Ford နဲ့ GM ကိုကျော်သွားတဲ့ ဗီယက်နမ်လျှပ်စစ်ကား ကုမ္ပဏီ VinFast

    • ရေးသားသူ, မာရီကို အွိုင်း
    • ရာထူးတာဝန်, ဘီဘီစီစီးပွားရေးသတင်းထောက်

ဗီယက်နမ်က လျှပ်စစ်ကား (EV) ထုတ်လုပ်တဲ့ ဗင်းဖာ့စ် VinFast ကုမ္ပဏီရဲ့ စတော့စျေးကွက်တန်ဖိုးဟာ စျေးကွက်တင်တဲ့ ပထမဆုံးနေ့မှာပဲ ကမ္ဘာ့နာမည်ကြီး ကားကုမ္ပဏီတွေဖြစ်တဲ့ Ford နဲ့ GM ကုမ္ပဏီတွေရဲ့ အထက်ကို ရောက်သွားပါတယ်။

နယူးယောက်စတော့စျေးကွက်မှာ ဒီကုမ္ပဏီရဲ့ရှယ်ယာတစ်ခုတန်ဖိုးက ၃၇ ဒေါ်လာနဲ့ စျေးပိတ်ခဲ့ပါတယ်။ ဒါပေမဲ့ ရှယ်ယာတွေကနေ အမြတ်ကတော့ မရသေးပါဘူး။

စတော့စျေးကွက်ရဲ့ တန်ဖိုးဖြတ်မှုအရ VinFast ကုမ္ပဏီဟာ ဒေါ်လာ ၈၅ ဘီလျံ တန်ဖိုးရှိတယ်လို့ သတ်မှတ်ပါတယ်။ ဒါက Ford ကုမ္ပဏီရဲ့ တန်ဖိုး ဒေါ်လာ ၄၈ ဘီလျံ နဲ့ GM ရဲ့တန်ဖိုး ၄၆ ဘီလျံတို့ထက် ပိုများပါတယ်။

EV ကားတွေရဲ့ စျေးကွက်ကျယ်ပြန့်လာတာနဲ့အမျှ နာမည်ကြီးကားကုမ္ပဏီတွေရော ဒီစျေးကွက်ထဲ အသစ်ရောက်လာတဲ့ ကားကုမ္ပဏီတွေပါ စျေးကွက်ဝေစုရဖို့ အပြိုင်ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

စတော့စျေးကွက်တင်ပြီးနောက် Vinfast ကုမ္ပဏီတန်ဖိုးထဲက ဒေါ်လာ ၃၉ ဘီလျံက ဒီကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ တည်ထောင်သူ ဖမ်နတ်ဗွမ် (Pham Nhat Vuong) ရဲ့ ပိုင်ဆိုင်မှုဖြစ်လာပါတယ်။ သူဟာ ဒီမတိုင်ခင်ကတည်းက ဗီယက်နမ်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

သူဟာ ကုမ္ပဏီရဲ့ မူလရှယ်ယာဝင်တွေပိုင်ဆိုင်တဲ့ ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို ဗီယက်နမ်ရဲ့အကြီးဆုံးစီးပွားရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ Vingroup JSC ကတစ်ဆင့် ထိန်းချုပ်ထားပါတယ်။

ဒါက ပြင်ပကိုထုတ်ရောင်းနိုင်တဲ့ ရှယ်ယာအရေအတွက်ကို ကန့်သတ်ထားပြီး စျေးနှုန်းအတက်အကျ ကြီးကြီးမားမားဖြစ်နိုင်ပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့က ရှယ်ယာအရောင်းအဝယ်ဟာ ပုံမှန်နဲ့ယှဥ်ရင် ကြီးကြီးမားမားမရှိခဲ့ဘဲ ဒေါ်လာ ၁၈၅ သန်းဖိုးပဲ အရောင်းအဝယ် ရှိခဲ့ပါတယ်။

“အနာဂတ်ကားစျေးကွက်ဟာ လျှပ်စစ်ကားတွေ ဖြစ်ပြီး အရှေ့အာရှက စျေးနှုန်းချိုသာတဲ့နိုင်ငံတစ်ခုဟာ အမေရိကန်မှာ ယှဥ်ပြိုင်နိုင်စွမ်းရှိတဲ့သူ ဖြစ်လာမယ်ဆိုပြီး ရင်းနှီးမြှုပ်နှံသူတွေက ယုံကြည်ကြတယ်” လို့ ရှန်ဟိုင်းအခြေစိုက် Automobility ကုမ္ပဏီက အမှုဆောင်အရာရှိချုပ် ဘေလ် ရူဆိုက ပြောပါတယ်။

