်းတွေကို ပိတ်ဆို့မှုတွေ တိုးလာ
စင်ကာပူအခြေစိုက် United Overseas Bank (UOB) က မြန်မာနိုင်ငံက သူနဲ့ဆက်စပ်လုပ်ကိုင်နေတဲ့ မြန်မာဘဏ်တွေနဲ့ ဆက်သွယ်မှုကိုသောကြာနေ့ စက်တင်ဘာ ၁ ရက် က စတင်ဖြတ်တောက်လိုက်ပြီလို့ စင်ကာပူအခြေစိုက် CNA သတင်းဌာနက ရေးပါတယ်။
ဒါ့ကြောင့်ပဲ မြန်မာစစ်ကောင်စီဟာ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ထဲဝင်ရောက်နိုင်ဖို့ အခက်အခဲဆုံးအခြေအနေကို ရင်ဆိုင်နေရပါတယ်။
UOB ဘဏ်ရဲ့ လုပ်ဆောင်မှုဟာ နိုင်ငံတကာက မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုတွေရဲ့ ခြေလှမ်းကနေ မြန်မာ့ဘဏ်လုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့အရွေ့တစ်ခုလည်းဖြစ်ပါတယ်။
မြန်မာဘဏ်တွေရဲ့ အပ်ငွေ နဲ့ ငွေပေးချေမှုတွေအပါအဝင် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ အဝင်အထွက်အားလုံးကို ကန့်သတ်မှာဖြစ်ပါတယ်။
ဒါ့အပြင် Visa နဲ့ Mastercard တွေမှာ မြန်မာနိုင်ငံဘက်ကငွေပေးချေတာနဲ့ လွှဲပြောင်းတာတွေကိုလည်း ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်လာပါတယ်။
အခု နောက်ဆုံးလုပ်ဆောင်ချက်ကတော့ မြန်မာနဲ့ကြားက စင်ကာပူငွေထုတ်ချေးသူတွေရဲ့ ဝန်ဆောင်မှုတွေနဲ့ ဆက်ဆံရေးကို ထိထိရောက်ရောက် တိတိကျကျ ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။
UOB ဘက်ကတော့ သူနဲ့ အလုပ်လုပ်နေတဲ့ လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ဆက်ဆံရေးအပေါ် မှတ်ချက်ပေးဖို့ မရှိကြောင်း ငြင်းဆိုထားပါတယ်။
အဆင့်ဆင့်လုပ်ဆောင်လာတဲ့ ကမ္ဘာလုံးဆိုင်ရာပိတ်ဆို့အရေးယူမှု
အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီ အပေါ်မှာ နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေကိုအဆင့်လိုက် လုပ်ဆောင်လာနေတာကို တွေ့လာရပါတယ်။
စင်ကာပူ UOB ဘဏ်ဟာ မကြာသေးခင်ကပဲ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း MAI ရဲ့ လုပ်ငန်းသုံး ဘဏ်အကောင့် ၅ ခုကို ပိတ်သိမ်းခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး ရဲ့ စာမျက်နှာ ၅၆ မျက်နှာပါ အစီရင်ခံစာပါအချက်အရ UOB အပါအဝင် စင်ကာပူဘဏ် ၃ ခုဟာ မြန်မာနိုင်ငံရဲ့ “လက်နက်ရောင်းဝယ်မှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတယ်" ဆိုပြီးဖော်ပြခံရတဲ့နောက်မှာ UOB ဘဏ်ဘက်က MAI ကို အခုလိုပိတ်သိမ်းခဲ့တာပါ။
မြန်မာ့လေကြောင်း MAI ကို စစ်တပ်ဘက်က အရာရှိတွေ သွားလာရာမှာ အသုံးပြုခဲ့တာတွေ ရှိတယ်လို့လည်း သိရှိထားကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။
စီးပွားရေးအကဲခတ်တွေကတော့ UOB က အခုလိုပိတ်ဆို့မှုတွေလုပ်လာပြီးချိန်မှာ နိုင်ငံရပ်ခြားက မြန်မာနိုင်ငံအပေါ်ငွေကြေး ချေးငှားနေတဲ့၊ ဆက်ဆံမှုတွေရှိနေတဲ့ ဘဏ်တွေဘက်ကလည်း အလားတူ လိုက်လုပ်နိုင်မယ့် အနေအထားရှိတယ်လို့ ဆိုပါတယ်။
သြစတြေးလျ Curtin University စီးပွားရေးနှင့် ဥပဒေဌာနက နိုင်ငံတကာစီးပွားရေး တွဲဖက်ပါမောက္ခ ဒေါက်တာထွေးထွေးသိန်းကတော့ စစ်ကောင်စီဟာ စင်ကာပူဘဏ်တွေကနေ ငွေလွှဲပြီး လက်နက်တွေဝယ်ယူအသုံးပြုနေတာဖြစ်လို့ ဒီလိုပိတ်ဆို့ခံရမှုတွေက စစ်ကောင်စီအတွက်အကျပ်ရိုက်စေတယ်လို့ သုံးသပ်ပါတယ်။
“ မြန်မာကိုမြင်ရင် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေကြားမှာ အချက်ပေးခေါင်းလောင်းသံတွေ မြည်လာမယ်။ နောက်ပြီးတော့ တချို့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကလည်း လုံးဝ အဆက်ဆံဖြတ်တောက်တာမျိုး မလုပ်တောင် ပိုပြီးတင်းတင်းကျပ်ကျပ်စစ်ဆေးတာတွေလုပ်လိမ့်မယ် ” လို့ ဒေါက်တာထွေးထွေးသိန်းက ထပ်ဖြည့်ပြောပါတယ်။
“ စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေအတွက် လက်နက်နဲ့ တခြားပစ္စည်းတွေဝယ်တဲ့အခါ ပိုပြီးတင်းကျပ်တဲ့ ဘဏ္ဍာရေးစစ်ဆေးမှုတွေဖြစ်လာလိမ့်မယ်”
မြန်မာစစ်တပ်ဟာ အရပ်သားတွေ ထိခိုက်သေဆုံးစေတဲ့လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ပစ်ခတ်မှုတွေကို ဆက်လုပ်နေပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေက လုပ်ခဲ့တဲ့ အမေရိကန်ရဲ့ ဘဏ္ဍာရေးဆိုင်ရာအရေးယူပိတ်ဆို့မှုမှာ လေယာဥ်ဆီဝယ်ယူရရှိနေတဲ့ မြန်မာစစ်တပ်သာမက စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီပါဝင်ပါတယ်။ အဲဒီပိတ်ဆို့မှုဟာ စစ်တပ်လက်အောက်ရောက်နေတဲ့ နိုင်ငံပိုင်ဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့ခဲ့တာထက်ပိုစောခဲ့ပါတယ်။
နာလန်ထအောင် ပြန်ကြိုးစားနေတဲ့ မြန်မာ့စီးပွားရေး
ဒီလိုဘက်ပေါင်းစုံက အရေးယူပိတ်ဆို့မှုတွေလုပ်လာတဲ့ကြားမှာပဲ စစ်ကောင်စီက သူကိုင်တွယ်နေတဲ့မြန်မာ့စီးပွားရေးကို နာလန်ထနိုင်ဖို့ ကြိုးစားနေပါတယ်။
၂၀၁၄ ခုနှစ် နိုင်ငံခြားသုံးငွေဆိုင်ရာဥပဒေကိုကိုင်ပြီး လူထုလက်ထဲမှာ ဒေါ်လာတွေကိုင်မထားနိုင်အောင် တင်းကျပ်နေပါတယ်။
အဲဒီဥပဒေအရဆိုရင် မြန်မာနိုင်ငံသားတစ်ယောက်ဟာ အမေရိကန်ဒေါ်လာ တစ်သောင်းကို ခြောက်လထက်ပိုပြီး ကိုင်ထားခွင့်မရှိပါဘူး။
ဒါဇင်နဲ့ချီတဲ့ နိုင်ငံခြားငွေလဲလှယ်ပေးတဲ့ လုပ်ငန်းလိုင်စင်တွေကိုလည်း ပိတ်သိမ်းခဲ့ပါတယ်။
စစ်တပ်ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ဟာ မြန်မာကျပ်ငွေထဲ တန်ဖိုးအမြင့်ဆုံးအဖြစ်ကျပ် နှစ်သောင်းတန်ငွေစက္ကူတွေကိုအသစ်ရိုက်ထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီလုပ်ဆောင်ချက်က ကမ္ဘာလုံးဆိုင်ရာအရေးယူမှုတွေနဲ့ အတူ မြန်မာပြည်သူတွေကိုပဲ ထိခိုက်နစ်နာလာစေပါတယ်။
“အရင်တုန်းကတော့ မြန်မာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအားကောင်းခဲ့သလို စက်ရုံတွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ အများကြီးဖြစ်ခဲ့တယ်။ ဝန်ဆောင်မှုလုပ်ငန်းတွေလည်း အင်နဲ့အားနဲ့ဖြစ်ခဲ့တယ် ” လို့ “မြတ်” လို့ ပဲ သူ့အမည်ကို ပြောတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
“ ဒါပေမဲ့ အခုတော့ မြင်ကွင်းတွေက သိသိသာသာကွာခြားသွားပြီ။ အဆောက်အအုံတွေပိတ်ထားတယ်။ ရင်းနှီးမြုပ်နှံသူများ ထွက်ခွာသွားကြပြီ။ ကဏ္ဍတိုင်းမှာလည်းရုန်းကန်နေကြရတယ်။ ထင်ရှားတဲ့ဟိုတယ်ကြီးတွေဆိုရင် ဧည့်သည်မလာလို့ အဆင်မပြေကြဘူး။ မတည်ငြိမ်တဲ့ စီးပွားရေးလှိုင်းတွေကြားမှာစက်ရုံကြီးတွေလည်း ဒုက္ခရောက်နေကြတယ်” လို့ သူက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အွန်လိုင်းအသုံးပြုဘဏ်တွေဖွင့်ပြီး ဘဏ်လုပ်ငန်းတွေလည်ပတ်ဖို့ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက နွေဦးဖွံ့ဖြိုးရေးဘဏ်လို့ နာမည်ပေးထားတဲ့ Spring Development Bank ကိုဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းဖို့ဖွင့်လှစ်တာဆိုပြီး ပြောထားပါတယ်။
ဒါပေမဲ့ NUG ကလည်း မြန်မာစစ်တပ်ကိုဆန့်ကျင်တော်လှန်ဖို့ရန်ပုံငွေအတွက် ဒီလမ်းကြောင်းတွေကိုသုံးနေတာဖြစ်ပါတယ်။
မြန်မာ့အရေးလေ့လာစောင့်ကြည့်သူတွေကတော့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့တွက် ပိုပြီးတိကျတဲ့အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ တောင်းဆိုနေကြပါတယ်။
ဒီအထဲ အချို့ အကြံပြုချက်တွေကတော့ စစ်ကောင်စီရဲ့ ငွေပင်ငွေရင်းဖြစ်စေတဲ့ အရင်းမြစ်နေရာတွေကို ပစ်မှတ်ထားပိတ်ဆို့ဖို့ တိုက်တွန်းနေကြပါတယ်။