VinFast ဟာ ပုံမှန်ရှယ်ယာရောင်းချမှုမျိုးမလုပ်ဘဲ အမည်ခံကုမ္ပဏီတစ်ခုကို အသုံးပြုပြီး စျေးကွက်တင်ရောင်းချခဲ့ပါတယ်။ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုဟာ အခြားကုမ္ပဏီတစ်ခုဆီက ရှယ်ယာတွေ ဝယ်ဖို့ ရည်ရွယ်တဲ့အခါ တည်ထောင်တဲ့ Spac ကုမ္ပဏီတစ်ခုကို အသုံးပြုပါတယ်။ Spac ကုမ္ပဏီတွေဟာ စွန့်ဦးလုပ်ငန်းလေးတွေ ပုဂ္ဂလိကပိုင်ကနေ အများပိုင်ပြောင်းတဲ့အခါ အသုံးပြုလေ့ရှိပါတယ်။ တစ်နည်းပြောရရင် စတော့စျေးကွက်တင်ပြီးသားကုမ္ပဏီနဲ့ မတင်ရသေးတဲ့ကုမ္ပဏီက သွားပေါင်းစည်းတာမျိုးပါ။

ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာလည်း Lordstown Motors နဲ့ Faraday Future စတဲ့ EV ကုမ္ပဏီတွေဟာ Spac တွေကို အသုံးပြုပြီး စတော့စျေးကွက်တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီတွေကတော့ ပေါင်းစည်းပြီးနောက် စျေးကွက်တန်ဖိုး ၉၀ ရာခိုင်နှုန်းကျော်ထိ ကျဆင်းခဲ့ပါတယ်။

VinFast ကတော့ အဲဒီလို မဟုတ်ဘဲ သူတို့ရဲ့ ကျောထောက်နောက်ခံကုမ္ပဏီ Vingroup ရဲ့ အောင်မြင်ပြီးသားစီးပွားရေးဆီကနေ လိုအပ်တဲ့ရန်ပုံငွေတွေ ရရှိနေခဲ့တယ်လို့ မစ္စတာ ရပ်ဆိုက ပြောပါတယ်။

“စွန့်ဦး EV ကုမ္ပဏီအများစုက မအောင်မြင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အမြတ်ရနိုင်တဲ့ အရင်းအမြစ်တွေ ရှိမထားဘူး။ ဒါကြောင့် သူတို့က အမြတ်မရခင် အရင်းအနှီးကို မြန်မြန်အသုံးပြုလိုက်တော့ ပြင်ပရန်ပုံငွေက နောက်ဆုံးမှာ ကုန်သွားတယ်”လို့ မစ္စတာ ရပ်ဆိုက ပြောပါတယ်။

ဒါပေမဲ့ VinFast အနေနဲ့ စျေးကွက်ကြီးစိုးနိုင်ဖို့ဆိုရင် အဓိက လျှပ်စစ်ကားကုမ္ပဏီကြီးတွေနဲ့ ယှဥ်ပြိုင်ရမှာပါ။

လျှပ်စစ်ကားစျေးကွက်မှာ ဦးဆောင်နေတဲ့ အီလွန် မာ့စ်ခ်ရဲ့ တက်စလာ နဲ့ နာမည်ကြီး ရင်းနှီးမြှုပ်နှံသူ ဝါရန် ဘတ်ဖက် ထည့်ဝင်ထားတဲ့ BYD တို့ဟာ ကားအရောင်းမြှင့်တင်ဖို့ စျေးတွေချပြီး ရောင်းနေပါတယ်။

VinFast ဟာ ပထမနှစ်ဝက်မှာ ကားအစီးရေ ၁၁၃၀၀ ရောင်းချပြီးပြီလို့ ပြောပါတယ်။

တက်စလာကတော့ အဲဒီကာလအတွင်းမှာ ကားအစီးရေ ၈၈၉၀၀၀ ရောင်းချခဲ့ပါတယ်။

“တက်စလာက လျှပ်စစ်ကားစျေးကွက်မှာ ဆက်ဦးဆောင်ဦးမှာ သေချာတယ်။ ဒါပေမဲ့ တခြားသူတွေအများကြီးလည်း သူ့ဟာနဲ့သူ အောင်မြင်ကြမှာပဲ” လို့ Wedbush Securities ဘဏ္ဍာရေးအဖွဲ့က ဒန် အိုက်ဗ်စ်က ပြောပါတယ်။

“VinFast ကတော့ EV လုပ်ငန်းအောင်မြင်ဖို့ အခြေခံအုတ်မြစ်ကောင်းကောင်း ချထားနိုင်လိုက်ပြီ “ လို့ သူက ပြောပါတယ်။